တောင်စောင်းတခုမှ ဆန္ဒပြနေသော မြန်မာမှ ကယန်းမျိုးနွယ်စု ပရာဒေါင်း ဆွေမျိုးစုဝင် ရာပေါင်းများစွာသည် ၎င်းတို့ဘိုးဘွားပိုင် ဇာတိမြေတွင် တရုတ်ဖက်စပ်လုပ်ငန်းတခုက ကျောက်များကို ကြိတ်ခွဲပြီး ခဲသတ္တုရိုင်း ထုတ်လုပ်မည့် ကြီးမားသော စက်များရှိရာ ဂူသဖွယ်အဆောက်အအုံသို့ ချီတက်နေကြသည်။
သိပ်သည်းဆများသော ခဲသတ္တုဝယ်လိုအားသည် ကမ္ဘာ့စွမ်းအင် အသွင်ကူးပြောင်းမှုအတွက် လိုအပ်သည့် ဘက်ထရီများတွင် အသုံးပြုမှုကြောင့် မြင့်မားလာမည်ဟု ခန့်မှန်းကြသည်။
သို့သော် ထိုသတ္တုကို ထုတ်ယူခြင်းသည် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေပြီး ပရာဒေါင်း ဆွေမျိုးစု ပြည်သူများသည် “ပွင့်လင်းမြင်သာမှု မရှိ၊ တာဝန်ယူတာဝန်ခံမှု မရှိ” ဆိုသည့် စာတန်းများကို ကိုင်ဆောင်ထားကြသည်။
“ကျနော်တို့ ဘိုးဘွားအမွေအနှစ်ကို ငွေနဲ့ချမ်းသာကြွယ်ဝမှုနဲ့လဲဖို့ဘာအစီအစဉ်မှ ကျနော်တို့မှာ မရှိဘူး” ဟု အသက် ၂၄ နှစ်အရွယ် ဆန္ဒပြခေါင်းဆောင် ခွန်ခိုင်မင်းနိုင်က ပြောသည်။

“ဒီမြေဟာ ကျနော်တို့ (ပရာဒေါင်း) ဆွေမျိုးစုအတွက် ဂုဏ်သိက္ခာပဲ” ဟု ၎င်းက ပြောသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှ စတင်ပြီး မြန်မာသည် ပြည်တွင်းစစ်ကြောင့် ပြိုကွဲကာ စည်းကမ်းမဲ့ သတ္တုတူးဖော်သူများ အမြတ်ထုတ်ရန် အုပ်ချုပ်မှုလျော့ရဲသည့် ပိုင်နက်အများအပြားအဖြစ် အစိတ်စိတ်အမွှာမွှာ ဖြစ်နေသည်။
အိမ်နီးချင်း တရုတ်နိုင်ငံသည် မြန်မာမှ ရနိုင်သမျှ တွင်းထွက်နှင့် သတ္တုများကို သိမ်းကြုံးယူရန် စိတ်အားထက်သန်နေသည်။
ကယန်းလူမျိုးစုမှ လူသိနည်းသည့် မျိုးနွယ်စုဖြစ်သော ‘ပရာဒေါင်း ဆွေမျိုးစု’ တွင် လူဦးရေ ၃,၀၀၀ ခန့်ရှိပြီး ရှမ်းပြည်နယ်နှင့် ကယား/ကရင်နီပြည်နယ်စပ်တွင် ၃၈၁ နှစ်ကြာ မျိုးရိုးစဉ်ဆက်ရှိသည်။
မြန်မာမှ လေးပွင့်ကြယ်ကုမ္ပဏီနှင့် တရုတ်စီးပွားဖက် လုပ်ငန်းတခုသည် ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှ ၎င်းတို့၏ သိကျိတ်ကျေးရွာ အထက်ပိုင်းတွင် ခဲသတ္တုတူးဖော်မည့် စီမံကိန်းကြီးတခုအတွက် ပူးပေါင်းဆောင်ရွက်နေကြောင်း ၎င်းတို့က ပြောသည်။
စက်ယန္တရားကြီးများကို ဖေဖော်ဝါရီလတွင် စတင်တပ်ဆင်ခဲ့သော်လည်း ထိုအစီအစဉ်နှင့်ပတ်သက်ပြီး ၎င်းတို့နှင့် ဆွေးနွေးတိုင်ပင်ခြင်း မရှိကြောင်း၊ ထိုစီမံကိန်းက ဒေသကို အန္တရာယ်ရှိသော ဓာတုပစ္စည်းများဖြင့် ညစ်ညမ်းစေမည်ကို စိုးရိမ်ကြောင်း ပရာဒေါင်း ဆွေမျိုးစုများက ပြောကြသည်။

ဒေသခံများက မော်တော်ယာဉ်များ ပြန်လှည့်စေရန် လမ်းများကို ပိတ်ထားပြီး သတ္တုတူးဖော်ရေး ကိရိယာများကို သိမ်းယူမည်ဟု ခြိမ်းခြောက်သည်။ လူထုစုဝေးခွင့်သည် လက်နက်ကိုင်အစောင့်များ၏ စိတ်အပြောင်းအလဲအပေါ် မူတည်သည့်နိုင်ငံတွင် ဖြစ်လာနိုင်သည့် အကြမ်းဖက်ဆန့်ကျင်မှုကို သိသော်လည်း အာခံကြသည်။
“ကျနော်တို့က ကျနော်တို့ရသင့်တဲ့ ဌာနေတိုင်းရင်းသားအခွင့်အရေးကို တောင်းဆိုနေတာသာဖြစ်တယ်” ဟု ခွန်ခိုင်မင်းနိုင်က AFP သတင်းဌာနသို့ ပြောသည်။ သတ္တုတူးမည့်အစီအစဉ်များကို စစ်ပွဲပြီးသည်အထိ၊ အရပ်သား အစိုးရတရပ်က ထိုသတ္တုမိုင်းများကို စစ်ဆေးနိုင်သည်အထိ ရုပ်သိမ်းရန် တောင်းဆိုသည်။

သဘာဝ သယံဇာတများ
ခဲသည် အဆိပ်ဖြစ်သော သတ္တုဖြစ်ပြီး ခဲ-အက်စစ် ဘက်ထရီများတွင် သုံးရန် အဓိကအားဖြင့် တူးဖော်ကြသည်။
ခဲထုတ်ယူခြင်းသည် ဒေသမြေနှင့်ရေကို ညစ်ညမ်းစေပြီး ကလေးများအတွက် အန္တရာယ်ပိုမိုများသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောသည်။
“ဒီမြေကို လာမယ့်မျိုးဆက်အတွက် သဘာဝပတ်ဝန်းကျင် ပျက်စီးတာ လက်မခံနိုင်ဘူး။ ကျနော်တို့ကို သမိုင်းတရားခံအဖြစ် သတ်မှတ်တာ လက်မခံနိုင်ဘူး” ဟု ခွန်ခိုင်မင်းနိုင်က ပြောသည်။
လေးပွင့်ကြယ်ကုမ္ပဏီသည် ထိုဒေသတွင် လှုပ်ရှားနေသည်မှာ ဆယ်စုနှစ် နှစ်ခုရှိပြီဖြစ်ပြီး ဒေသကိုအုပ်ချုပ်သည့် ကယန်းပြည်သစ်ပါတီ (KNLP) နှင့် ပတ်သက်သည်ဟု ပရာဒေါင်း ဆွေမျိုးစုက ပြောသည်။ KNLP ၏ လက်နက်ကိုင်တပ်များသည် မြန်မာစစ်တပ်နှင့် အပစ်အခတ်ရပ်စဲထားသည်။
မှတ်ချက်တောင်းရန်အတွက် ထိုလုပ်ငန်းကို ဆက်သွယ်နိုင်ခြင်း မရှိပေ။

၎င်းတို့၏ စီးပွားဖက် တရုတ်ကုမ္ပဏီကို ဖော်ထုတ်ရန် ပိုမိုခက်ခဲပြီး ရပ်ရွာအသိုက်အဝန်း ဆန့်ကျင်မှုကို ဖြေရှင်းရန် လေးပွင့်ကြယ် ကုမ္ပဏီနှင့် ပူးတွဲအခမ်းအနားသို့ တရုတ်လုပ်ငန်းကိုယ်စားလှယ်များ ပါဝင်လာမှသာ ထိုလုပ်ငန်းလည်း ပါဝင်ကြောင်း သိရသည်ဟု ဒေသခံများပြောသည်။
တရုတ်သည် မြန်မာနှင့် နယ်နိမိတ် ကီလိုမီတာ ၂,၁၀၀ (မိုင် ၁,၃၀၀) ထိစပ်နေပြီး ကျောက်စိမ်း၊ ကျောက်မျက်၊ ကျွန်းသစ်နှင့် သတ္တုရိုင်းအပါအဝင် မြန်မာ၏ သယံဇာတများအတွက် အကျိုးအမြတ်များသည့် ဈေးကွက် ဖြစ်နေသည်မှာ နှစ်ပေါင်းများစွာကြာပြီ ဖြစ်သည်။
မြန်မာ့ခဲသတ္တုရိုင်းနှင့် ခဲတင်ပို့မှု၏ ၉၈ ရာခိုင်နှုန်းကို တရုတ်သို့ တင်ပို့သည်ဟု ၂၀၂၃ ခုနှစ် ကမ္ဘာ့ဘဏ် စာရင်းများအရ သိရသည်။ ထိုနှစ်တွင် ဒေါ်လာ သန်း ၂၀ တန်သည့် ခဲ တန် ၄၉,၀၀၀ ကို တရုတ်သို့ တင်ပို့သည်ဟု စာရင်းများက ဆိုသော်လည်း အမှန်တကယ်တင်ပို့သည့် ပမာဏထက် များစွာလျော့နည်းနိုင်သည်။
ဗဟိုအာဏာပိုင် မရှိသောကြောင့် မြန်မာနိုင်ငံတဝန်းမှ သတ္တုတူးဖော်သည့် အမှန်တကယ် အတိုင်းအတာကိုသိရန် ခက်ခဲသည်။
သို့သော် ဗြိတိန်အခြေစိုက် Centre for Information Resilience က မြန်မာ-တရုတ်နယ်စပ် ဂြိုဟ်တုဓာတ်ပုံများကို သရုပ်ခွဲလေ့လာမှုအရ ထိုဒေသမှ သတ္တုတူးဖော်သည့် လုပ်ငန်းများသည် ၂၀၁၈ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း ၂ ဆ တိုးလာကြောင်း ပြသနေသည်။

ကလေးများအတွက် ကျောက်ခဲများသာ ကျန်မည်
ပြန်လည်အားသွင်းနိုင်သော ခဲ-အက်စစ် ဘက်ထရီများကို လျှပ်စစ်မော်တော်ယာဉ်များအတွက် အရန်စွမ်းအင်အဖြစ် အပါအဝင် မော်တော်ယာဉ်များတွင်သာမက လေနှင့်ဆိုလာကဲ့သို့ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်နည်းပညာများက ထုတ်လုပ်သည့် ဓာတ်အားကို သိုလှောင်ရာတွင် ကျယ်ပြန့်စွာ အသုံးပြုကြသည်။
“အများပြည်သူကျန်းမာရေး ထိခိုက်စေသည့် သတ္တု ၁၀ မျိုး” အနက် တမျိုးအဖြစ် WHO က သတ်မှတ်ထားသည့် သန့်စင်ပြီး ထိုသတ္တုကို ကမ္ဘာ့ဈေးကွက်တွင် တတန် ဒေါ်လာ ၂,၀၀၀ ဖြင့် ရောင်းချကြသည်။
သို့သော် ထိုအကျိုးအမြတ်အနက် မည်သည်ကိုမှ မြင်ရမည်မဟုတ်ဟု ပရာဒေါင်း ဆွေမျိုးစုက သိသည်။
ကျန်းမာရေးအန္တရာယ်များအပြင် သဘာဝပတ်ဝန်းကျင် ပျက်စီးမည်ကို ဒေသခံများ စိုးရိမ်ပြီး မကြာသေးမီနှစ်များက သတ္တုတူးဖော်မှု တိုးလာခြင်းကြောင့် ရေလွှမ်းမိုးမှုနှင့် အိမ်များ အလုံးလိုက် ပါသွားသည့် မြေပြိုမှုများ ပိုမို များပြားလာကြောင်း ဒေသခံများက ပြောသည်။
အသက် ၁၉ နှစ်အရွယ် မူဂျူဂျူလိုင်သည် သတ္တုတွင်း မြေစာပုံများမှ ခဲအပိုင်းအစ ရှာဖွေရောင်းချ အသက်မွေးသည်။
သတ္တုရှာဖွေမှု များလာခြင်းသည် သူ့အတွက် ဝင်ငွေတိုးစေနိုင်သော်လည်း အနာဂတ်မျိုးဆက်များအတွက် အသက်မွေးဝမ်းကြောင်းများနှင့် နေအိမ်များဆုံးရှုံးမည်ကို သူစိုးရိမ်သည်။
“ကျမတို့က သူတို့ကို ခွင့်ပြုလိုက်ရင် ကျမတို့ တနှစ် နှစ်နှစ်ပဲ အဆင်ပြေမယ်။ ကျမတို့ ကလေးတွေခေတ်ရောက်တဲ့အခါ ကျောက်တုံးတွေပဲ ကျန်လိမ့်မယ် ” ဟု မူဂျူဂျူလိုင်က ပြောသည်။
(AFP သတင်း China lead mine plan weighs heavily on Myanmar tribe ကို ဘာသာပြန်ဆိုသည်)
You may also like these stories:
စစ်ကောင်စီလက်ထက် တရားမဝင် သတ္တုတူးဖော်မှု ပိုကျယ်ပြန့်လာနေ
ရှမ်းအရှေ့ပိုင်းရွှေတူးဖော်မှုကြောင့် မယ်ဆိုင်တွင် နုန်းဒဏ် အဆိုးဆုံးကြုံရဟုဆို
တရုတ်စီမံကိန်းများဖြင့် စီးပွားရေးမြှင့်တင်ရန် ဝပြည် မျှော်မှန်း
မြေရှားသတ္တုတူးနေကြသော တရုတ်-မြန်မာ နယ်စပ်က “စတေးခံဇုန်များ”
တရုတ်စီမံကိန်းကြီးများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှုများ စိုးရိမ်ရ