တောင်ကြီးမြို့ဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်ရဲ့ မြို့တော် ဖြစ်ပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်းမှာ တည်ရှိပြီး ပြည်နယ် ရုံးစိုက်ရာမြို့လည်း ဖြစ်ပါတယ်။
တောင်ကြီးမြို့ဟာ ပင်လယ် ရေမျက်နှာပြင် အထက် ၄၇၁၂ ပေ အမြင့်ရှိ ရှမ်းပြည်နယ် တောင်ပိုင်း ရှမ်းရိုးမ တောင်ပေါ်မှာ တည်ရှိပါတယ်။ တောင်ကြီးမြို့ တောင်ချွန်းအထိ ဆိုပါက ပေ ၅၆၀၀ ကျော် မြင့်တယ် လို့လည်း ဆိုပါတယ်။
တောင်ပေါ်ဒေသ ဖြစ်လို့ အရင်က ရာသီဥတုဟာ ရေခဲတဲ့ အထိ အေးမြတဲ့ ရာသီဥတု ရှိခဲ့ရာမှ အခုအခါမှာတော့ ရာသီတု ပြောင်းလဲလာပြီး အရင်လောက် မအေးတော့ပေမယ့် ရန်ကုန်၊ မန္တလေး မြို့များထက် နေလို့ ကောင်းနေဆဲ ဖြစ်ပါတယ်။
တောင်ကြီးမြို့ လူဦးရေမှာ ၂၀၁၇ ခုနှစ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန စာရင်းအရ ၂ သိန်းခွဲ နီးပါး (၂၄၆,၆၇၅ ဦး) ရှိကြောင်း သိရပါတယ်။
၁၉၄၁ ခုနှစ် သန်းခေါင်းစာရင်း အရတော့ လူဦးရေ ၉၀၀၀ ကျော်ပဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။
လူဦးရေ အများစုမှာ ပအို့ဝ် လူမျိုး ဖြစ်ကာ ရှမ်း၊ တရုတ်၊ မြန်မာ၊ အိန္ဒိယ၊ ဂေါ်ရ်ခါး၊ အင်းသား၊ ဓနု၊ တောင်ရိုး လူမျိုးများ နေထိုင်ကြကြောင်း သိရပါတယ်။
ကိုးကွယ် ယုံကြည်မှုမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ နဲ့ ဆစ်ခ် ဘာသာတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
တောင်ကြီးမြို့နယ် အရ လူဦးရေမှာတော့ ၄ သိန်းခွဲခန့် ရှိကြောင်းလည်း သိရပါတယ်။

တောင်ကြီးမြို့ တည်ရှိနေတာဟာ နှစ်ပေါင်း ၁၀၀ ကျော် ရှိပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဗြိတိသျှ ကိုလိုနီခေတ် မတိုင်ခင်က တောင်ကြီးဟာ တဲအိမ် အနည်းငယ်သာရှိတဲ့ ပအို့ဝ် လူမျိုးများ နေထိုင်တဲ့ ရွာငယ်လေး တရွာ ဖြစ်ကြောင်း သိရပါတယ်။
ဗြိတိသျှ ကိုလိုနီခေတ် ရောက်တဲ့ အခါ တောင်ကြီးမြို့ဟာ ရှမ်းပြည်နယ် တောင်ပိုင်းရဲ့ ရုံးစိုက်ရာမြို့ ဖြစ်လာပါတယ်။
ခရစ်နှစ် ၁၈၉၄ ခုနှစ်မှာ ဗြိတိသျှ အစိုးရက ပထဝီ အနေအထား နဲ့ ကျန်းမာရေး ဆိုင်ရာ အကြောင်းအရင်းများကြောင့် သူတို့ရဲ့ ရုံးပြင်ကနားတွေကို အင်းလေးကန် အရှေ့ဘက်ကမ်းရှိ မိုင်းသောက်မြို့ (ညောင်ရွှေ) ကနေ တောင်ကြီးမြို့ကို ပြောင်းရွှေ့ခဲ့ချိန်က စတင်ကာ တောင်ကြီးမြို့ ပြောင်းလဲတိုးတက် လာရတယ်လို့ ဆိုပါတယ်။
မိုင်းသောက် ဒေသမှာ ငှက်ဖျား ရှိတယ် လို့လည်း ဆိုပါတယ်။
တောင်ကြီး မြို့ဟာ ကျယ်ပြန့်တဲ့ တောင်ကမ်းပါးယံရှိ ကုန်းပြင်မြင့်ပေါ်မှာ တည်ရှိရာ မြို့အရှေ့ဘက်စွန်းကနေ အထက်ဆီ အုပ်မိုးနေအောင် မတ်စောက်နေတဲ့ တောင်ကြီးကို အစွဲပြုပြီး တောင်ကြီးမြို့ လို့ ခေါ်တွင်ကြောင်း သိရပါတယ်။
တောင်ထိပ်မှာ စေတီတော် တဆူ နဲ့ ထူးခြားစွာ စွန်းထွက်နေတဲ့ ကျောက်ဆောင် ကျောက်တုံးကြီးများ ရှိလို့ မြို့သူ မြို့သား တွေက အဲဒီ တောင်ထိပ်ကို မကြာမကြာ သွားရောက် လည်ပတ်ကြတယ် လို့လည်း ဆိုပါတယ်။

မြို့ကို တပ်မြေ ဌာန လို့ စနစ်တကျ တည်ဆောက်ကာ လမ်းမကြီး လမ်းငယ် အသွယ်သွယ် ဖောက်လုပ်ထားကာ မြို့အတွက် သောက်သုံး ရေကိုလည်း မြို့တောင်ဘက်စွန်းက စီးဆင်းလာတဲ့ ချောင်းငယ်ကနေ ယူတဲ့ အတွက် သန့်ရှင်းတဲ့ ရေကိုရရှိပါတယ်။
အနောက်စွန်းရှိ တောင်ကုန်းငယ်မှာ ဘုရား တန်ဆောင်းများလည်း ရှိပါတယ်။
သာစည် ရွှေညောင်သွား ရထား လမ်းဆုံမြို့ ဖြစ်တဲ့ ရွှေညောင်မြို့နဲ့ တောင်ကြီးမြို့ဟာ ကားလမ်း အနေနဲ့ ၁၂ မိုင် ဝေးကာ၊ ခြေလျင် လမ်းအရ ၅ မိုင်မျှသာ ဝေးပြီး သာစည်မြို့မှာမူ တောင်ကြီးမြို့ကနေ ၁၀၃ မိုင်ဝေးကြောင်း သိရပါတယ်။
ခရစ်နှစ် ၁၉၀၆ ခုနှစ်မှာ တောင်ကြီးမြို့ဟာ အိမ်ခြေပေါင်း ၁၀၀၀ ခန့်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ခရစ်နှစ် ၁၉၀၀ ပြည့် နှစ်ဦးပိုင်းတွေမှာ ရှမ်းပြည်နယ် အတွင်း နယ်မြေ မငြိမ်သက်မှုများကြောင့် တောင်ကြီးမြို့ဟာ ဗြိတိသျှတပ်ဖွဲ့တွေရဲ့ အဓိက စခန်းဖြစ်ခဲ့ပြီး ရှမ်းပြည်နယ်ရဲ့ ရိက္ခာပံ့ပိုးရာ အချက်အချာ ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။
မြန်မာ သက္ကရာဇ် ၁၂၀၀ ခန့်က တောင်ကြီးမြို့ နေရာမှာ “ဒုံတောင်တီ” အမည်ရ ပအို့ဝ် ရွာလေး တရွာ ရှိခဲ့တယ်လို့ ဆိုပါတယ်။
တောင်တီကို ရှမ်းလို “တွမ်တီး” လို့ ခေါ်ပါတယ်။ တောင်ကျည်း၊ တွမ်တီး၊ မြန်မာအသံ တောင်ကြီး တည်ပင် သို့မဟုတ် ကတည်ပင် ပေါက်ရာ ရွာလို့ ဆိုလိုကြောင်း သိရပါတယ်။
အဲဒီ ရွာ နဲ့ အနီးတဝိုက်မှာ ပင်လုံရွာ၊ ရှမ်းရွာ၊ မိန်မြိန်ရွာ နဲ့ ဝါးပြားရွာများသာ ရှိပြီး ရေကန် ၄ ကန် နဲ့ အင်းကြီး တအင်းလည်း ရှိတယ်လို့ ဆိုပါတယ်။
အင်္ဂလိပ်အစိုးရဟာ တောင်ကြီးမြို့ကို မြန်မာ သက္ကရာဇ် ၁၂၅၃ ခုနှစ်၊ ခရစ်နှစ် ၁၈၉၀ ပြည့်နှစ်မှာ တည်ထောင်ခဲ့ကြောင်း၊ ပတ်ဝန်းကျင်ရှိ အင်း နဲ့ ကန်များကို ပြုပြင် ဆည်ဖို့ကာ တောင်ကြီးကို မြို့တော် အဖြစ် ဖန်တီးခဲ့ကြောင်း သိရှိရပါတယ်။

အင်္ဂလိပ်တို့ဟာ အထက် မြန်မာပြည်ကို မြန်မာ သက္ကရာဇ် ၁၂၄၇ ခုနှစ်မှာ အခြေစိုက်နိုင်ခဲ့ပြီး၊ ရှမ်းပြည်နယ်ကို တက်လာကာ ပထမဦးစွာ ညောင်ရွှေမြို့နယ် မိုင်းသောက် ကျေးရွာ ဒေသမှာ စတင် ရုံးစိုက်ခဲ့တယ်။
အဲဒီက တဖန် အခုတောင်ကြီးမြို့ တည်ရာ ဒေသ တဝိုက်ကို မြန်မာသက္ကရာဇ် ၁၂၅၁ ခုနှစ်ခန့်မှာ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်နိုင်တယ် လို့လည်း ဆိုပါတယ်။
အဲဒီ အချိန်က တောင်ကြီးမြို့ အရှေ့ဘက် တောင်တန်းများ ပေါ်မှာ မိရဲ၊ သထုံ၊ ဝိန်ယ အစရှိတဲ့ ပအို့ဝ်ရွာများ ရှိပါတယ်။
“ဝိန်ယ” ဆိုတဲ့ အဓိပ္ပာယ်က ပအို့ဝ် ဘာသာနဲ့ “မြို့ဟောင်း” အဓိပ္ပာယ် ရတယ်လို့ ဆိုပါတယ်။
အခု တောင်ကြီး မြို့မဈေးကြီး နေရာဟာ အရင်က ဦးကြီးခမ်းလော်ရွာ နေရာဟောင်း ဖြစ်ကြောင်းလည်း သိရပါတယ်။
အဲဒီအခါက မိရဲမှာ ပအို့ဝ် တိုင်းရင်းသား ချိုဖာထီး အုပ်ချုပ်ခဲ့ပြီး တောအုပ်မှာ တောင်ပိုင်းရပ်မှ ဦးဖိုးမင်း ဖြစ်ကာ ဦးဖိုးရင်မှာ နယ်အုပ် ဖြစ်ကြောင်း၊ အရေးပိုင်မှာ ဦးလူတင် ဖြစ်ကြောင်း သိရပါတယ်။
ဒုံတောင်တီးခေါ် တောင်ကြီးရွာကို ဦးအောင်သာက အုပ်ချုပ်ပြီး ထာခယ်ရွာ (အခု ညောင်ပင်သာ) ကို ဆရာစန္တ တည်ပြီး ၊နဂါးပတ်ကျောင်း ဝန်းကျင်ကို မောင်ဖာဝမ် တည်ခဲ့တယ် လို့လည်း ဆိုပါတယ်။
အင်းသားများ ဖြစ်တဲ့ ဘုရားဒါယကာညွန့် ဒါယကာကျော် တို့မှာ အင်းလေးက အင်းသားများ (အဲဒီ အချိန်က စော်ဘွားနဲ့ မတည့်သူများ) ကို လမ်းအလုပ်သမား ကူလီများ အဖြစ် ခေါ်လာလို့ ကူလီကုန်းရပ် (အခု ကူညီကုန်းရပ်) ကို တည်ခဲ့ပါတယ်။
ဈေးပိုင်းရပ်ကိုတော့ ပအို့ဝ် တိုင်းရင်းသားများ ဖြစ်တဲ့ ဇရပ်ဒကာ ဦးချုံ၊ ပဉ္စင်း ဘဖြူ တို့က တည်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ အချိန်က တောင်ကြီး မြို့ပေါ်မှာ ကန်ဦးကျောင်း၊ မင်းကျောင်း၊ ကုန်းသာကျောင်း၊ နဂါးပတ်ကျောင်း၊ ပထမတောင် ကျောင်းကြီးသာ ရှိခဲ့ပါတယ်။
မင်းကျောင်းရဲ့ ပထမဆုံး ကျောင်းထိုင်ဆရာတော်မှာ မဲနယ်တောင်တန်းမှ လုံဒါရွာ ဆရာတော် ဖြစ်ပြီး ပအို့ဝ် တိုင်းရင်းသား ဖြစ်တယ် လို့လည်း ဆိုပါတယ်။
တောင်ကြီးရဲ့ အဓိက လမ်းပန်း ဆက်သွယ်ရေးကတော့ ကားလမ်း ဖြစ်ပါတယ်။
ရန်ကုန်မြို့ကနေ မိုင် ၄၀၀ (ကီလိုမီတာ ၆၄၅) ကွာဝေးပြီး မန္တလေးမြို့က မိုင် ၁၆၀ ( ကီလိုမီတာ ၂၅၇) အသီးသီး ကွာဝေးကြောင်း သိရပါတယ်။
တောင်ကြီးမြို့ကို ဖြတ်သန်းတဲ့ ရထားလမ်းကိုတော့ ၁၉၉၅ ခုနှစ်မှသာ ဖောက်လုပ်နိုင်ခဲ့ပေမယ့် လက်ရှိ ခရီးသည်များ အတွက် ဝန်ဆောင်မှုများ မပေးနိုင်သေးပါဘူး။
ရထား နဲ့ မြန်မာနိုင်ငံ အခြားဒေသများကို သွားရောက်လိုတဲ့ ခရီးသည်တွေဟာ တောင်ကြီးမြို့ နဲ့ ၁၂ မိုင်အကွာရှိ ရွှေညောင်မြို့မှာ သွားရောက် စီးနင်းရပါတယ်။
အနီးဆုံး လေဆိပ် ကလည်း ၂၄ မိုင် အကွာရှိ ဟဲဟိုးမြို့မှာ ဖြစ်ပါတယ်။
အခုအခါ တောင်ကြီးကနေ ဆီဆိုင်၊ ဆိုက်ခေါင် တို့ကို ပြေးဆွဲတဲ့ ရထားခရီးစဉ်တော့ ရှိနေပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အခြားဒေသများ နည်းတူ တောင်ကြီးမြို့ခံ အများစုဟာလည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး ဘုန်းတော်ကြီးကျောင်း များကို မြို့အနှံ့မှာ တွေ့ရှိနိုင်ပါတယ်။
ခရစ်ယာန် ဘာသာဝင် အတော်များများလည်း တောင်ကြီးမြို့မှာ နေထိုင်ကြပြီး ရိုမန်ကသလစ် နဲ့ ဘက်ပတစ် ဘုရား ရှိခိုးကျောင်းများလည်း ရှိပါတယ်။
တောင်ကြီးမြို့မှာ ဗလီကျောင်း ၄ ကျောင်း ရှိပြီး မွတ်စလင် အများစုမှာ မြို့ဦးဗလီ၊ အလယ်ဗလီ နဲ့ တောင်ဗလီ တို့ကို သွားရောက် ဝတ်ပြုကြတယ်လို့ ဆိုပါတယ်။

ပန်းသေး တရုတ်များကတော့ ပန်းသေး ဗလီ ကျောင်းကို သွားကြလေ့ရှိပါတယ်။
တရုတ် လူမျိုးများ ကိုးကွယ်တဲ့ တရုတ် ဘုရားကျောင်း အနည်းငယ်လည်း တည်ရှိပါတယ်။
တောင်ကြီးမြို့ဟာ ခရီးသွားများကြား လူသိများ ကျော်ကြားတဲ့ မြို့တမြို့လည်း ဖြစ်ပါတယ်။
တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ဟာလည်း ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်တဲ့ ပွဲတော် တခု ဖြစ်ပါတယ်။
တောင်ကြီးမြို့နဲ့ မနီးမဝေးမှာ တည်ရှိတဲ့ အင်းလေးကန်မှာလည်း တမူထူးခြားတဲ့ အင်းသား ယဉ်ကျေးမှုကို တွေ့မြင်နိုင်ပါ သေးတယ်။ အင်းလေး ရေပေါ်စိုက်ခင်းများနဲ့ ရေပေါ်ဈေးဟာလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။
တော်သလင်းလမှာ ကျင်းပတဲ့ အင်းလေးကန်တွင်းက ဖောင်တော်ဦး ဘုရားပွဲတော်ဟာ လူတိုး မပေါက်တဲ့ ဘုရားပွဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ပင်းတယ ဂူဟာလည်း လူသွားများတဲ့ နေရာတခု ဖြစ်ပါတယ်။
တောင်ကြီး အနီးရှိ မွေတော်ကက္ကူ ဘုရားမှာ ၁၆ ရာစုက တည်ထား ကိုးကွယ်တဲ့ ရှေးဟောင်း စေတီ ပုထိုးများကိုလည်း ဖူးမြော် ကြည်ညိုနိုင်ပါတယ်။

ဒါ့အပြင် ရွှေဘုန်းပွင့်စေတီ၊ မြစိမ်းတောင်၊ ရပ်တော်မူဘုရား၊ မုံတဝဂူ၊ စူဠာမုဏိ လောကချမ်းသာ စေတီတော် စတဲ့ နာမည်ကျော် ဘုရားများလည်း ရှိပါတယ်။
တောင်ကြီးမြို့ ရှမ်းပြည်နယ်ရဲ့ ရုံးစိုက်ရာမြို့ ဖြစ်တာနဲ့ အညီ ပြည်နယ် အစိုးရရုံးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ တောင်ကြီး ပညာရေး ကောလိပ်၊ တောင်ကြီး တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ ဆေး တက္ကသိုလ်၊ အားကစားနှင့် ကာယပညာသိပ္ပံ (တောင်ကြီး)၊ ရှမ်းပြည်နယ် ယဉ်ကျေးမှု ပြတိုက် စတဲ့ အရေးပါတဲ့ ဌာနများ၊ ရုံးများလည်း တည်ရှိပါတယ်။
အင်္ဂလိပ် – မြန်မာ အထက် တန်းကျောင်းများ၊ မူလတန်းကျောင်းများ၊ ဆေးရုံ၊ ဟော်နန်း နဲ့ ခမ်းနားတဲ့ တိုက်တာ အဆောက် အအုံများ ရှိကြောင်း၊ အစိုးရ အခြေခံပညာ အထက်တန်း ကျောင်းပေါင်း ၁၂ ကျောင်း ရှိကြောင်းလည်း သိရပါတယ်။
မြို့မြောက်ပိုင်းရှိ ဈေးကြီးမှာ အထူးပင် သန့်ရှင်းတဲ့အပြင် မုန်လာ၊ မုန်ညင်း၊ အာလူး၊ ကြက်သွန် စတဲ့ ဟင်းသီးဟင်းရွက်၊ လတ်ဆတ်တဲ့ ကြက်ဥ နဲ့ ညောင်ရွှေ အင်းလေးဘက်မှ ငါးများကို ဝယ်ယူ ရရှိနိုင်တယ်လို့ ဆိုပါတယ်။
၅ ရက်ကို တကြိမ် ကျရောက်တဲ့ ဈေးနေ့မှာ နယ်က လာရောက်သူများ၊ တောင်သူ ဈေးသည်များနဲ့ စည်ကားနေမြဲလည်း ရှိပါတယ်။
တောင်ကြီးမြို့ကနေ မြန်မာနိုင်ငံ အခြားမြို့များဆီ ကြက်သွန်ဖြူ၊ ဂျင်း၊ အာလူး၊ သနပ်ဖက်များကို ရထားလမ်း၊ ကားလမ်း၊ လေကြောင်းတွေနဲ့ တင်ပို့တာလည်း ရှိပါသေးတယ်။
ကျန်းမာရေး ကဏ္ဍ အတွက် စဝ်စံထွန်း အထွေထွေရောဂါကု ဆေးရုံကြီး၊ တောင်ကြီး မိခင်နှင့် ကလေးဆေးရုံ၊ တောင်ကြီး တက္ကသိုလ် ဆေးရုံ၊ အဆုတ် ရောဂါကု ဆေးရုံတို့ ရှိပါတယ်။
တမြို့လုံး သောက်သုံးရေ အတွက်ကိုမူ အရှေ့ဘက်ရှိ တောင်ကျ စမ်းချောင်းမှ ရေကို ရေလှောင်ကန်ကြီး ၂ ခုကတဆင့် ပြွန်လုံးများနဲ့ ပေးပို့မှု ပြုလုပ်သော်လည်း အခုအခါမှာ မြေအောက်ရေ ခမ်းလာမှု အခက်အခဲ ရှိလာကြောင်းလည်း သိရှိရ ပါတယ်။ ။
ကိုးကား-
၁။ မြန်မာ့ စွယ်စုံကျမ်း အတွဲ–၅၊ ၁၉၆၁ ခုနှစ်၊ ပထမ အကြိမ်၊ စာပေဗိမာန်။
၂။ ခရီးသွား စာစုများ။
၃။ Wikipedia














