ဂျူးလီးယပ်စ် ဆီဇာ (၁၀၀ ဘီစီ – ၄၄ ဘီစီ)
Julius Caesar (100 B.C – 44 B.C)
နာမည်ကြီးတဲ့ ရောမ နိုင်ငံရေး၊ စစ်ရေး ခေါင်းဆောင် ဂေယပ်စ် ဂျူးလီးယပ်စ် ဆီဇာ (Gaius Julius Caesar) ကို ရောမ (Rome) မှာ ခရစ်မပေါ်မီ အနှစ် ၁၀၀ က မွေးဖွားခဲ့ပါတယ်။
ခရစ်မပေါ်မီ ဒုတိယ ရာစုနှစ်က ကာသေ့ချ် တိုက်တဲ့ ဒုတိယ ပူနစ် (Punic) စစ်မှာ ရောမတွေ အောင်ပွဲရပြီးနောက် ရောမတွေမှာ အင်ပါယာကြီးတခု ထူထောင်နိုင်ခဲ့ပါတယ်။
ဒီလိုအောင်နိုင်တဲ့ အတွက် ရောမသားတွေဟာ သိပ်ပြီး ချမ်းသာ ကြွယ်ဝလာကြပါတယ်။ စစ်နိုင်တယ် ဆိုပေမယ့် ရောမရဲ့ ယခင် လူမှုစီးပွားရေးကို ရစရာမရှိအောင် ဖျက်ဆီး ချေမှုန်းပစ်လိုက်ပြီလို့ ပြောစမှတ် ဖြစ်ခဲ့ရပါတယ်။
တောသားတွေမှာတော့ ပစ္စည်း ဆုတ်ယုတ်ကုန်ပါတယ်။ ရောမ ဆီးနိတ်ဟာ အစပထမက မြို့ကလေးငယ်ငယ်မှာ လူကြီး တချို့နဲ့ ဖွဲ့ထားတဲ့ အဖွဲ့ ဖြစ်လေတော့ ကြီးကျယ်တဲ့ အင်ပါယာကို ပိုင်ပိုင်နိုင်နိုင် မအုပ်ချုပ်တတ်ပါ။
နိုင်ငံရေးမှာ လာဘ်ပေးလာဘ်ယူက သိပ်ကြီးမားလာတဲ့ အခါ မြေထဲပင်လယ် ကမာ္ဘကြီးတခုလုံး ရောမရဲ့ အုပ်ချုပ်ပုံ ညံ့တဲ့ ဒဏ်ကို ခံစားနေရပါတော့တယ်။
ရောမမှာလည်း ခရစ်မပေါ်မီ ၁၃၃ ခုနှစ်ကစပြီး နှစ်ရှည်လများ စည်းမဲ့ကမ်းမဲ့ ဖြစ်ချင်တာ ဖြစ်ဆိုပြီး အထက်က လုပ်သမျှ အောက်က ခံကြရပါတယ်။
နိုင်ငံရေး၊ စစ်ရေး ခေါင်းဆောင် အမည်ခံသူ၊ ကိုယ်ကျိုးရှာသူတွေ အာဏာလုကြ (ဘီစီ ၈၇ မရိုင်းယပ်စ် Marius ရဲ့တပ်၊ ဘီစီ ၈၂ ဆာလာ Sulla ရဲ့တပ်တွေကို) ကိုယ်ပိုင်တပ်တွေက ရောမမြို့တော်ထဲမှာပဲ ဝင်ရောက်ပြီး ပြောင်ပြောင် ထင်ထင် လုပ်ချင်တာ လုပ်နေကြပါတယ်။
လူတိုင်းကအုပ်ချုပ်ရေး ပျက်နေပြီလို့ သိပေမယ့် ရောမ နိုင်ငံသားအများက သမ္မတ အစိုးရကို ဆက်ပြီး ရှိစေချင်တယ်။

အရေးပါတဲ့ နိုင်ငံရေး ခေါင်းဆောင်ထဲမှာ ဂျူးလီးယပ်စ်က စတင်ပြီး ရောမ ဒီမိုကရေစီ အစိုးရကို ဆက်လက် မထားသင့်လို့ အသေအချာ သိရှိသူ ဖြစ်မယ်လို့ ထင်ရပါတယ်။
ဆီဇာ ကိုယ်တိုင်ကတော့ ရှေးရောမ သူကောင်းမျိုး (Old patrician family) က ဆင်းသက် ပေါက်ဖွားလာသူ ဖြစ်တယ်။ ငယ်စဉ်က ပညာကောင်းကောင်း သင်ကြားခွင့်ရခဲ့တယ်။
လူငယ်ဘဝကပဲ နိုင်ငံရေးနယ်ထဲကို ဝင်လာခဲ့တဲ့လူ ဖြစ်ပါတယ်။
သူထမ်းရွက်ခဲ့တဲ့ ရာထူးမျိုးစုံ၊ ပေါင်းသင်းခဲ့တဲ့ လူအထွေထွေ ဆိုတော့ သူ့နိုင်ငံရေး ဘဝဟာလည်း ဆိုးအကောင်း တွဲဖက်ပြီး မရှင်းမလင်းတာတွေ ရှိပေမယ့် ဒီနေရာမှာ ပြန်ပြီး မဖော်ပြတတ်တော့ပါ။
ဒါပေမယ့် ခရစ်မပေါ်မီ ၅၈ ခုနှစ်၊ သူ့အသက် ၄၂ မှာ ဂျူးလီးယပ်စ် ကို ရောမပိုင် နိုင်ငံခြား ပြည်နယ် သုံးခုမှာ ဘုရင်ခံ ခန့်ထား လိုက်ပါတယ်။
အဲဒီနယ်တွေက စစ်ဆာလ်ပိုင် ဂေါလ် (Cisalpine Gaul ) အီတလီ မြောက်ပိုင်း၊ အီလီရိကမ်ကနေ ယူဂိုစလားဗီးယား ပင်လယ် ကမ်းမြောင် ဒေသနဲ့ နာဗွန့်နိစ် ဂေါလ် (Narbonnese Gaul) ဖြစ်ပါတယ်။
သူ့လက်အောက်မှာ အဲဒီအခါက ရောမ လိဂျင် (Rome legion) ရောမတပ်လူ ၃၀၀၀-၆၀၀၀ လေးခု ရှိလို့ လူ နှစ်သိန်း လောက် ရှိပါတယ်။
ခရစ်မပေါ်မီ ၅၈-၅၁ အတွင်းမှာ ဆီဇာဟာ ဒီတပ်တွေကိုသုံးပြီး ဂေါလ် လူမျိုးရှိသမျှ ဒေသတွေ လိုက်ပြီး တိုက်ခိုက်သိမ်းယူ လိုက်တဲ့ အခါ အကြမ်းဖျင်း ကနေ့ ပြင်သစ်၊ ဘယ်လဂျီယမ် အပြင် ဆွစ်ဇာလန်၊ ဂျာမန်၊ ဟော်လန်တို့ သူ့လက်အောက် ရောက်သွားရတယ်။

သူ့လူ သူ့တပ်တွေဆိုတော့ သူနိုင်တဲ့ လူဦးရေနဲ့စာရင် သေးငယ်ပါတယ်။
ဒါပေမယ့် ဒီဂေါလ် မျိုးတူစုတွေကို အကြွင်းမဲ့ နှိပ်ကွပ်ပြီးတဲ့ အခါ သူ့ပိုင်နက်ဟာ ရောမအုပ်စီးတဲ့ ဂယ်လစ် ရောက်အောင် ရိုင်းမြစ် (Rhine River) ရဲ့ အထက်ပိုင်း အလွန် ဖြစ်သွားပါတယ်။
သူက ဗြိတိန်ကို နှစ်ကြိမ် ဝင်ရောက် တိုက်ခိုက်ပေမယ့် ကြာကြာလည်း ထိန်းမထားနိုင်ပါ။
ဆီဇာဟာ ဂေါလ်တွေကို နိုင်တဲ့ အတွက် ရောမရှေ့ဆောင် နိုင်ငံရေးသမား ဖြစ်လာတယ်။ ရောမမှ လူတွေ နှစ်သက်တဲ့ သူရဲကောင်း ဖြစ်လာတယ်။
သူနဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေကတော့ သိပ်လူကြိုက် များလွန်းတယ်။ သိပ်တန်ခိုး သြဇာ ရှိလွန်းတယ်လို့ ထင်လာကြပါတယ်။
သူ့စစ်မှုထမ်းသက် ကုန်တဲ့ အခါ သာမန် တိုင်းသူပြည်သား အဖြစ်နဲ့ ရောမကို ပြန်ခဲ့ဖို့ ရောမ ဆီးနိတ်က အမိန့် ထုတ်ပါတယ်။ ဆိုလိုတာက သူ့တပ်ကို သူထားခဲ့ရမယ်။
ဒီလိုဆိုရင် သူ့ကို ရန်သူတွေက နှိပ်စက်နိုင်မယ်လို့ သူထင်ပါတယ်။ အဲဒါကို အထင်မှားလို့ ပြောရခက်ပါတယ်။
၁၀-၁၁ ဇန်နဝါရီ ၄၉ ဘီစီ ညက ရောမ ဆီးနိတ်ကို ပြောင်ပြောင်တင်းတင်း အာခံပြီး ဆီဇာဟာ အီတလီ မြောက်ပိုင်း ရဲ့ ရူဗီကွန်မြစ်ကို သူ့တပ်တွေနဲ့ ဖြတ်ကျော်ပြီး ရောမကို ချီတက်လာပါတယ်။
ဒီလို ထင်ထင်ရှားရှား အမိန့်ကို လွန်ဆန်တဲ့ အခါ ဆီဇာရဲ့တပ်တွေနဲ့ ဆီးနိတ် (Senate) အပေါ်မှာ သစ္စာရှိတဲ့ တပ်တွေ ပြည်တွင်းစစ် တိုက်ကြပါတော့တယ်။
စစ်တိုက်တာ လေးနှစ်ကြာပါတယ်။

စပိန်၊ မွန်ဒါ (Mumda) မှာ ၇ မတ် ၄၅ ဘီစီမှာ တိုက်တဲ့ နောက်ဆုံးစစ်ပွဲမှာ ဆီဇာ လုံးဝ အနိုင်ရတယ်။
ဆီဇာက ရောမ လိုအပ်နေတာက အစွမ်းထက်ပြီး ပြည်သူကို တကယ် အကျိုးပြုမယ့် အာဏာရှင် ဖြစ်တယ်၊ အဲဒီ ပုဂ္ဂိုလ်ဟာ သူပဲလို့ ဆုံးဖြတ်ပြီးသား ဖြစ်ပါတယ်။
သူ ရောမကို အောက်တိုဘာ ၄၅ ဘီစီမှာ ပြန်ရောက်တယ်။ မကြာခင် ရာသက်ပန် အာဏာရှင် အဖြစ် အရွေးခံရပါတယ်။
ဖေဖော်ဝါရီ ၄၄ ဘီစီမှာ သူ့ကို သရဖူအပ်ပြီး ဘုရင်မြှောက်တယ်။
သူက လက်မခံပါ။ ။
ဆက်လက်ဖော်ပြပါမည်။
(သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း မြန်မာပြန် ရေးသားသည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာအုပ်တိုက် က ၂၀၁၀ ပြည့်နှစ် မတ်လတွင် ထုတ်ဝေသော “ကျော်စွာ ၁၀၀” ဒုတိယအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်းမှာ The 100 A Ranking of the Most Influential Person in History by MICHAEL H. HART စာအုပ်ဟု သိရပါသည်။ ဆရာကြီး မြန်မာပြန်ထားသည့် ဆောင်းပါးများထဲက ယခု တပုဒ်ကို ထုတ်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီး ဒေါက်တာ သန်းထွန်းသည် ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် အသက် ၈၂ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ ပါသည်။)














