အနောက်တောင်မုတ်သုန်လေက မြန်မာပြည်မြောက်ဖျားမှစ၍ ဆုတ်ခွာနေချိန် နောက်ချန်လေဖိအားနည်းရပ်ဝန်းနှင့် တောင်တရုတ်ပင်လယ်မှ တိုင်ဖွန်းမုန်တိုင်း ဘူအလွိုင်တို့ ပေါင်းကာ အစွမ်းနေပြနေသဖြင့် မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်း နတ်မောက်မြို့နယ်၌ မိုးများပြီး ဆည်ကျိုးသည့်အတွက် မိသားစု ၆ ဦး ရေစီးနှင့် မျောပါသေဆုံးခဲ့သည်။
စက်တင်ဘာ ၂၈ရက် နံနက်စောစော ရွာသည်မိုးက အောင်ပန်းကျွန်းဆည်ကျိုးသည့်အတွက် ယင်းချောင်းတလျှောက်ရှိ လေးအိမ်၊ မယ်ဇလီ စသည့် ရွာများနှင့် နတ်မောက်မြို့ပေါ် ရပ်ကွက်တချို့ ရေကြီးရေလျှံမှုဖြစ်ခဲ့သည်။
လက်ရှိလည်း မကွေးတိုင်းအတွင်းရှိ ရေနံချောင်း၊ ပဲခူးတိုင်းမှ တောင်ငူ၊ ညောင်ခြေထောက်၊ ပြည်ခရိုင်၊ နေပြည်တော်၊ ပျဉ်းမနား၊ လယ်ဝေး၊ ပျော်ဘွယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းနေသည်။
ဤအဖြစ်ဆိုးက မုတ်သုန်လေဆုတ်ခွာချိန် ထွက်ခတ် ခတ်သည့်အလားပင်။ တောင်တရုတ်ပင်လယ်မှ မုန်တိုင်း ဘူအလွိုင် သည် ဗီယက်နမ်မြောက်ပိုင်းကမ်းခြေကိုဖြတ်ကာ လာအိုနိုင်ငံတွင်း အပူပိုင်းမုန်တိုင်းအဖြစ် ဝင်ရောက်မှာဖြစ်ပြီး မြန်မာပြည် ကို လည်း လေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်လက်ဖြတ် ကျော်မည်ဟု မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနကလည်း သတိ ပေးထား သည်။
မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ တိုင်းတာချက်အရဆိုလျှင် စက်တင်ဘာ ၁၄မှ အောက်တိုဘာ ၇ရက်တိုင် မုတ်သုန် လေသည် မြန်မာပြည် မြောက်ပိုင်းမှ စတင်ကာ အလယ်ပိုင်း၊ မြစ်ဝကျွန်းပေါ်နှင့် မြန်မာပြည်တောင်ပိုင်းစသဖြင့် တစတစ ဆုတ်ခွာမည်ဖြစ်ရာ ဘင်္ဂလားပင်လယ်အော်တွင်လည်း နောက်ထပ် လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ် ကာ နှစ်ကြိမ်ကမူ မုန်တိုင်းငယ် အဖြစ်ပင် ရောက်ရှိလာဦးမည်ဟု ခန့်မှန်းထားကြသည်။
ယခုနှစ် မိုးရာသီ၏ ထူးခြားချက်က မုန်တိုင်းကြီးများ ဝင်ရောက်ခြင်းမဟုတ်၊ လေဖိအားနည်းရပ်ဝန်းတို့အပြင် ဘင်္ဂလား ပင်လယ်အော်နှင့် တောင်တရုတ် ပင်လယ်တို့၌ ဖြစ်ပေါ်လာသည့် မုန်တိုင်းငယ်တို့၏ အဖျားခတ်ခြင်းပင်ဖြစ်ပြီး မေလ ကတည်းကစ၍ မကြာခဏ ကြုံတွေခံစားနေရသည်ဟု ဆိုရမည်။
လေဖိအားနည်း ရပ်ဝန်းဆိုသည်က ဒေသတွင်းအပူရှိန်နှင့် သာသက်ဆိုင်သည်။ မြေပြင်သည် အလွန်အမင်း နေရောင် ခြည်ရပြီး မြေငွေ့ပျံခြင်းပိုမိုဖြစ်ပေါ်ကာ အပူကို ပိုထုတ်ပေးရာမှ လေထုလျော့ကျပြီး လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်ခြင်း ဖြစ်သည်။
ဧပြီလလောက်ကတည်းက ဘင်္ဂလားပင်လယ်အော်မှ အားကောင်းသော လေဖိအားနည်းရပ်ဝန်းကြောင့် “တန်ခူးမည်မှတ် ဖက်ဆွတ်ရေတိုး သင်္ကြန်မိုး” ဆိုသော်လည်း နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းတို့ရှိ အမိုးအကာမဲ့ ငလျင် ဒဏ်ခံရသူများ အတွက် ကံဆိုးမသွားရာ မိုးလိုက်ရွာသကဲ့သို့ပင်။
ထို့ဘင်္ဂလားပင်လယ်အော်၌ အစပျိုးနေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် မေလအတွင်း မုန်တိုင်း ငယ်အဖြစ် ပြောင်းလဲကာ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ် အာသံကုန်းတွင်းပိုင်းသို့ဝင်သဖြင့် ဆက်စပ်နေသည့် ကချင်ပြည်နယ်အထက်ပိုင်း ဆဒုံး ချီဖွေစသည့်ဒေသများ၌ အငိုက်မိသကဲ့သို့ တောင်ကျရေများက ရုတ်တရက် ဒလဟော ကျကာ အိမ်အလုံးလိုက်မျောပါခြင်းများရှိခဲ့ပြီး မြစ်ကြီးနား၊ ဝိုင်းမော်မြို့များတိုင် ရေလွှမ်းမိုးမှု ရိုက်ခတ်ခဲ့သည်။
မုန်တိုင်းငယ်ဆိုသည်က အားကောင်းသော မုန်တိုင်းမျိုး မဟုတ်သည့်တိုင် ရက်သတ္တပတ်ကြာအောင် တည်ရှိတတ်ခြင်း ကြောင့် ဒေသအလိုက်မိုးကြီးတတ်ပေသည်။
မေလမှစ၍ သြဂုတ်လတိုင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းငယ်များကို ရေတွက်ကြည့်လျှင် ၄ လအတွင်း ၄ကြိမ်ဖြစ်ပေါ်ခဲ့သည်ဟု ဆိုရမည်။ ဤသည်မှာ တောင်တရုတ်ပင်အတွင်း ဖြစ်ပေါ်လာသည့် ဝီဖာ၊ ကာဂျီကိ၊ နောင်ဖ စသည့် တိုင်ဖွန်းမုန်တိုင်းများ၏ အဖျားခတ်မှု မပါသေးပေ။
ယခုနှစ်၏ ထူးခြားချက်က ၂၀၂၃၊ ၂၀၂၄ နှစ်များကဲ့သို့ မိုခါ၊ ရာဂီစသည့် ဆိုင်ကလုန်းမုန်တိုင်းကြီးများလို တိုက်ရိုက်ဝင် ရောက်ခြင်းမရှိသော်လည်း ရေကြီးရေလျှံမြေပြိုခြင်းတို့ကြောင့် လူအသေအပျောက်ကမူ ၅၀ထက် မနည်းရှိသည်ဟု ဆိုရမည်။
လက်ရှိဖြစ်နေသည့် စစ်ပွဲနှင့်စာလျှင် ထိုအသေအပျောက် အရေအတွက်မှာ မပြောပလောက်ဟု ဝေဖန်နိုင်သော်လည်း သဘာ၀ဘေး အန္တရာယ်ကြောင့် သေဆုံးသူ နှစ်စဉ်များလာခြင်းကို ထောက်ပြနေသည်ဟု ဆိုရမည်။

ဇွန်ဆန်းလကဖြစ်ခဲ့သည့် ကချင်ပြည်နယ် ဆဒုံး၊ ချီဖွေ၊ မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်တို့၌ ရေကြီးလျှံမှုတို့က ပုံမှန်ထက် ထူးခြားသည်ဟု ဆိုရမည်ဖြစ်ပြီး ချီဖွေမြို့ကို ဖြတ်သန်းစီးဆင်းသည့် မေခမြစ်သည် နှစ်စဉ်ရေတက်လေ့ရှိသော်လည်း ယခုနှစ်သည် ယခင်နှစ်များထက် ၈ ပေခန့် အမြင့်အထိ ရေတက်လာကြောင်း ဒေသခံများက ဆိုသည်။
“မိုးရာသီအစမှာပဲ မြစ်ရေဝင်တာ မနှစ်ကထက် စောသလို ရေကြီးလာတာ တက်လာတာလည်း ပိုမြန်တယ်၊ မိုးလည်း အဆက်မပြတ်ရွာတယ်”ဟု ဧရာဝတီကိုပြောသည်။
ထို့အတွက် ရစ်လော်ခေါင်၊ ကန်ပိုင်ယန် ရပ်ကွက်တို့သာမက LBC စစ်ရှောင်စခန်းနှင့် KBC စစ်ရှောင်စခန်းတို့လည်း ရေဘေးသင့်ခဲ့ပြီး အိမ် ၁၀လုံးခန့် ရေထဲမျောကာ ဒေသခံ ၈၀၀ခန့် ရေဘေးကို စတင်ကြုံတွေ့ခဲ့ရသည်။
အလားတူ မလိခမြစ် အထက်ပိုင်းမိုးကြီးသဖြင့် မြစ်ကြီးမြို့ရှိ ရပ်ကွက်များအတွင်း ရေများဝင်ရောက်ခဲ့ရာ ဤသည်က ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့သည့် မိုးလေဝသအခြေအနေပင်ဖြစ်၏။
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ဝင်ရောက်သည့် ထိုမုန်တိုင်းငယ်ကြောင့် စစ်ဘေးစစ်ဒဏ်ခံထားရသည့် ရခိုင်ပြည် နယ် ကျောက်တော်၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင်လည်း ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။
ဇူလိုင်လလယ်မှာတော့ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက “အထူးမိုးလေဝသတင်း” ဆိုကာ ထုတ်ပြန်လာရာ သည်တကြိမ်က ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့မှ အစပျိုးသည့် လေဖိအားနည်း ရပ်ဝန်းသာမက တောင်တရုတ်ပင်လယ်က အပူပိုင်းမုန်တိုင်း ဝီဖာ၏ အကြွင်းအကျန်များပါ ဝင်ရောက်မည်ဆိုခြင်းပင်။
ထို့အတွက် မုတ်သုန်လေ ဆက်တိုက်အားကောင်းနိုင်ခြင်းကြောင့် ဇူလိုင် ၂၁ မှ ၂၆ အတွင်း စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနှင့် စစ်ကိုင်းတိုင်း အောက်ပိုင်း၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် ပြည်နယ်များတွင် နေရာအနှံအပြား မိုးထစ်ချုန်းရွာက တချို့ဒေသတွင် နေရာကွက် မိုးကြီးမည်၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်နှင့် တနင်္သာရီ ကမ်းရိုးတန်း တလျှောက် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းကျ၍ လှိုင်းကြီးမည်ဟု သတိပေးထားသည်။
ဇူလိုင် ၂၈ရက်မှာတော့ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၃၈၈၀အထက်ရှိ ရှမ်းပြည်တောင်ပိုင်း ဓနုကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ပင်းတယမြို့ရှိ သိမ်ကုန်းကျေးရွာအုပ်စု၌ ရုတ်တရက်ကျလာသည့် တောင်ကျချောင်းရေကြောင့် ကျောက်တုံး၊ မြေသား၊ သဲနွံများပါလာရာ လမ်းတလျှောက်ရှိ ကုန်စောင်း၊ အုံအက်ရွာများတွင် အိုးအိမ်များ ပျက်စီးကာ ၈ ဦး သေဆုံး ခဲ့ရပြီး လူ ၆၀၀ခန့် ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရသည်။
ထိုသို့ အကာလ ညအခါ ရုတ်တရက်ကျဆင်းလာသည့် တောင်ကျရေနှင့် ပတ်သက်၍ ဒေသခံတဦးက လူမှုကွန်ရက်တွင် “လုံးဝထင်မထားတဲ့အခြေအနေကြီး ရက်စက်တာ မိုးရေ။ အခုထိ မိုးကြီး ရေကြီးဆဲ လူတွေအသေအပျောက်ရှိ၊ သိမ်ကုန်း ရွာကအခြေအနေပါ ကုန်းစောင်းရွာက ဒီထက်ပိုဆိုးပါတယ်ရှင့်” ဟု ရေးသားထားသည်။
ပင်းတယနယ်ခံတို့ အဆိုအရ သိမ်ကုန်းကျေးရွာအုပ်စုတွင် ယခုကဲ့သို့ လူသေဆုံးသည့်ဖြစ်စဉ်မျိုးကို ပထဆုံးကြုံရခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ပင်းတယရှိ ဇော်ဂျီချောင်းတံတားလည်း ကျိုးသွားကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး ကလော၊ အောင်ပန်း၊ ညောင်ရွှေ၊ ရပ်စောက်၊ ရွာငံ၊ အင်းလေး စသည့် ဒေသများတွင်လည်း ရေကြီးရေလျှံကာ အရေးပေါ် အကူအညီ တောင်းခံမှုများ ရှိခဲ့သည်။
မိုးရွာတိုင်း ရေကြီးလေ့ရှိသည့် ရှမ်းအရှေ့ တာချီလိတ်မြို့နယ်တွင်မူ အသေအပျောက် မရှိခဲ့ပေ။
သို့သော် ဘင်္ဂလားပင်လယ်အော်နှင့် နီးကပ်သည့် ရခိုင်ကမ်းမြှောင်ဒေသမှာတော့ ဆက်တိုက်ဆိုသလိုပင် ဇူလိုင် ၈ရက်၊ ၉ ရက်ခန့်ကတည်းက မိုးကြီးနေရာ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် မောင်တော မြို့နယ်များတွင် နေအိမ်အချို့ နစ်မြုပ်နေပြီး ဒေသခံပြည်သူများမှာ အရေးပေါ် ကူညီကယ်ဆယ်ရေးများ လိုအပ်ခဲ့သည်။
အလားတူ တောင်ပိုင်းလွင်ပြင်ဒေသဟု ဆိုရမည့် စစ်တောင်းမြစ်ဝှမ်းရှိ တောင်ငူ၊ ထန်းတပင်၊ အုတ်တွင်း၊ ညောင်လေးပင် တို့တွင် ရုတ်တရက် စစ်တောင်းမြစ်ရေကြီးတဲ့အတွက် ကျေးရွာနှင့် ရပ်ကွက် ၇၀ကျော် ရေမြုပ်ခဲ့ပြီး လူ ၄ဦး ရေစီးနဲ့ မျောပါ သေဆုံးခဲ့သည်။
သို့သော် ဝီဖာမုန်တိုင်းအရှိန်က ဇူလိုင်လမှာပင် ပြီးဆုံးမသွား၊ သြဂုတ်လအထိတိုင် ကပ်ပါလာရာ ၄ ရက်နေ့မှ စ၍ သံတောင်ကြီး နော်ဘူဘောဆုတောင်းတောင်အနီး ရပ်ကွက်များ ရေကြီးရေလျှံဖြစ်ပေါ်ခဲ့သလို သြဂုတ် ၅ ရက်တွင် မြေပြိုမှုများ ဖြစ်ပွားရာ ၂၀ ကျော်သေဆုံးပြီး ထိခိုက်ပျက်စီးမှု အများအပြားရှိခဲ့သည်။
“အရင်က မြေပြိုတာတွေရှိခဲ့ပေမယ့် အခုလို လူတွေထိခိုက်သေဆုံးမှုများတဲ့အထိ ဆိုးဆိုးရွားရွားမရှိခဲ့ဘူး။ အခုက မြေပြိုတာလည်းများပြီး ထိတာ ပျက်စီးတာတွေလည်း များတယ်”ဟု သံတောင်ကြီးဒေသခံက ပြောသည်။
ထိုသြဂုတ်ပထမပတ်မှာပင် စစ်ဘေးဒဏ်ခံနေရသည့် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင်လည်း တောင်ကျချောင်း ရေကြောင့် ကားနှင့် လူများ မျောသွားခဲ့ရသော ကလေးငယ် များအပါအဝင် ဒေသခံ ၅ ဦးထက်မနည်းသေဆုံးကြောင်း ရှာဖွေကယ်ဆယ်ရေး လုပ်သူများကဆိုသည်။
ထိုအတူ တရုတ်နယ်စပ်က မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ် လိုင်ဇာမြို့မှာ အချိန်တိုတွင်း အရှိန်နှင့်ထိုးဆင်း လာသည့် တောင်ကျရေက ချောင်းရိုးအတိုင်းမဟုတ်ဘဲ ရပ်ကွက်များ၊ စစ်ရှောင်တို့နေရာများသို့ ဖြှာဆင်းလာသဖြင့် ထိခိုက်မှုကြီးမားခဲ့ပြီး အသက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။
တပတ်အတွင်း ၂ ကြိမ် ရေကြီးမှုကြုံခဲ့ရသည့် လိုင်ဇာသည် ပထမအကြိမ် ဩဂုတ် ၄ရက် နံနက်အစောပိုင်း ၂ နာရီက မိုးသည်းထန်စွာရွာသဖြင့် မြို့အနီး ဂျေယန်းချောင်းနှင့် မုန်းလွဲချောင်းတို့ ရုတ်တရက်ရေကြီးကာ တောင်ကျရေများ ဒလဟောဆင်းလာသဖြင့် လူ ၆ ဦးမျောပါသေဆုံးခဲ့ပြီး အိမ် ၅၀၀ ခန့် နှင့် တံတား ၇ စင်းတို့ ပျက်စီးခဲ့ရသလို လိုင်ဇာမြို့ အပါ အဝင် အနီးနားကျေးရွာများနှင့် စစ်ဘေးရှောင်စခန်းများမှ ဒေသခံ ၅၀၀၀ ကျော် ရေဘေးသင့်ခဲ့သည်။
ပထမရေကြီးမှုကို ရှင်းလင်းနေစဉ် ဒုတိယအကြိမ် ဩဂုတ် ၁၁ ရက်နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာပြန်သဖြင့် ချောင်း ရေ တက်ကာ လိုင်ဇာတမြို့လုံးနီးပါး ရေလွှမ်းပြီး ရွှံ့နွံ့များ၊ အမှိုက်များ၊ အပျက်အစီးများ ဖုံးလွှမ်း ခဲ့ရပြန်သည်။
လိုင်ဇာဒေသခံတဦးက “အရင်နှစ်တွေရေကြီးတာက ချောင်းရေတွေပြည့်လာပြီးမှ တခြားနေရာတွေလျှံလာတာမျိုး၊ အခုက နာရီပိုင်းတွင်း တောင်ကျရေတွေ လမ်းကြောင်းပြောင်းပြီး ထိုးကျလာတာရော၊ ချောင်းရေ မတရားစီးနေတာကြောင့် အထိခိုက်အခိုက် များတယ်။ ဒါ ပထမဆုံး ဆိုးဆိုးရွားရွားကြုံရတာပဲ” ဟု ပြောသည်။
၂၀၂၄က ရာဂီမုန်တိုင်းနှင့် ၂၀၂၅ မြေငလျင်ဒဏ် ခံထားရသည့် နေပြည်တော် တပ်ကုန်း၊ ပျဉ်းမနား၊ ဇေယျာသီရိမြို့နယ် များကိုလည်း သည်နှစ်မိုးက အလွတ်မပေး။
ဩဂုတ်လ၂၆ ရက်ညပိုင်း နှင့် ၂၇ ရက်နံနက်ပိုင်းတို့က အဆက်မပြတ်ရွာသွန်းသည့် မိုးကြောင့် ရေကြီးရေလျှံမှု ဖြစ်ခဲ့သလို ရှမ်းပြည်နယ်တောင်ပိုင်း ပေါင်းလောင်းမြို့သစ် သပြေကုန်းအုပ်စု ဧဒင်ကျေးရွာ၌ တောင်ပြိုကျရာ လူ ၁ ဦးသေဆုံးပြီး ၁ ဦးပျောက်ဆုံးနေကြောင်း အိမ် ၁၀ လုံးလည်း ပျက်စီးခဲ့ကြောင်း ဆာယာကရုဏာဖောင်ဒေးရှင်း တာဝန်ခံက ပြောသည်။
၎င်းက “မိုးက ညက မိမိရရ ရွာလိုက်တာ တောင်ကအိပြီး ရွာထဲကို ရေနဲ့အတူ မြေကြီးနဲ့ကျောက်လုံးတွေက ဖြတ်ဆင်း သွားတာ။ အိမ် ၁၀ လုံးပါသွားတယ်။ အမျိုးသားတဦးက ရှာတွေ့ပြီး အမျိုးသမီးတဦးက ရှာမတွေ့ သေးဘူး။ ရေစီးကြမ်းပြီး တောင်ပြိုတဲ့မြေတွေ ဖုံးသွားတော့ ရှာလို့ခက်နေတယ်” ဟု ပြောသည်။
နေပြည်တော် တပ်ကုန်းမြို့နယ်၌ နဝင်းချောင်းနှင့် ဆင်သေချောင်းရေတက်လာရာ ချောင်းနားရွာများနှင့် မြေနိမ့်ပိုင်းရွာများ ၁၀ ရွာထက်မနည်း ရေနစ်မြုပ်နေပြီး လူဦးရေ ၁၈၀၀ ကျော် ဘေးလွတ်ရာ ရှောင်နေကြရသည်ဟု လူမှုရေးအဖွဲ့များထံက သိရသည်။

အလားတူ တောင်ကုန်းတောင်တန်းများ ထူထပ်ပြီး ပေ ၃၇၀၀ ကျော်ဒေါနတောင်တန်းကြီးရှိရာ ကရင်ပြည်နယ် မြဝတီ မြို့နယ်၌ ပြီးခဲ့သည့် ဇူလိုင်လက သောင်ရင်းမြစ်ရေသည် တခဏအတွင်း စိုးရိမ်ရေမှတ်ကို နှစ်ကြိမ် ကျော်လွန်ခဲ့ရာ မြို့ပေါ် ရပ်ကွက်များနှင့် ရွာများ ရေဘေးသင့်ခဲ့ပြီး အလျင်အမြန်တက်လာသည့် ရေအရှိန်ကြောင့် နယ်စပ်ကုန်သွယ်ရေးမြို့ မြဝတီ၌သိုလှောင်ထားသောကုန်စည်ပစ္စည်းများ အချိန်မီ မရွှေ့ပြောင်းနိုင်ဘဲ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
ဒေသခံအမျိုးသားတဦးက “ရေက တနာရီလောက်တွင်းကို ၂ ပေ ၃ ပေလောက်ထိုးထိုးတက်လာတာ။ နောက်ပြီး ရေစီး ကလည်း တအားသန်တယ်။ လူနဲ့ အရေးကြီးပစ္စည်းတွေလောက်ပဲ အချိန်မီရွှေ့နိုင်တယ်။ ကျန်ခဲ့တာတွေကတော့ ရေနဲ့ မျောပါရင်ပါ၊ မပါရင်လည်း နုံးတွေတက်ပြီး ပျက်စီးတာ များတယ်” ဟု ပြောသည်။
မြဝတီမြို့ အမှတ် ၁ ရပ်ကွက်ရှိ ရေဘေးကြုံရသည့် အမျိုးသမီးတဦးကလည်း ကူညီကယ်ဆယ်ရေးအဖွဲ့များ မလုံလောက်၍ မိမိအစီအစဉ်ဖြင့် ပစ္စည်းများကို တပိုင်တနိုင်သာ ရွှေ့နိုင်သည့်အတွက် ဆုံးရှုံးမှုများရခြင်း ဖြစ်ကြောင်း ပြောသည်။
၎င်းက “တကယ်ဖြစ်လာပြီဆို အသက်ပဲလွတ်အောင်အရင်လုပြေးရတာ။ ဘာမှပစ္စည်းမှလည်း ယူချင်စိတ် မရှိတော့ဘူး”ဟု ပြောသည်။
ရေကြီးမှုသည် သဘာဝကပ်ဘေးတွေထဲ၌ မကြာခဏ ဖြစ်လေ့ရှိသည့် ဘေးအန္တရာယ်အမျိုးအစား ဖြစ်ပြီး ကမာ္ဘတဝန်း ကြီးမားသော ထိခိုက်ပျက်စီးမှုများ ဖြစ်လာစေတတ်ကြောင်း၊ အန္တရာယ်ရှိသည့် ရေကြီးမှုမျိုးမှာ မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း အလျင်အမြန် ရေမြင့်တက်လာသော “ရုတ်တရက် ရေကြီးမှုမျိုး” ဖြစ်ကြောင်း သိရသည်။
၂၀၂၁ အာဏာသိမ်းပြီးနောက် မြန်မာတနိုင်ငံလုံးအနှံ့ တိုက်ပွဲများဖြစ်ပွားနေရာ စစ်ပွဲများနှင့်အတူ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ပိုမိုဆိုးရွားလာခြင်းကြောင့် ရေကြီးမြေပြိုမှုများကို နှစ်စဉ် ကြုံတွေ့နေကြရသည်။
ထို့အတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် မိုးလေဝသဌာနမှ သတင်းအချက်အလက်များ ပုံမှန်စောင့်ကြည့်ရန်၊ နေထိုင် ရာ ပတ်ဝန်းကျင်နှင့်အိမ်တွင် ပျက်စီးနိုင်မှုများကို ကြိုတင်လေ့လာထားရန်၊ အရေးကြီး ဝန်ဆောင်မှုများ ရပ်ဆိုင်းရန်၊ လမ်းပိတ်ဆို့မှု၊ အရေးပေါ်ရွှေ့ပြောင်းခြင်းနှင့် ကျန်းမာရေးအန္တရာယ်များကို သတိပြုရန်၊ နေထိုင်ရာဒေသရှိ မြစ်ချောင်းများ၏ စိုးရိမ်ရေအမှတ်ကို စောင့်ကြည့်ရန်၊ အသက်ကယ်ပစ္စည်းများ ပြင်ဆင်ရန်၊ အရေးပေါ်အိတ်နှင့် အရေးပေါ်အစီအစဉ်များ ပြု လုပ်ထားရန်၊ အရေးကြီးပစ္စည်း လုံခြုံစွာထုတ်ပိုးသိမ်းဆည်းရန်၊ သန့်ရှင်းသော သောက်သုံးရေ ကြိုတင်စုဆောင်းထားရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR )က အသိပေး ထုတ်ပြန်ထားသည်။
ထို့နောက် ရေကြီးမှုဖြစ်ပေါ်နေစဉ်အတွင်း မိုးလေဝသသတိပေးချက်များ နားစွင့်ရန်၊ လျှပ်စစ်ပစ္စည်းများ ပိတ်ထားရန်၊ သန့်ရှင်းသောရေ သောက်သုံးရန်၊ အဆိပ်သင့် အန္တရာယ်ရှိ တိရစာ္ဆန်များ သတိပြုရန်၊ ရေထဲမဆင်းရန်၊ မြစ်ချောင်း ကမ်းပါးများ ရှောင်ရှားရန် စသည်တို့ကို လိုက်နာရန်လည်း UNHCR က ဆိုသည်။
ရေကြီးပြီးနောက် မိသားစုဝင်များ ပျောက်ဆုံးပါက သက်ဆိုင်ရာသို့ အကြောင်းကြားရန်၊ မိုးလေဝသသတင်းများ နားစွင့်ရန်၊ အမှိုက်များရှင်းလင်းရန်၊ အန္တရာယ်ရှိ လျှပ်စစ်ဓာတ်ကြိုးများ၊ သစ်ပင်များနှင့် ဝေးဝေးနေရန်၊ ကူးစက်ရောဂါများ၊ မြေမြုပ်မိုင်း နှင့် ပေါက်ကွဲစေတတ်သော လက်နက်အန္တရာယ် သတိပြုရန်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ ပူးပေါင်းပါဝင်ရန်၊ ပုပ်သိုးသော အစားအစာများ၊ ညစ်ညမ်းသောရေများကို ရှောင်ရန်၊ ရေထဲသို့ ခြေထောက်ဗလာဖြင့် သွားလာခြင်း မပြုရန် UNHCR က အကြံပြုထားသည်။
ထိုသို့ မြစ်ဖျားချောင်းဖျားဒေသများနှင့် တောင်ပေါ်ဒေသများ၌ တနှစ်ထက်တနှစ်မကြုံစဖူး ရေကြီးရေလျှံမှုများ ဖြစ်ပေါ် နေရခြင်းမှာ ရေဝေရေလဲဒေသများ၌သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်းတို့ကြောင့် အဓိကဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် လေ့လာစောင့်ကြည့်သူများက ပြောသည်။
စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များကြား တိုက်ပွဲများကြောင့် နှစ်ဖက်လုံးမှ နယ်မြေကောင်းစွာ ထိန်းချုပ်နိုင် ခြင်းမရှိသည့် အခြေအနေကို အခွင့်ကောင်းယူ၍ မေခ၊ မလိခ၊ ဧရာဝတီနှင့် ချင်းတွင်းမြစ်တလျှောက်တွင် စစ်တပ်နှင့် လက်နက်ကိုင်တို့ ခွင့်ပြုပေးထားသည့် ကုမ္ပဏီများအပါအဝင် ရွှေတူးဖော်မှုများအလွန်အကျွံပြုလုပ်နေကြပြီး လုပ်ငန်းခွင်မှ စွန့်ပစ်မြေစာတို့ကြောင့် မြစ်ဖျားပိုင်း ကြမ်းပြင်တို့ တနှစ်ထက်တနှစ် ပိုမိုတိမ်ကောလာကာ မိုးရွာသည်နှင့် ရေကြီးရေလျှံ ဖြစ်ပေါ်နေကြောင်း ပညာရှင်များက ထောက်ပြကြသည်။
ထို့ကြောင့် သစ်တောပြုန်းတီးမှုနှင့် သတ္တုသယံဇာတများထုတ်ယူမှုများသည့် ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့ကဲ့သို့ တောင်ပေါ် ဒေသများသာမက ကရင်ပြည်နယ်၊ ကရင်နီပြည်(ကယားပြည်နယ်) နှင့် ပဲခူးတိုင်းတို့တွင်လည်း ရေကြီး မြေပြိုမှုဒဏ်များ ကြုံကြရသည်။
တောင်ကုန်းတောင်တန်းထူထပ်သည့်ဒေသများ၌ သစ်တောပြုန်းတီးမှုကြောင့် မိုးရေတိုက်ရိုက်ကျဆင်းမှုကို ကာကွယ် ပေးသည့် သစ်ပင် များနည်းပါးသွားခြင်း၊ မိုးရေကို စုပ်ယူနိုင်သည့် သစ်ရွက်ဆွေးများနှင့် သစ်မြစ်များ မရှိခြင်းတို့ကြောင့် မိုးရေများ မြေဆီလွှာပေါ် တိုက်ရိုက်ကျကာ အတားအစီးမရှိ တောင်ကြော၊ တောင်တန်းတလျှောက် ထိုးဆင်းလာကာ ရေကြီး၊ ရေလျှံမှု နှင့်အတူ မြေပြိုမှုတို့ပါဖြစ်ပေါ်စေကြောင်း သဘာဝပတ်ဝန်းကျင် လေ့လာ စောင့်ကြည့်သူများက ပြောသည်။
ထို့အတွက် ကုန်းမြင့်ပိုင်းမှ မြေသားတို ပြိုဆင်းကာ စိုက်ခင်းများ နုန်းမြေလွှမ်းမိုးစေခြင်း၊ မြစ်ချောင်းများအတွင်း ဝင်ရောက်မှုကြောင့် ရေကြီးရေလျှံမှုများကို လက်တွေ့ခံစားနေရခြင်းဖြစ်သည်။

ကရင်သဘာဝပတ်ဝန်းကျင် နှင့် လူမှုရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက် KESAN ဒါရိုက်တာ သရာပေါလ် စိန်ထွား(Thara Paul Sein Twar) က “သစ်တောပြုန်းတီးမှုများတော့ သိပ္ပံနည်းနဲ့ ပြန်ကြည့်ရင် ရေကို စုပ်ထားတဲ့ ထိန်းထားတဲ့ အပင်တွေ၊ သစ်ပင်တွေမရှိတဲ့အခါမှာ ရေကြီးတာများမယ်။ ပြီးတော့ မြေပြိုတာတွေအများကြီးဖြစ်ပေါ်လာတာ”ဟု ပြောသည်။
ထို့အတွက် ရေဘေးသင့်ဒေသများ၌ ကူညီကယ်ဆယ်ရေး မလုံလောက်မှု နေရာအနှံ့ကြုံနေကြရသလို မလိုလားအပ်သည့် ထိခိုက်ဆုံးရှုံးများ နှစ်စဉ်ကြုံနေကြရပြီး ယင်းပြဿနာကို ကြိုတင်ကာကွယ်ဖြေရှင်းရန် နည်းလမ်းများကို နိုင်ငံအဆင့် လုပ်ဆောင်မှသာ ရနိုင်မည်ဖြစ်သော်လည်း နျူကလီးယား ပိုင်ဆိုင်ရန်သာ လုပ်ဆောင်နေသည့် အာဏာသိမ်း စစ်တပ် လက်ထက်တွင် ဤကဏ္ဍမှာ ဦးစားပေး လုပ်ငန်းစဉ် မဟုတ်ပေ။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုအတွက် အမျိုးသားအဆင့်မှ အောက်ခြေအဆင့်ထိ အုပ်ချုပ်မှုအဆင့်အားလုံးတွင် အဖွဲ့အစည်း များ ဖွဲ့စည်းထားသည်ဆိုသော်လည်း သဘာဝဘေးတခုခုကျရောက်ပါက ပရဟိတအဖွဲ့အစည်းများဖြင့်သာ ကိုယ်ထူ ကိုယ်ထ ရုန်းကန်ကြရသည်ကို ပြီးခဲ့သော မိုခါမုန်တိုင်း၊ ရာဂီမုန်တိုင်းများနှင့် စစ်ကိုင်းငလျင်တို့က သက်သေ ပြနေသည်။
၂၀၂၃ ခုနှစ် မေလ၌ အလွန့်အလွန်အားကောင်းသော မိုခါမုန်တိုင်းတွင်း ရခိုင်ပြည် စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ဘူးသီးတောင်ဒေသများ၌ လူ ၅၀၀ခန့် သေဆုံးပြီး ရာပေါင်းများစွာ ပျောက်ဆုံးကာ အိမ် ၁၈၃၀၂၄ လုံး၊ သာသနိက အဆောက်အအုံနှင့်ဘုန်းကြီးကျောင်း ၁၇၀၀ ကျော်၊ ကျောင်း ၁၃၉၇ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၂၂၇ ခု၊ ဆက်သွယ်ရေး တာဝါတိုင် ၁၁ခု၊ လေဆိပ် ၂ ခု၊ ဈေး ၁ခု နှင့် ဌာနဆိုင်ရာအဆောက်အအုံ ၃၄၀ ပျက်စီးခဲ့ရပြီး စိုက်ပျိုးရေး လုပ်ငန်းသုံး ကျွဲနွားကောင်ရေ ၁ သောင်းကျော် သေဆုံးခဲ့ရသည်။
ထို့အတူ ၂၀၂၄တွင်လည်း ပစ္စဖိတ်သမုဒ္ဒရာမှ ဆူပါတိုင်ဖွန်းမုန်တိုင်း ယာဂီ ဝင်ရောက်တိုက်ခတ်ပြန်ရာ နေပြည်တော် အပါအဝင် ရမည်းသင်းနှင့် နေရာတော်တော်များ၊ ရှမ်းပြည်တောင်ပိုင်းနှင့် အင်းလေးဒေသ၊ ကရင်နီဒေသများကို ထိခိုက်ခဲ့ ရပြီး လူပေါင်း ၁၄၈,၆၄၃ ဦး ရေဘေးသင့်ခဲ့ရကာ ၄၁၉ ဦး သေဆုံးကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သော်လည်း ကုလသမဂ္ဂ၏ စာရင်းအရ နိုင်ငံတဝန်း ရေဘေးသင့်သူ ၆ သိန်း ၃ သောင်းကျော်ရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည် ဇူလိုင်လနှင့် ဩဂုတ်လအတွင်း ဧရာဝတီမြစ် ၊ မယ်ဆိုင်ချောင်း ၊ စစ်တောင်းမြစ် ၊ ရွှေကျင်မြစ်နှင့် သံလွင်မြစ်ရေတို့သည် စိုးရိမ်ရေမှတ် ကျော်လွန်မြင့်တက်မှု ၅ ကြိမ်ထက်မနည်းရှိခဲ့ပြီး စစ်တောင်မြစ်ရေကြီးမှုကြောင့် ပဲခူတိုင်း ညောင်လေးပင် နှင့် တောင်ငူ ခရိုင်တို့တွင် ကျေးရွာ ၁၀၀ ကျော် ရေးဘေးသင့်ခဲ့ပြီး လယ်ဧက သိန်းချီ ပျက်စီးခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။
သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် သယံဇာတများ ထုတ်ယူမှုများသည် ပြည်တွင်းစစ်ဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် ပိုမိုဆိုးရွားသည့်အခြေအနေတွင်သာဆက်ရှိမည်ဖြစ်သောကြောင့် ပဋိပက္ခများချုပ်ငြိမ်းသွားမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုများကို ရေရှည်စီမံကိန်းများဖြင့် စနစ်တကျလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပညာရှင်များက ပြောသည်။
စစ်စရိတ်အတွက် လိုအပ်သည့်ငွေကြေးများအား အမြန်ဆုံးနှင့် အလွယ်ဆုံးရနိုင်သည့် သဘာဝသယံဇာတများနှင့် သစ်တောများကို နှစ်ဖက်အဖွဲ့အစည်းများက ထုတ်ယူရောင်းချနေကြသဖြင့် စစ်ပွဲများ မပြီးဆုံးသေးသ၍ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများအား ကုစားရန် မလွယ်ကူနိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ဆိုသည်။
သရာပေါလ် စိန်ထွားက “ပဋိပက္ခနဲ့ သဘာဝပတ်ဝန်းကျင် နဲ့ ရာသီဥတုအပြောင်းအလဲတွေ အားလုံးက ပတ်သက်နေတာ ပဋိပက္ခက များနေရင်၊ ကြာနေရင် သဘာဝပတ်ဝန်းကျင်အတွက် မကောင်းဘူး။ သဘာဝ ပတ်ဝန်းကျင် မကောင်းရင် ရာသီဥတုအပြောင်းအလဲကို သွားပြီးတော့ ပတ်သက်တာပေါ ပဋိပက္ခ မြန်မြန် အဆုံးသတ်ဖို့ ကျနော်တို့ လိုချင်နေတာ”ဟု ပြောသည်။
ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်ခြိမ်းခြောက်ခံရမှုအမြင့်ဆုံး နိုင်ငံများထဲ မြန်မာ ပါဝင်နေပြီး ၂၀၂၄ စာရင်း၌ နံပါတ် ၆ နေရာတွင် ရှိနေကြောင်း World Risk Index 2024 အရ သိရသည်။
“This story was produced with support of the Internews Earth Journalism Network.”
You may also like these stories:
ငလျင် ၄ လကျော်ပေမယ့် ရုန်းမထနိုင်သေးသည့် ဘဝများ
မြဝတီ-ဘားအံ ၁၀၁၈ လမ်း မြေပြိုနေ၍ ကုန်ကားများ လှည့်ပြန်နေရ
ရခိုင်၌ ရေဘေးသင့်ပြည်သူ တသောင်းကျော် အကူညီလိုအပ်နေ
မုတ်သုံအစ မိုးများ၍ အညာတောင်သူတို့ သီးနှံစိုက်ခင်းများ ပျက်စီး
တရုတ် ခဲမိုင်းက ကယန်းမျိုးနွယ်စုများကို အကြီးအကျယ် ဒုက္ခပေးနေ














