ဟင်္သာတမြို့ဟာ ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတခရိုင် နဲ့ ဟင်္သာတ မြို့နယ်ရဲ့ ရုံးစိုက်ရာမြို့ ဖြစ်ပါတယ်။
ဧရာဝတီမြစ် အနောက်ဘက် ကမ်းပေါ်မှာ တည်ရှိပါတယ်။
ဟင်္သာတမြို့ဟာ အောက်မြန်မာနိုင်ငံမှာ အရေးပါတဲ့ ဧရာဝတီ မြစ်ဆိပ်မြို့လည်း ဖြစ်ပါတယ်။ အရောင်းအဝယ် စည်းကားဖွံ့ဖြိုးတဲ့ မြို့ကြီး တမြို့ဖြစ်ပြီး စီးပွားကုန်သွယ်မှု ဖြစ်ထွန်းပါတယ်။
မြို့ရဲ့ ကျောထောက် နောက်ခံ ဒေသများမှ ကုန်ပစ္စည်း အထွက်ကောင်းခြင်း၊ သယ်ယူပို့ဆောင်ရေး နဲ့ ကူးသန်း သွားလာရေး အတွက် ရေလမ်း ကုန်းလမ်း နှစ်မျိုးလုံး အဆင်ပြေခြင်း တို့ကြောင့် ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အရ ဟင်္သာတမြို့ပေါ် လူဦးရေမှာ ၈၃၇၆၂ ဦး ဖြစ်ကြောင်း သိရပါတယ်။
၁၉၇၂ ခုနှစ် ခန့်မှန်း သန်ကောင်စာရင်း အရကတော့ မြို့နယ် လူဦးရေဟာ ၃၂၈ဝဝဝ ဖြစ်တယ်လို့ ဆိုထားပါတယ်။
၁၉၆၃ ခုနှစ်ခန့်မှန်း သန်ကောင်စာရင်း အရမူ ဟင်္သာတ မြို့ပေါ်ရှိ လူဦးရေဟာ ၆၇၈၆၄ ဦးဖြစ်တယ်လို့ ဆိုပါတယ်။
ဗုဒ္ဓ အယူဝါဒီ မြန်မာလူမျိုးတို့ အများဆုံး ရှိပြီး ဒုတိယ အများစုကတော့ ကရင် လူမျိုးများ ဖြစ်ကြောင်းလည်း သိရပါတယ်။
မြို့တည်တာက ၁၆ ရာစု နှစ်အတွင်း တည်ခဲ့တယ်လို့ ဆိုပေမယ့် အထောက်အထား မရရှိဘူး လို့လည်း သိရပါတယ်။ တချို့ကတော့ ၁၃ ရာစုနှစ် အလယ်ပိုင်း လို့ ဆိုတာလည်း ရှိပါတယ်။
ဟင်္သာတ အမည် ခေါ်တွင်ခြင်းနဲ့ ပတ်သက်လို့လည်း အကြောင်းပြချက် သုံးမျိုးရှိတာ တွေ့ရပါတယ်။
ပထမ အချက်က အချို့ ရှေးသူဟောင်းတို့ အဆိုအရ ရှေးအခါက ဟင်္သာတမြို့ တည်ရာ အရပ်ဟာ ဟင်္သာငှက်များ ကျက်စားရာ ညွှန်ပျောင်း ထူတဲ့ မြေနိမ့်ဒေသ တခု ဖြစ်တယ်။
အလောင်းစည်သူမင်း ဖောင်စကြာဖြင့် တိုင်းခမ်း လှည့်လည်လာရာ ဟင်္သာတမြို့ နေရာသို့ ရောက်တော့ ဖောင်တော်ကို ရပ်နားပြီး စခန်းချတယ်။
အဲဒီအချိန် မျက်နှာချင်းဆိုင်ရှိ သဲသောင် တခုပေါ်မှာ ကျက်စားနေတဲ့ ဟင်္သာမောင်နှံက ဟင်္သာဖို ရုတ်တရက် သေဆုံး သွားရာ ဟင်္သာမက ဟင်္သာဖိုကို လွမ်းဆွတ် တမ်းတနေတာကို အလောင်းစည်သူမင်း မြင်တဲ့အခါ ဒီအရပ်ကို ဟင်္သာတ တွင်စေခဲ့တယ်လို့ ဆိုပါတယ်။

ဒုတိယ အချက်မှာ တရုတ်ပြေးမင်း နရသီဟပတေ့က တရုတ်တို့ ရန်ကြောင့် ဧရာဝတီမြစ်ကို စုန်ဆင်းလာရာ၊ ဟင်္သာတ မြို့ တည်ရာ အရပ်ကို ရောက်တဲ့အခါ ခေတ္တ စခန်းချနေခိုက် ပွဲတော်တည်ဖို့ ဟင်းမယ် ၃ဝဝ မပြည့်လို့ ဟင်းလျာတ ခြင်းကို အစွဲပြုပြီး ဟင်းလျာတ ဆိုရာမှ ဟင်္သာတ လို့ ရွေ့လျောလာကြောင်း သိရပါတယ်။
တတိယ အချက်ကတော့ မွန်တို့ခေတ်က ဟင်္သာတမြို့နေရာမှာ ဓနုန်းပင် များစွာ ပေါက်ရောက်ရာ မွန်ဘာသာ စကား နဲ့ ဓနုန်းပင်ကို ဟမ်းဇဒါး ဆိုပြီး ခေါ်ကြရာ၊ မြန်မာ အသံနဲ့ ဟမ်းသဒါး လို့ လိုက်ခေါ်ကြရာကနေ ဟင်္သာတ တွင်လာတယ်လို့ ဆိုကြပါတယ်။
ရာဇဝင်သမိုင်းများမှာတော့ ဟင်္သာ အမည်ကို အလောင်းဘုရား လက်ထက်ကမှ စတင် တွေ့ရှိရကြောင်း သိရပါတယ်။
ဟင်္သာတ ဒေသ တဝိုက်ဟာ ရှေးမြန်မာမင်းများ လက်ထက်က ဟံသာဝတီ ပဲခူး ရဲ့ လက်အောက်ခံ ဖြစ်ပြီး မွန် လူမျိုးများ နေထိုင်ရာ ဒေသဖြစ်ခဲ့ပေမယ့်လည်း အခုအခါမှာ မွန်အဆက်အနွယ် ပပျောက်သလောက် ရှိနေခဲ့ပါတယ်။
ဟံသာဝတီကို ခရစ် ၁၇၅၅ ခုနှစ်မှာ အလောင်းမင်းတရား သိမ်းပိုက်တဲ့ အခါ ဟင်္သာတနယ်လည်း မြန်မာမင်းတို့ လက်အောက်ခံ ဖြစ်လာတယ်လို့ ဆိုပါတယ်။
ဗြိတိသျှ အစိုးရတို့ အုပ်ချုပ်စ အခါက သာယာဝတီ မင်းသား အပိုင်စားခဲ့တဲ့ နယ်မြေတို့ကို သာရဝေါမှာ အရေးပိုင် (ခရိုင် ဝန်) ရုံးစိုက်မြို့ ထားပြီး အုပ်ချုပ်ခဲ့တယ်။
ဟင်္သာတမြို့ဟာ ဗြိတိသျှ အစိုးရ လက်ထက် မြူနီစီပယ် အဖွဲ့ အစောဆုံး တည်ထောင်ခဲ့တဲ့ မြို့ကြီး ၇ မြို့မှာ ပါဝင်ကြောင်း၊ တည်ထောင်တဲ့ ခုနှစ်မှာ ခရစ်နှစ် ၁၈၇၄ ခုနှစ် ဖြစ်ကြောင်း သိရပါတယ်။
သင်္သာတဟာ အရင် ဟင်္သာတ ခရိုင်ရဲ့ တောင်ဘက်ပိုင်းမှာ တန်းလျက် တည်ရှိတဲ့ မြို့နယ် ၃ နယ် အနက်၊ အလယ်မြို့နယ် ဖြစ်ပါတယ်။
မြို့နယ်တခုလုံး ရဲ့ မြေမျက်နှာပြင်ဟာ နုံးတင်မြေနု လွင်ပြင်ကြီး ဖြစ်ပြီး အကျယ်အဝန်းဟာ ၃၆၃ စတုရန်းမိုင် ဖြစ်ကာ သူကြီးတပိုင် နယ်ပေါင်း ၁၁၉ ခု ရှိတယ်လို့ ဆိုပါတယ်။
၁၉၇၂ ခုနှစ် ဩဂုတ်လ အုပ်ချုပ်ရေး စနစ်သစ် ဖော်ထုတ်ရေး အစီအစဉ်အရ ခရိုင်အဆင့် ဖျက်သိမ်းလိုက်တဲ့အခါ ဟင်္သာတဟာ မြို့နယ်အဆင့်ကို ရောက်ခဲ့ပါတယ်။
ဟင်္သာတဟာ မြို့ခင်းမြို့ကွက် အနေအထား ကောင်းပေမယ့်လည်း၊ ဧရာဝတီ မြစ်ကမ်းပါးအောက် နိမ့်နေလို့ မိုးရာသီ အခါ ရေဆင်း မကောင်းတဲ့ အတွက် မြို့ထဲမှာ ရေအိုင် ရေဝပ်ခြင်းများ ရှိတတ်ပါတယ်။

ဧရာဝတီမြစ်ရေ လျှံတဲ့ဘေးက ကင်းလွတ်နိုင်ဖို့ မြစ်ဆိပ် ကမ်းပါးတလျှောက် ရေကာတာ ဖို့ထားရပါတယ်။
ဟင်္သာတမြို့ဟာ ရှေးခေတ်ဟောင်း မြို့ကြီး တမြို့ မဟုတ်လို့ မြို့ပေါ်မှာ ရှေးဟောင်း အဆောက်အအုံကြီးများ သိပ်မရှိလှပါ။ ကုန်းဘောင်ခေတ် နောက်ပိုင်းမှသာ မြို့ဝန်တဦး အုပ်ချုပ်တဲ့ မြို့တမြို့ ဖြစ်လာပါတယ်။
ဒါပေမယ့် စီးပွားရေး ပြေလည်သူ များလို့ ခမ်းနာလှပတဲ့ စေတီပုထိုး ဘုရားကျောင်းကန်များတော့ ရှိပါတယ်။
အရင်က မြစ်ကမ်းပါးနဲ့ ဝေးပေမယ့် ကမ်းအပြိုကြမ်းလို့ အခုအခါ မြစ်ကမ်းနဖူးမှာ တဲတဲ ကလေးမျှ ကျန်နေတဲ့ ရွှေပြောင်ပြောင်ဘုရား နဲ့ ဦးပါရဲ ဘုရားတို့ကို ကမ်းပြိုရာ မပါအောင် အထူးကြပ်မတ် စောင့်ရှောက်ကြပါတယ်။
စေတီနှစ်ဆူထဲက ဦးပါရဲ ဘုရားဟာ ဟင်္သာတမြို့ရဲ့ မြို့သူကြီး ဦးပါရဲက ခရစ်နှစ် ၁၈ဝ၄ ခုနှစ်မှာ တည်ထားပြီး ရွှေ ပြောင်ပြောင်ဘုရားမှာမူ ဘုရင်မင်းမြတ်ရဲ့ ဥယျာဉ်တော်အုပ် ဦးပါလူက၊ ၁၈၁၇ ခုနှစ်မှာ တည်ထားကာ ၁၈၄၆ ခုနှစ်မှာ မြို့သူကြီးတဦး ဖြစ်တဲ့ ဦးမြတ်သာနော်က ထပ်မံ မွမ်းမံပြုပြင်ခဲ့တယ်လို့ ဆိုပါတယ်။
လမ်းကြီး လမ်းကောင်းများ နေအိမ်တိုက်တာ အဆောက်အအုံ ကောင်းကြီးများ၊ အုပ်ချုပ်ရေးမှူးရုံး၊ ပြည်သူ့ ဘဏ်ခွဲ၊ သစ်တော ရုံး၊ ကုန်သွယ်ရေးရုံး၊ ဘူတာရုံ၊ ရဲစခန်း၊ ရဲတပ်ဖွဲ့ရုံး၊ စာတိုက်ကြေးနန်းရုံး၊ ကြိုးမဲ့ကြေးနန်းရုံး၊ ဆေးရုံ၊ အကျဉ်းထောင် စတာတွေလည်း ရှိပါတယ်။
ဟင်္သာတမြို့ မြစ်ကမ်းပါးဟာ ၁၉၅ဝ ပြည့်နှစ်ခန့်က စပြီး ကမ်းအပြို ကြမ်းလာရာ ကမ်းနားနဲ့ နီးတဲ့ အိုးအိမ် အဆောက် အအုံများစွာတို့ဟာ ကမ်းပြိုရာထဲ ပါသွားကြကြောင်း သိရပါတယ်။
ရှေးခေတ်က ဟင်္သာတ ဈေးကြီး အလွန်ကြီးကျယ်ပြီး မြန်မာပန်းပုကျော်များရဲ့ ပန်းတမော့၊ ပန်းတော့ လက်ရာများနဲ့ လှပ ခမ်းနားကာ မြို့ကျက်သရောဆောင် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ဈေးကြီးဟာ မြစ်ကမ်းပါးအနီး တည်ရှိခဲ့ရာ ကမ်းပြိုရာကို လုံးလုံးလျားလျား ပါသွားခဲ့ရာ ဈေးကြီး တည်ခဲ့တဲ့ နေရာဟာ အခု မြစ်လယ်ခန့်မှာ ရှိမယ်လို့ ခန့်မှန်းကြပါတယ်။
ရွှေ့ပြောင်းလို့ရတဲ့ အဆောက်အအုံ၊ စေတီဘုရား ကျောင်းကန်တို့ကို ကုန်းပိုင်းဆီတဖြည်းဖြည်း ပြောင်းရွှေ့ရကြောင်း၊ မရွှေ့ပြောင်းနိုင်လို့ ကမ်းပြိုရာ ပါသွားတဲ့ မြို့ရဲ့ အဆောက်အအုံတွေဟာ သုံးပုံနှစ်ပုံခန့် ရှိကြောင်းလည်း သိရပါတယ်။
အရင်က မြို့အလယ်လို့ ခေါ်တဲ့ နေရာမှာ မိုင်ဒါ ကွင်းကျယ်ကြီး ရှိပါတယ်။ အဲဒီ ကွင်းကြီး အတွင်း နှစ်စဉ် ဒါဘာ ပွဲ၊ ပြေးပွဲ၊ ပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပလေ့ရှိတယ်လို့ ဆိုပါတယ်။
ကွင်းကြီးရဲ့ တဖက်မှာ ဘောလုံးကွင်း ပြုလုပ်ထားပါတယ်။ ဟင်္သာတ ဈေးကြီး ကမ်းပြိုရာ ပါသွားတဲ့အခါ ဈေးကြီး အစား တည်ဆောက်ဖို့ အတွက် ဘဏ္ဍာငွေ နည်းပါးမှု၊ သင့်လျော် ကျယ်ဝန်းတဲ့ မြေကွက်ရရှိမှု စတဲ့ ကိစ္စ အဝဝတို့ အဆင်မပြေနိုင်လို့ မိုင်ဒါကွင်းကြီးထဲမှာပဲ သွပ်မိုးပျဉ်ကာ ဈေးဆိုင်များ တည်ဆောက်ကာ ဈေးအဖြစ် အမြန် ဆောင်ရွက် ပေးခဲ့ရကြောင်း သိရပါတယ်။
ဒါကြောင့် မိုင်ဒါကွင်းကြီး ပျောက်ကွယ်ခဲ့ရပါတယ်။ အခုဈေးက ကမ်းခြေနဲ့ အတန်ဝေးပြီး မြို့အလယ်မှာ တည်ရှိလို့ အရင်ကမြို့နဲ့ အလှမ်းကွာကွာမှာ ရှိခဲ့တဲ့ ဆေးရုံ၊ သစ်တောရုံး၊ ရဲစခန်း၊ အကျဉ်းထောင်၊ အစိုးရရုံးများနဲ့ မဝေးလှတော့ ဘူးလို့ ဆိုပါတယ်။

ဟင်္သာတမြို့ရဲ့ အခြား အန္တရာယ်တခုကတော့ မီးဘေးဖြစ်ပါတယ်။ နွေရာသီမှာ ဟင်္သာတ မြို့ပေါ်က ရေရှားပါး ပါတယ်။
မြစ်ဆိပ်ကမ်းများမှာ မိုးကုန်ရင် သောင်တွေ ထွန်းလာလို့ မြစ်ရေရဖို့ အခက်အခဲ၊ ရေတွင်းများ နည်းမှုကြောင့် ရေအခက်အခဲ ပြဿနာ ရှိပြီး နှစ်စဉ် မီးလောင်မှုများ ဖြစ်ပေါ်တတ်ပါတယ်။
မီးဘေးဒဏ် ခံရသူများ၊ ကမ်းပြိုလို့ အိုးအိမ် မဲ့သူများ နဲ့ နယ်မြေအခြေအနေ မလုံခြုံလို့ တောရွာတွေက ပြောင်းရွှေ့ လာသူများ အတွက် မြို့ရဲ့ အရှေ့ဘက် ဘူတာရုံ အနီးတဝိုက်၊ အရင်က အကျဉ်းထောင်ပိုင် လယ်မြေများကို အကွက် သစ်များ ရိုက်ကာ နေရာချထား ပေးရတယ်လို့ ဆိုပါတယ်။
ဘူတာရုံ အရှေ့ ကွင်း၊ မြို့ မြောက်ဘက်ပိုင်း စတာတွေမှာလည်း ကွက်သစ်များ ထူထောင် ပေးရပါတယ်။
သယ်ယူ ပို့ဆောင်ရေး အနေနဲ့က ဟင်္သာတမြို့ဟာ ရန်ကုန်မြို့ နဲ့ ရထားလမ်း မိုင် ၁၁ဝ ကွာဝေးကာ ရေလမ်း ၁၄၉ မိုင် ဝေးကြောင်း သိရပါတယ်။ မြို့နယ်အတွင်းနဲ့ ပြင်ပကို ရထားလမ်း၊ ကားလမ်း နဲ့ ရေလမ်းခရီး တို့နဲ့ ဆက်သွယ် နိုင်ပါတယ်။
မန္တလေးနှင့်ရန်ကုန် အစုန်အဆန် သွားလာသော မန္တလေးသင်္ဘောကြီးများ ဆိုက်ကပ် ရာ ဖြစ်၍ အထက်နှင့်အောက် ကုန်ပစ္စည်းများ စုံစုံလင်လင် ရနိုင်လေသည်။
စီးပွားရေး ကဏ္ဍမှာတော့ မြို့သူမြို့သားများဟာ အစိုးရ အမှုထမ်းများ အပြင် ကုန်သည်ပွဲစားများ ဖြစ်လို့ အထက်အောက် ကုန်စည်ပစ္စည်း မျိုးစုံကို ရောင်းဝယ်ဖောက်ကား လုပ်ကိုင်ကြကြောင်း သိရပါတယ်။
ဗြိတိသျှက မြန်မာတနိုင်ငံလုံးကို မသိမ်းပိုက်ခင်၊ ၁၈ ရာစုနှစ် အတွင်းက ဗြိတိသျှ ကိုယ်စားလှယ်တော် တဦးဖြစ်တဲ့ ကာနယ်ဆိုင်းဟာ ရန်ကုန်ကနေ အင်းဝကို ဆန်တက်ရာမှာ ဟင်္သာတမြို့ကိုလည်း ဖြတ်သန်းသွားတယ်လို့ ဆိုပါတယ်။
ကာနယ်ဆိုင်းဟာ အဲဒီခေတ် ဟင်္သာတမြို့ စီးပွားရေးအခြေအနေ တိုးတက် ကောင်းမွန်လျက်ရှိကာ မြို့သူမြို့သား တို့ဟာလည်း ပြုမူနေထိုင် ဝတ်ပုံစားပုံမှအစ ယဉ်ကျေးသိမ်မွေ့ကြကြောင်း မှတ်တမ်း ပြုခဲ့ပါတယ်။
အခြားလုပ်ငန်းများကတော့ အိမ်ထောင် ပရိဘောဂ လုပ်ငန်း၊ သင်ဖြူးသင်ဖျာ လုပ်ငန်း စတာတွေ ဖြစ်ပြီး ချည်ထည် ရက်လုပ်တဲ့ စက်ရက်ကန်းရုံများလည်း ရှိကာ မြို့အနီးတဝိုက်မှာ ဆီစက်များ၊ အုန်းဆီစက်များလည်း ရှိပါတယ်။
ဝင်ငွေကောင်းတဲ့ လုပ်ငန်း အမျိုးမျိုးကို လုပ်ကိုင်နိုင်ကြ လို့လည်း ဟင်္သာတမြို့နယ်မှာ လူဦးရေ ထူထပ်ကြောင်း သိရပါတယ်။
စိုက်ပျိုးရေး ဘက်မှာတော့ မြေဩဇာ ကောင်းမွန်တဲ့ မြို့နယ်ဖြစ်လို့ ဆန်စပါးကို အများဆုံး စိုက်ပျိုးကြပါတယ်။ တချို့ ဒေသတွေမှာ တနှစ်ကို နှစ်သီး စိုက်ပျိုးဖို့ ကြိုးစားကြတာလည်း ရှိပါတယ်။

ဧရာဝတီမြစ် အတွင်းရှိ မြေနုကျွန်းများ နဲ့ ရေကာတာရိုး အပြင်ဘက် သောင်ပြင်များမှာ ပဲအမျိုးမျိုး၊ ပြောင်း၊ ဆေး၊ ငရုတ် စတာတွေကို စိုက်ပျိုးတဲ့ ကိုင်းခင်းများကို အများအပြား လုပ်ကိုင်ကြပါတယ်။
ဟင်္သာတဟာ အောက်မြန်မာနိုင်ငံမှာ အရောင်းအဝယ် စည်းကားဖွံ့ဖြိုးတဲ့ မြို့ကြီးတမြို့ ဖြစ်တဲ့အပြင် အရေးပါတဲ့ ဧရာဝတီ မြစ်ဆိပ်မြို့လည်း ဖြစ်ပါတယ်။
စီးပွား ကုန်သွယ်မှု စည်ကား ဖွံ့ဖြိုးခြင်းမှာ မြို့ကျောထောက်နောက်ခံ ဒေသတွေက ကုန်ပစ္စည်း အထွက် ကောင်းခြင်း၊ သယ်ယူ ပို့ဆောင်ရေး နဲ့ ကူးသန်းသွားလာရေး အတွက် ရေလမ်း ကုန်းလမ်း နှစ်မျိုးလုံး ဘက်မှာ အဆင်ပြေခြင်း တို့ကြောင့် ဖြစ်ကြောင်းလည်း သိရပါတယ်။
ထင်ရှားတဲ့ ဘုရားပုထိုး စေတီများကတော့ ဦးပါရဲ စေတီတော်၊ မြို့သူကြီး စေတီတော်၊ တိလောကဥသျှောင် ရှင်သာလျောင်း ရုပ်ပွားတော်မြတ်ကြီးတို့ ဖြစ်ပါတယ်။
အလောင်းမင်းတရားကြီးရဲ့ ပထမဆုံး မြန်အောင်မြို့ သူကြီး ဦးမူ ခရစ်နှစ် ၁၈၁၅ ခုနှစ်က တည်ခဲ့တဲ့ ငါးမျက်နှာ ဘုရားဟာ မူလ နေရာ ဟောင်းက ကမ်းပြိုရာကို ပါမှာ စိုးရိမ်လို့ မိုင်ဒါကွင်း အနီး ပြောင်းရွှေ့ခဲ့ရကြောင်း၊ ခရစ်နှစ် ၁၈၁၂ ခုနှစ်မှာ ပုဂံမင်း မိဖုရားရဲ့ မယ်တော်တည်ခဲ့တယ် ဆိုတဲ့ မယ်တော်ဘုရား ကိုလည်း ကမ်းပြိုရာ ပါမှာစိုးလို့ မူလနေရာကနေ ပြောင်းရွှေ့ခဲ့ရကြောင်းလည်း သိရပါတယ်။
ကမ်းနဲ့ ဝေးကွာပြီး ဆောက်လုပ်ရေးဌာန ရေကာတာရဲ့ အတွင်းဘက်ကျတဲ့ ကျောက်တော်ကြီး ဘုရားနဲ့ ဆယ်ထပ်ကြီး ဘုရားတို့ဟာ ဗြိတိသျှခေတ်မှာ တည်ခဲ့တဲ့ ဘုရားများ ဖြစ်ကြပြီး အခြံအရံ ဇရပ် တန်ဆောင်းများနဲ့ တင့်တယ် ခန့်ညားစွာ ဖူးတွေ့ ကြရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဆီစက် နဲ့ ဆန်စက်ပိုင်ရှင် ဦးအောင်မြတ်ကျော် ကောင်းမှုဖြစ်တဲ့ ဘုရားလည်း ရှိပါသေးတယ်။
ဟင်္သာတ မြို့ပေါ်မှာ အရင်က ကျမ်းဂန်တတ် ဆရာတော်ကြီးများ သီတင်းသုံးခဲ့တဲ့ ကျောင်းတိုက်ကြီးများလည်း ရှိရာ လယ်တီ ကျောင်းတိုက်၊ မိုးကောင်း ကျောင်းတိုက်၊ ရေတံခွန် ကျောင်းတိုက်၊ ပတ္တမြား ကျောင်းတိုက်၊ ဘုရားကြီး ကျောင်းတိုက်၊ သပြေပင် ကျောင်းတိုက် တို့အပြင် မြို့အတွင်းပိုင်းမှာ မြစ်ကွေ့ကျောင်းတိုက်၊ ရန်ကုန် ကျောင်းတိုက်၊ ပိုးစတော ကျောင်းတိုက် စတာတွေ ဖြစ်ပါတယ်။
သီလရှင် စာသင်ကျောင်းတိုက်ကြီးများလည်း ရှိရာ စာတတ် ကျမ်းတတ် ရဟန်း၊ သီလရှင်တို့ များပြားတဲ့ မြို့ ဖြစ်တဲ့ အပြင် မြို့သူမြို့သားများ အနေနဲ့လည်း စာပေပညာ၊ အနုပညာ လေ့လာ လိုက်စားသူ များစွာ ရှိတယ်လို့ ဆိုပါတယ်။
ပညာရေး အတွက် ဟင်္သာတ တက္ကသိုလ်၊ ဟင်္သာတ ကွန်ပျူတာ တက္ကသိုလ်၊ ဟင်္သာတ နည်းပညာ တက္ကသိုလ်၊ အစိုးရ အထက်တန်းကျောင်း ၆ ကျောင်း နဲ့ စက်မှု အထက်တန်းကျောင်း တကျောင်းတို့လည်း ရှိပါတယ်။
ဒေသ အစားအစာ အနေနဲ့ မြန်မာ မုန့်ဟင်းခါးတွေထဲမှာ ဟင်္သာတ မုန့်ဟင်းခါးဟာ လူကြိုက်များတဲ့ နာမည်ရ မုန့်ဟင်းခါး တမျိုး ဖြစ်ကြောင်းလည်း သိရပါတယ်။ ။
ကိုးကား-
၁။ မြန်မာ့ စွယ်စုံကျမ်း အတွဲ-၁၄၊ ၁၉၇၅ ခုနှစ်၊ ပထမအကြိမ်၊ စာပေဗိမာန်။
၂။ Wikipedia














