ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် မိမိ တိုင်းပြည် ငြိမ်းချမ်းရေးသာမက လူပေါ်စ ခေတ်ကလို မဟုတ်ဘဲ တနိုင်ငံနဲ့ တနိုင်ငံ အကြောင်း အမျိုးမျိုးအရ ဆက်စပ်လျက် ရှိသော နိုင်ငံတကာ ငြိမ်းချမ်းရေး (ကမ္ဘာ့ ငြိမ်းချမ်းရေး) အတွေက်လည်း လူငယ် လူရွယ်များနှင့် ပူးတွဲကာ ဦးဆောင် ကြိုးပမ်းခဲ့သည်။
ကမ္ဘာ့ငြိမ်းချမ်းရေး၊ တတိယ ကမ္ဘာစစ် တားဆီးရေး၊ အဏုမြူ ပိတ်ပင်ရေး ကိစ္စများ အတွက် တရုတ်ပြည်၊ ရုရှားပြည်၊ ဟန်ဂေရီ၊ ဂျာမနီ၊ သီဟို၊ အိန္ဒိယ စသော နိုင်ငံတကာသို့ အကြိမ်ကြိမ် သွားရောက် ဆောင်ရွက်ခဲ့သည်။
ယင်းသို့ အသက် ၇၀ ကျော် ၈၀၊ အိုကြီးအိုမ အရွယ်ထိ လူသားတို့ ကောင်းကျိုး အတွက် မမောနိုင်၊ မပန်းနိုင် စွမ်းစွမ်း တမံ ဆောင်ရွက်သည်ကို အကြောင်းပြုပြီး ဆရာကြီးအား ၁၉၅၅ ခုနှစ်တွင် “စတာလင် ငြိမ်းချမ်းရေး ဆု” ပေးအပ်ရန် သက်ဆိုင်ရာ ကော်မတီက ရွေးချယ် သတ်မှတ်ခြင်း ခံရသည်။
ထို့ကြောင့် စတာလင်ဆု ပေးအပ်ရေး အတွက် သက်ဆိုင်ရာ ကော်မတီ ကိုယ်စား ရုရှား စာရေးဆရာကြီး တဦးဖြစ်သူ မစ္စတာ တိခနော့ ကိုယ်တိုင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။
မြန်မာနိုင်ငံ ဆိုင်ရာ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက်နှင့် မြန်မာ ဆိုဗီယက် မိတ်ဆွေဖြစ် အသင်းတို့က ထိုပုဂ္ဂိုလ်ကြီးအား သိုက်မြိုက်စာ ကြိုဆို ဧည့်ခံခြင်း ပြုကြသည်။
၁၉၅၅ ခုနှစ် မတ်လ ၂၂ ရက်၊ ၁၃၁၆ ခု တပေါင်း လပြည့်ကျော် ၁၄ ရက် သူ့မွေးနေ့တွင် ရန်ကုန်မြို့ မြူနီစီပယ် အဆောက်အဦ မြို့တော် ခန်းမ ရှေ့တွင် မဟာ မဟာဗန္ဓုလ လမ်းနှင့် ပန်းခြံကြီးကို မျက်နှာမူ၍ စင်မြင့်ကြီး ထိုးကာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းအား စတာလင် ငြိမ်းချမ်းရေး ဆု ပေးရေး အဖွဲ့ ကိုယ်စား မစ္စတာ တိခနော့ စတာလင်ဆု ရုရှားငွေ တသိန်း (၁၀၀၀၀၀) နှင့် စတာလင်၏ ဦးခေါင်းပုံ တံဆိပ်ကြီးကိုပါ ပေးအပ်ပွဲ ကျင်းပသည်။
ရာပေါင်းများစွာသော အလုပ်သမား၊ တောင်သူ လယ်သမား၊ လူငယ် ကျောင်းသား၊ မြို့သူမြို့သားများနှင့် သံဃာတော် များပါ ရောက်ရှိကြပြီး ဆရာကြီးအား ကောင်းချီးသြဘာ ပေးကြသည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် ရရှိသော ငြိမ်းချမ်းရေး ဆုငွေများမှ သူ၏ ကိုယ်ရေး ကိုယ်တာ အတွက် အနည်းငယ်သာ ချန်ထားပြီး အများစုကို ရွှေတိဂုံ စေတီ၊ ပြည် ရွှေနတ်တောင် စေတီတော် စသော သာသနာရေး ဆိုင်ရာ များနှင့် လူအိုရုံ၊ ဘာသာရေး၊ လူမှုရေး တို့အတွက် ဆောင်ရွက်နေသော အဖွဲ့အစည်းများသို့ လှူဒါန်းခဲ့သည်။
ဆုတံဆိပ် အပ်နှင်းပွဲ ပြီးသည့်အခါ မစ္စတာ တိခနော့သည် မြန်မာနိုင်ငံသို့ ရောက်ရှိသည့် အခိုက် လေ့လာ ကြည့်ရှုလိုသော နေရာ ဌာနများသို့ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် နှင့် ဆိုဗီယက် မြန်မာ မိတ်ဆွေဖြစ် အသင်းမှ ပုဂ္ဂိုလ်တို့က စီစဉ် ပို့ဆောင် ပေးသည်။
ထို့ပြင် မစ္စတာ တိခနော့ က ကြုံကြိုက်သည့် အခိုက် နိုင်ငံတော် သမ္မတကြီး (မြန်မာနိုင်ငံ၏ ဒုတိယမြောက် သမ္မတ ဒေါက်တာ ဘဦး) အိမ်သို့ သွား၍ ဧည့်သည်တော် မှတ်တမ်းတွင် အမှတ်တရ လက်မှတ် ရေးထိုးသွားလိုကြောင်း ပြောကြားသည်။
ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက်မှ ရဲဘော် မျိုးညွန့် မြန်မာ ဆိုဗီယက် မိတ်ဆွေဖြစ် အသင်း အတွင်းရေးမှူး ဦစောလွင် တို့သည် မစ္စတာ တိခနော့၏ ဆန္ဒကို ဖြည့်ရန် သမ္မတ အိမ်သို့ သွားကြသည်။
သမ္မတ အိမ်သို့ ရောက်လျှင် သမ္မတ၏ အတွင်းဝန် ဦးကြည်နှင့် တွေ့ဆုံကြပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းအား စတာလင် ငြိမ်းချမ်းရေး ဆု လာရောက် ပေးအပ်သူ ရုရှား စာရေးဆရာကြီး မစ္စတာ တိခနော့က သမ္မတကြီး၏ ဧည့်မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးလိုပါကြောင်း၊ သို့အတွက် စီစဉ်ပေးရန် မေတ္တာ ရပ်ခံပါကြောင်းဖြင့် ပြောကြားကြသည်။
သမ္မတ အတွင်းဝန် ဦးကြည်သည် ရဲဘော် မျိုးညွန့် နှင့် ဦးစောလွင် တို့အား ခေတ္တ စောင့်စားစေပြီး သမ္မတကြီးထံ ဝင်၍ အကျိုးအကြောင်း တင်ပြသည်။
နာရီဝက်ခန့် ကြာသောအခါ ပြန်ထွက်လာပြီး ရဲဘော် မျိုးညွန့် နှင့် ဦးစောလွင် တို့အား အောက်ပါ အတိုင်း ပြန်လည် ပြောကြားသည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းအား စတာလင် ငြိမ်းချမ်းရေး ဆု လာရောက် ပေးအပ်သော ရုရှား စာရေးဆရာကြီး နိုင်ငံတော် ဧည့်မှတ်တမ်းတွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးမည်ကို ဝမ်းမြောက်စွာ ခွင့်ပြုပါကြောင်းဖြင့် နိုင်ငံတော် သမ္မတကြီး က မိန့်ကြားပါသည်။
စာရေးဆရာကြီး လာရောက်မည့် နေ့ရက် အချိန်တွင် မိမိတို့က အစီအစဉ်များ ပြုလုပ်ပေးပါမည်ဟု ပြောကာ လက်မှတ် ရေးထိုးရမည့် နေရာကိုပါ ပြသသည်။
ထို့နောက်က ဦးကြည်က ဆက်လက်၍ နိုင်ငံတော် သမ္မတကြီးက အထူး မှာကြားလိုက်ပါသေးသည် ဆိုကာ အောက်ပါ အတိုင်း ဆက်လက် ပြောကြား ပြန်သည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် မိမိ၏ သားသမီးများကို မြန်မာစာ သင်ကြားပေးဖူးကြောင်း၊ သင်ကြား ပေးရာ တွင်လည်း စေတနာ မေတ္တာဖြင့် သင်ကြားပေးသည့် အတွက် အထူး ကျေးဇူး ကြီးလှကြောင်း၊ မိမိသည် ဆရာကြီးထံ လာရောက်လိုသော်လည်း အစိုးရ အဖွဲ့၏ အစီအစဉ်ဖြင့် နေထိုင်ရသဖြင့် မိမိ သွားလိုရာ ပြောလိုရာ သူတို့ သဘောတူမှ သွားနိုင် ပြောနိုင်ကြောင်း၊ သူတို့ သဘောမတူလျှင် မည်သည့် နေရာမှ မသွားနိုင်၊ မည်သည့် စကားမှ မပြောနိုင်သည့် အခြေတွင် ရှိနေသဖြင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းထံ မလာရခြင်း ဖြစ်သည်ကို လာရောက်သူတို့မှ တဆင့် ပြောပြရန် သမ္မတကြီးက မိန့်ကြားပါသည် စသည်တို့ ဖြစ်သည်။
ရဲဘော် မျိုးညွန့်နှင့် ဦးစောလွင် တို့သည် သမ္မတ အိမ်မှ ပြန်ခဲ့ပြီး စမ်းချောင်းရပ်၊ ချမ်းသာလမ်း အမှတ် ၅ ရှိ ဆရာကြီး သခင်ကိုယ်တော်မှိုင်းအိမ် လာကြသည်။
ရောက်လျှင် ရုရှား စာရေးဆရာကြီးအား သမ္မတအိမ် ဧည့်မှတ်တမ်းတွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးရန် ကိစ္စကို ပြန်လည် အစီရင်ခံကြပြီး သမ္မတကြီးက ဆရာအား မှာကြားလိုက်ပုံကို ဆက်လက် ပြောပြကြသည်။
ထိုအခါ ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် ရုတ်တရက်ပင် –
“နိုင်ငံတော် သမ္မတကြီး ဆိုသူကလည်း လှောင်အိမ်ထဲက သာလိကာ ငှက်နှင့် တူနေပါကလား၊ အိမ်တအိမ်မှာ မွေးထားတဲ့ သာလိကာ ငှက်ဟာလည်း လှောင်အိမ်ထဲ အလှောင်ခံနေရပြီး အိမ်ရှင်က ကျွေးသမျှစား၊ အိမ်ရှင်က သင်ပေးတဲ့ စကား ကိုပဲ ပြောနေရတယ် မဟုတ်လား”ဟု ပြောကာ ပါးစောင်ထဲတွင် ကွမ်းငုံထားရင်း ပြုံးပြုံးကြီး လုပ်နေသဖြင့် ရဲဘော် မျိုးညွန့် နှင့် ဦးစောလွင် တို့သည်လည်း ပြုံးရုံသာမက အသံထွက်အောင် တခစ်ခစ် ရယ်မောကြရသော ဟူ၏။
နောက်တနေ့တွင် ရဲဘော်မျိုးညွန့် နှင့် ဦးစောလွင် တို့သည် ရုရှား စာရေဆရာကြီးအား သမ္မတအိမ်သို့ ခေါ်ဆောင် သွားကြရာ သမ္မတ အတွင်းဝန်က အမှုထမ်းများနှင့် အတူ ဧည့်သည်မှတ်တမ်းတွင် လက်မှတ်ရေးထိုးရေး အစီအစဉ်ကို ဂရုတစိုက် လေးလေးစားစား စီစဉ်ဆောင်ရွက် ပေးကြသည်။ ။
(သခင်ဘမောင် ရေးသားသည့် ဤဆောင်းပါးကို နှစ်ကာလများ စာပေက ၂၀၁၂ ခုနှစ် ဇွန်လတွင် ထုတ်ဝေသော “ဆရာကြီး သခင်ကိုယ်တော်မှိုင်း တင်စား ပြောကြားခဲ့သည့် ပုံပြင်များ တတိယ အကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)