• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တရုတ်စီမံကိန်းကြီးများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှုများ စိုးရိမ်ရ

by နန်းလွင်
28 November 2019
in ဆောင်းပါး
A A
လက်ပံတောင်း ကြေးနီမိုင်းကို ၂၀၁၂ ခုနှစ်အတွင်းက မြင်ရစဉ် / ဧရာဝတီ

လက်ပံတောင်း ကြေးနီမိုင်းကို ၂၀၁၂ ခုနှစ်အတွင်းက မြင်ရစဉ် / ဧရာဝတီ

7.9k
VIEWS
Share on FacebookShare on Twitter

နိုင်ငံအတွင်းသို့ တရုတ်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာခြင်းနှင့်အတူ အဓိကကျသော အစိုးရအရာရှိ အများအပြားတို့သည် မြန်နှုန်းမြင့်ရထားလမ်း တခုမှသည် အထူးစီးပွားရေးဇုန်များနှင့် ပင်လယ်ဆိပ်ကမ်းများ အထိ ပါဝင်သော တရုတ်စီမံကိန်းကြီးများကို ထောက်ခံပြောဆိုလာကြသည်။

တရုတ်နိုင်ငံ၏ မဟာအခြေခံ အဆောက်အအုံ စီမံကိန်းများသည် မြန်မာနိုင်ငံအတွက် စီးပွားရေး တိုးတက်မှုနှင့် ပြည်သူများအတွက် စီးပွားရေး အကျိုးအမြတ်များ ဆောင်ယူလာပြီး ဒေသတွင်းတွင် နိုင်ငံ၏ သေနင်္ဂဗျူဟာ အရ အရေးပါမှုကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း ထိုအရာရှိများက ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ညီလာခံ အများအပြားတွင် ပြောကြားကြသည်။

သို့သော် ထိုအရာရှိများ ယခုအချိန်အထိ ဖော်ပြရန် ပျက်ကွက်နေသည်မှာ ထိုစီမံကိန်းကြီးက အိမ်ရှင် လူမှုအသိုင်းအဝန်းများ အပေါ် သက်ရောက်မည့် အလားအလာ ရှိသော သဘာဝပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှုများ ဖြစ်သည်။

ထိုစီမံကိန်းကြီးများက ဇီဝမျိုးကွဲစုံလင်မှု၊ ကာကွယ်တောများနှင့် ရေသယံဇာတ များကို မည်မျှထိခိုက်စေမည်ကို ထိုအရာရှိများ ပြောခဲလှသည်။ ထိုကဲ့သို့သော တရားဝင် နှုတ်ဆိတ်နေခြင်းနှင့် ရင်ဆိုင်ရသောကြောင့် ကျွမ်းကျင်သူများနှင့် တက်ကြွ လှုပ်ရှားသူများသည် စီမံကိန်းဒေသများတွင် မြေယာသိမ်းယူမှု၊ ရွှေ့ပြောင်းအခြေချများ ဝင်ရောက်လာခြင်း၊ အသက်မွေးဝမ်းကြောင်းများ ဆုံးရှုံးခြင်းနှင့် လေ၊ ရေနှင့် ဆူညံမှု ညစ်ညမ်းခြင်းများအကြောင်း ပူပန်နေကြသည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (CMEC) ထူထောင်ရန် နားလည်မှုစာချွန်လွှာ (MOU) ကို လွန်ခဲ့သော နှစ်က လက်မှတ်ရေးထိုးပြီးနောက် မြန်မာနိုင်ငံတွင် ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) အရ ကြီးမားသော စီမံကိန်း လုပ်ငန်းများကို အကောင်အထည်ဖော်နေသည်။

ခန့်မှန်းခြေအားဖြင့် ကီလိုမီတာ ၁၇၀၀ ရှည်လျှားပြီး Y ပုံသဏ္ဍန်ရှိ ထိုစင်္ကြန်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မြို့တော် ကူမင်းနှင့် မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးအချက်အခြာ နေရာများဖြစ်သော မန္တလေးကို ပထမ ဆက်သွယ်ပြီးနောက် အရှေ့ဘက် ရန်ကုန်သို့ဆက်သွယ်ကာ အနောက်ဘက်တွင် ရခိုင်ပြည်နယ်မှ ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) သို့ ဆက်သွယ်မည်ဖြစ်သည်။ လက်တွေ့တွင် CMEC သည် ယူနန်နှင့် ဘင်္ဂလားပင်လယ်အော်ကို ဆက်သွယ်မည့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေး စင်္ကြန် (BCIM) ၏ ကနဦးအဆင့်ဖြစ်သည်။

ပညာရှင် အစီရင်ခံစာများ၏ အဆိုအရ မြန်မာနိုင်ငံတွင် BCIM ၏ လမ်းအခြေခံ အဆောက်အအုံစီမံကိန်း နှစ်ခု အဆိုပြုထားသည်ဟု သိရသည်။ တခုမှာ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမှတဆင့် တရုတ်ကို အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်သို့ ဆက်သွယ်ပေးမည့်  အရှေ့အနောက်စင်္ကြန်ဖြစ်ပြီး အခြားတခုမှာ ထိုစင်္ကြန်နှင့် အိန္ဒိယ သမုဒ္ဒရာကို ရန်ကုန်မှတဆင့် ဆက်သွယ်မည့် တောင်မြောက်စင်္ကြန်ဖြစ်သည်။

မြန်မာအရာရှိများ၏ အဆိုအရ BRI ၏ ကျောရိုးစီမံကိန်းများ တည်ဆောက်ခြင်းကို လာမည့်နှစ်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။ အထူးသဖြင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း၊ မူဆယ်-မန္တလေး ရထားလမ်းနှင့် ရှမ်းနှင့်ကချင်ပြည်နယ်များမှ နယ်စပ်အထူး စီးပွားရေးဇုန်များ အတွက် သတ်မှတ်ရက်စွဲများပင် ရှိနေပြီးဖြစ်သည်။

ကချင်ပြည်နယ်မှ စီးပွားရေးတိုးတက်မှုဇုန်၊ မန္တလေး မြို့သာ စက်မှုဒေသတွင် စက်မှုဇုန်တခု၊ ပုသိမ် စက်မှုဒေသမှ တရုတ်အထည်အလိပ် စက်မှုမြို့တော်၊ ပဲခူးတွင် စက်မှုဇုန်တခုနှင့် အခြားစီမံကိန်းများဖြစ်သော ရှမ်းပြည်နယ်၊ မန္တလေး၊ နေပြည်တော်နှင့် ရခိုင်ပြည်နယ်ကျောက်ဖြူမှ လမ်းများ၊ ရထားလမ်းများနှင့် တံတားများ အဆင့်မြှင့်တင်ရေး အပါအဝင် အဓိက အခြေခံအဆောက်အအုံစီမံကိန်းများကို CMEC အောက်တွင် အကောင်အထည်ဖော်နေပြီဖြစ်သည်။

လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုအတွင်း ရာသီဥတုပြောင်းလဲမှုကြောင့် အထိခိုက်ဆုံးသော နိုင်ငံသို့မဟုတ် ပိုင်နက်နယ်မြေ သုံးခုတွင် ပျူတိုရီကိုနှင့် ဟွန်ဒူးရပ်တို့နှင့်အတူ ပါဝင်နေသောကြောင့် ထိုကြီးမားသော စီမံကိန်း များသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ ထံမှ ပူပန်မှုများကို ဖြစ်ပေါ်စေသည်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု အန္တရာယ်အညွှန်းကိန်း အရ ထိုသို့ဖြစ်ရခြင်းမှာ မူလကရှိပြီးဖြစ်သော လူမှု ထိခိုက်လွယ်မှုနှင့် မဏ္ဍိုင်အဖွဲ့အစည်းများ အားနည်းခြင်းတို့နှင့်အတူ ပြင်းထန်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်လွယ်မှုများကြောင့်ဖြစ်သည်။

“BRI လို စီမံကိန်းကြီးတွေဟာ ပြန်ပြုပြင်လို့မရတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်တတ်တယ်။  ဒါကို သစ်တောရှိတဲ့နေရာမှာ အကောင်အထည်ဖော်ရင် သစ်တောပြုန်းတီးမှုဖြစ်မယ်။ အိမ်ရှင်နိုင်ငံမှာ ရာသီဥတု ပြောင်းလဲမှုကို ဖြစ်စေမယ်။  ရာသီဥတုပြောင်းလဲမှုဖြစ်ရင် သဘာ၀ ဘေးအန္တရာယ်တွေလိုက်လာမယ်” ဟု မြန်မာနိုင်ငံတွင် ထိပ်တန်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အသင်းဖြစ်သော စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောသည်။

“ဒီ့အပြင် ဒီစီမံကိန်းတွေက မလိုလားအပ်တဲ့ လူမှုသက်ရောက်မှုတွေ ဖန်တီးလိမ့်မယ်။ မြန်မာနိုင်ငံက တချို့နေရာတွေဟာ သဘာဝပတ်ဝန်းကျင်အရ၊ နိုင်ငံရေးအရ၊ လူမှုအရ အထိမခံဘူး။ စီမံကိန်း အကောင်အထည် ဖော်ခြင်းကို သတိထားကိုင်တွယ်ရမယ်။ ဒီပြဿနာတွေကို ထည့်သွင်းစဉ်းစားရမယ်” ဟုလည်း သူက ပြောသည်။

စီမံကိန်းအများစုမှာ မစတင်သေးသောကြောင့် ပူပန်မှုများသည် အချိန်မတန်သေး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် တရုတ်စီမံကိန်းများနှင့် ပတ်သက်သော မြန်မာ၏ အတွေ့အကြုံများကြောင့် ထိုသို့သောပူပန်မှုများ ဖြစ်သင့်ပေသည်။

မြန်မာနိုင်ငံတွင် တရုတ်ကုမ္ပဏီများသည် ၎င်းတို့စီမံကိန်းများ၏ သဘာ၀ ပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှုများကြောင့် လူကြိုက်နည်းပြီး အငြင်းပွားဖွယ်ရာ ဖြစ်နေသည်မှာ ဝမ်းနည်းစရာကောင်းသော်လည်း မှန်ကန်နေသည်။

စစ်ကိုင်းတိုင်းမှ လက်ပတောင်း ကြေးနီမိုင်းသည် အဓိက ဥပမာတခုဖြစ်ပြီး တရုတ်နိုင်ငံအပေါ် အများပြည်သူ မုန်းတီးမှုများ စတင်ရာနေရာဖြစ်နေသည်။ တရုတ်နိုင်ငံ ဝမ်ပေါင် သတ္တုတူးဖော်ရေး ကုမ္ပဏီက လုပ်ကိုင်သည့် ထိုလုပ်ငန်းသည် အတင်းအကျပ် မောင်းနှင်ထုတ်ခြင်း၊ မြေသိမ်းခြင်း၊ ကန့်ကွက်ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းခြင်း၊ ဆိုးရွားသော သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးထိခိုက်မှုများနှင့် ဘာသာရေးအရ အရေးကြီးသောနေရာများကို ဖျက်သိမ်းခြင်းတို့နှင့် ပတ်သက်နေသည်။

၂၀၁၂ ခုနှစ်တွင် ဆန္ဒပြသော ရွာသားများနှင့် သံဃာတော်များကို မီးခိုးဗုံးများဖြင့် ဖြိုခွဲရာ လူအများအပြား မီးလောင်ကုန်သောကြောင့် လူထုဒေါသထွက်ပြီး ထိုပဋိပက္ခကို တနိုင်ငံလုံး လူသိများလာသည်။

၂၀၁၆ ခုနှစ်အတွင်း လက်ပံတောင်းဒေသခံများ ဆန္ဒပြမှုတခုတွင် ရဲနှင့် ထိပ်တိုက်တွေ့နေစဉ်/ဧရာဝတီ

၂၀၁၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုမိုင်းကို စုံစမ်းစစ်ဆေးသည့် ကော်မရှင်ကို ဦးဆောင်ခဲ့သည်။ ထိုကော်မရှင်က ထိုမိုင်းကိုပိတ်ပစ်ရန် အကြံပြုခြင်း မရှိသော်လည်း ကုမ္ပဏီအနေဖြင့် ပတ်ဝန်းကျင်ထိခိုက်မှု၊ လူမှုဘဝ ထိခိုက်မှုနှင့် ကျန်းမာရေးထိခိုက်မှု အကဲဖြတ်ခြင်းပြုလုပ်ရန် သို့မဟုတ် စီမံကိန်းကို ဆက်မလုပ်မီ ပတ်ဝန်းကျင် စီမံမှု စီမံချက်ကို အကောင်အထည်ဖော်ရန် အကြံပေးခဲ့သည်။

သဘာ၀ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ အဆိုအရ ဝမ်ပေါင်သည် စီမံကိန်းကို ဆက်လုပ်ရန် EIA တခု ပြုလုပ်ရန် လိုခဲ့ကြောင်း သိရသည်။

သို့သော် ၂၀၁၉ ခုနှစ် မေလတွင် အစိုးရက လက်ပတောင်းကြေးနီမိုင်း ပတ်ဝန်းကျင်ရှိ လေထုပတ်ဝန်းကျင်တွင် ပြဌာန်းထားသည့် အဆင့်ထက်ပိုပြီး အမှုန်များပါဝင်နေသောကြောင့် ပူပန်ကြောင်း တရားဝင်ကြေညာခဲ့သည်။ ထိုစီမံကိန်းကြောင့် စက်ရုံအနီး လေထုထဲတွင် ဆာလဖာဒိုင်အောက်ဆိုဒ် ပါဝင်မှု မြင့်မားနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားပြီး ပတ်ဝန်းကျင်တွင် သစ်တောပြုန်းတီးခြင်းကိုလည်း ပူပန်ကြောင်း ပြောကြသည်။

၂၀၀၉ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်များတွင် ထိုဒေသကို ကောင်းကင်မှ ရိုက်ကူးထားသော ဓာတ်ပုံများကို နှိုင်းယှဉ်သောအခါ ထိုစီမံကိန်းသည် ပတ်ဝန်းကျင်ဒေသများကို သဘာ၀ ပတ်ဝန်းကျင်က မည်သို့ထိခိုက်စေကြောင်း ပြသနေသည်။

ထိုကဲ့သို့သော စီမံကိန်းကြီးများကြောင့် ပတ်ဝန်းကျင်အဆင့် လျော့ကျခြင်း၏ အရှင်းလင်းဆုံးဥပမာကို ထိုဒေသတွင် တွေ့နိုင်သည်။
မလုံလောက်သော မြေယာလျှော်ကြေးနှင့် သတ္တုသန့်စင်ရေး စက်ရုံမှ ဘေးထွက်ပစ္စည်းများကြောင့် ဖြစ်ပွားသော ပတ်ဝန်းကျင်ထိခိုက်မှု စွပ်စွဲချက်များကြောင့် မြန်မာနိုင်ငံအနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းရှိ တရုတ် ကျောထောက်နောက်ခံပြု သီးခြား နီကယ် မိုင်းတခုသည်လည်း ရွာသားများနှင့် ရှည်ကြာသော အငြင်းပွားမှုများကြောင့် အခက်အခဲဖြစ်နေသည်။

လက်ပတောင်းကြေးနီစီမံကိန်းကို ၂၀၀၀ ပြည့်နှစ်နှင့် ၂၀၁၉ ခုနှစ်များတွင် နှိုင်းယှဉ်သောပုံ။ စီမံကိန်းအနီး ချင်းတွင်းမြစ်၏ မြစ်လက်တက်တခု ၂၀၁၉ ခုနှစ်တွင် ခန်းခြောက်သွားကြောင်း ၂၀၁၉ ခုနှစ်ကပုံတွင် ပြသနေသည်။

တရုတ်နိုင်ငံမှ CNMC Nickel Company Ltd. (CNICO) က လုပ်ကိုင်နေသည့် တကောင်းတောင် စက်ရုံသည် စစ်ကိုင်းတိုင်းနှင့်မန္တလေးတိုင်း နယ်စပ်တွင်တည်ရှိပြီး ၂၀၀၇ ခုနှစ်က မြေဧက ၃၀၀၀ ကျော် သိမ်းယူမှုဖြစ်ခဲ့သည်။ သို့သော် ဒေသခံ လယ်သမား ၁၂၂ ဦးက မြေအတွက် လျှော်ကြေး လုံလောက်စွာမရကြောင်း မီဒီယာများကို ပြောသည်။ မြေလျှော်ကြေးမှာ တဧကလျှင် ၅၀၀၀၀ ကျပ်သာ ရရှိကြသည်။

ပတ်ဝန်းကျင်ကို ကာကွယ်ရန် လုပ်ဆောင်ထားသည်ဟု ထိုကုမ္ပဏီ၏ အင်တာနက် စာမျက်နှာက ဆိုသော်လည်း ၎င်းတို့ကိုပေးသော လျှော်ကြေးသည် ၎င်းတို့မြေများ ထိခိုက်ပျက်စီးမှု သို့မဟုတ် မိုးရွာသောအခါ အနီးရှိ စိုက်ခင်းများနှင့် ချောင်းများအတွင်း စီးဝင်သည့် ကျောက်မီးသွေး စွန့်ပစ်ပစ္စည်းများကို ထည့်သွင်းစဉ်းစားခြင်း မရှိကြောင်း ရွာသားများက ပြောကြသည်။

စက်ရုံလုပ်ငန်းမှ ဖြစ်စေသော လေထုညစ်ညမ်းမှုနှင့် အစိုင်အခဲ အညစ်အကြေးများသည် ၎င်းတို့၏ ကျန်းမာရေးကို ထိခိုက်စေကြောင်းနှင့် ထိုကုမ္ပဏီသည် ဧရာဝတီမြစ်အတွင်းသို့ စွန့်ပစ်ရေများကို တိုက်ရိုက်စွန့်ပစ်ကြောင်း ဒေသခံများက စွပ်စွဲကြသည်။

တကောင်းတောင် နီကယ်မိုင်းကို Google Earth မှ မြင်ရစဉ်

တရုတ် ကျောထောက်နောက်ခံပြုသည့် အခြားစီမံကိန်းတခုမှာ ၇၇၁ ကီလိုမီတာ ရှည်လျားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများဖြစ်သည်။ ထို ပိုက်လိုင်း များသည် ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းမှ မကွေး၊ မန္တလေးနှင့် ရှမ်းပြည် မြောက်ပိုင်းကို အပြိုင် ဖြတ်သန်းပြီး တရုတ်နိုင်ငံသို့ ဝင်ရောက်သည်။ ၂၀၀၈ ခုနှစ်က စစ်အစိုးရနှင့် ချုပ်ဆိုသော သဘောတူညီချက်ဖြစ်သည့် ထိုစီမံကိန်းသည် ၂၀၁၃ ခုနှစ်မှစတင်ပြီး အငြင်းပွားဖွယ်ဖြစ်နေကာ ဒေသခံလူမှုအသိုင်းအဝန်းများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများ၏ ဆန့်ကျင်မှုကို မကြာခဏခံရသည်။

တရုတ်ကျောထောက်နောက်ခံပြု တကောင်းတောင် နီကယ်မိုင်းအနီး အစိမ်းရောင်နယ်မြေ ပျောက်ကွယ်သွားသည့် အတိုင်းအတာကို ပြသသော ပုံ။

စီးပွားရေးလုပ်ငန်းများ၏ လူမှုတာဝန် (CSR) အစီရင်ခံစာအရ ၎င်းတို့သည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာသည်ဟု ဆိုသော်လည်း ရခိုင်၊ ရှမ်းပြည်နယ်နှင့် မကွေးတိုင်းမှ အချို့သော မြို့နယ်များသည် ပိုက်လိုင်းများကြောင့် မြေပြိုမှုများခံစားရကြောင်း ထိုပိုက်လိုင်းဒေသကို စောင့်ကြည့်နေသည့် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်း တခုဖြစ်သော တရုတ်-မြန်မာ ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီ၏ နိုင်ငံလုံးဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးရဲသိန်းဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

ထိုတရုတ်ကုမ္ပဏီသည် ၎င်းတို့စီမံကိန်း၏ ပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချရန် စနစ်ကျသော ပတ်ဝန်းကျင် စီမံခန့်ခွဲမှု စီမံချက်ကို ယခုအချိန်အထိ မရေးဆွဲသေးကြောင်း အထက်ပါ ကော်မတီက ထောက်ပြသည်။

သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် မူဆယ်-မန္တလေး ရထားလမ်းပြ မြေပုံ

မြန်မာ၊ BRI နှင့် ၎င်း၏ ဆုံးရှုံးနိုင်ခြေများ

မြန်မာနိုင်ငံမှ BRI စီမံကိန်းများသည် လူ ၂၄ သန်းနေထိုင်ရာ ဧရာဝတီမြစ်ဝှမ်းနှင့် ပတ်ဝန်းကျင် တောင်တန်း ဒေသများကို ဖြတ်သန်းသွားကြောင်း ကမ္ဘာ့သားရိုင်းတိရစာ္ဆန် ရန်ပုံငွေအဖွဲ့ (WWF) အစီရင်ခံစာက လွန်ခဲ့သော နှစ်ကဖော်ပြခဲ့သည်။ ထိုဒေသမှ လူများသည် ဆက်လက်ရှင်သန်ရန် အတွက် သောက်သုံးရေနှင့် သဘာ၀ဘေးအန္တရာယ်များမှ အကာအကွယ်အပါဝင် ကြွယ်၀သော သဘာ၀ သယံဇာတများ ဖြစ်သည့် သစ်တောများ၊ မြစ်ချောင်းများ၊ မြေများနှင့် သမုဒ္ဒရာများကို မှီခိုနေကြရသည်။

စနစ်တကျစီစဉ်ခြင်း မရှိပါက မြန်မာနိုင်ငံမှ စင်္ကြန်စီမံကိန်းများသည် ဆိုးကျိုး အများအပြား အထူးသဖြင့် ပဲခူးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် မြေဆီလွှာတိုက်စားခြင်း၊ အနယ်အနှစ်ပိုချခြင်းနှင့် အခြားညစ်ညမ်းစေသော အရာများတို့ကြောင့် မြေပြိုခြင်း၊ ရေလွှမ်းမိုးခြင်းနှင့် ရေထုညစ်ညမ်းခြင်းတို့ ဖြစ်နိုင်ကြောင်း WWF က သတိပေးထားသည်။

BRI ၏ ပတ်ဝန်းကျင်ထိခိုက်မှုများကို WWF ၏ ၂၀၁၇ ခုနှစ်က သရုပ်ခွဲလေ့လာမှု အရ မြန်မာနိုင်ငံသည် သဘာ၀ ပတ်ဝန်းကျင်ထိခိုက်မှု မြင့်မားသည့် နိုင်ငံများစာရင်းတွင် ပါဝင်နေပြီး မျိုးတုံးပျောက်ကွယ်မှု ခြိမ်းခြောက်ခံနေရသော မျိုးစိတ်များအတွက် အကြီးအကျယ် အန္တရာယ်ကျရောက်သည့် အဆင့်တွင် ပါဝင်နေသည်။ ထို့အပြင် ကာကွယ်ထားသည့် နယ်မြေများ၏ ၇၄ ရာခိုင်နှုန်းသည် သဘာဝပတ်ဝန်းကျင် ဆိုးကျိုးများခံစားရမည်ဖြစ်ကာ အဓိကကျသည့် ဇီဝမျိုးကွဲစုံလင်သည့် နေရာများသည် အပြင်းထန်ဆုံး ထိခိုက်မည်ဖြစ်သည်။

BRI သည် မြန်မာနိုင်ငံတွင် သာမက အခြားနိုင်ငံများတွင်လည်း သဘာဝပတ်ဝန်းကျင် အန္တရာယ်များကို ဖြစ်စေသည်။ ၂၀၅၀ ပြည့်နှစ်တွင် BRI နိုင်ငံများ၏ နှစ်စဉ် ဓာတ်ငွေ့ထုတ်လုပ်မှုသည် ကမ္ဘာကြီး ပိုမိုပူနွေးလာခြင်းကို 2 C အောက်တွင် ထိန်းထားနိုင်ရန် ပါရီရာသီဥတု သဘောတူညီချက်က သတ်မှတ်ထားသည့် အဆင့်ထက် များစွာပိုမိုမြင့်မားမည်ဟု ဆင်ဟွာ တက္ကသိုလ် Vivid Economics and Climateworks Foundation ၏ အစီရင်ခံစာက ဖော်ပြသည်။

အောက်ပါပုံတွင် အဆိုပြုစီမံကိန်းများ၊ မကြာမီ အကောင်အထည်ဖော်မည့် စီမံကိန်းများ၊ အကောင်အထည်ဖော်ဆဲ စီမံကိန်းများ၊ ပြီးစီးသော စီမံကိန်းများနှင့် အများပြည်သူ ဖိအားနှင့် သဘောတူစာချုပ် ပြဿနာများကြောင့် ဆိုင်းငံ့ထားသည့် စီမံကိန်းများ အပါအဝင် မြန်မာနိုင်ငံမှ တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ပြသထားသည်။

လုပ်ကိုင်ဆဲ၊ ဆောက်လုပ်ဆဲနှင့် ဒေသခံများက ကန့်ကွက်၍ ဆိုင်းငံ့ထားရသော တရုတ်စီမံကိန်းများပြ မြေပုံ

BRI ကျောရိုးစီမံကိန်းများအတွင် EIA နှင့် SIA

၄၁၅ ကီလိုမီတာနီးပါး ရှည်လျားသော ရထားလမ်း စီမံကိန်းသည် ရခိုင်ပြည်နယ်ကျောက်ဖြူနှင့် တရုတ်နိုင်ငံကူမင်း တို့ကို မူဆယ်မှ ဖြတ်သန်းဆက်သွယ်မည့် သေနင်္ဂဗျူဟာကျသော တရုတ်-မြန်မာ အဆင့်မြင့်ရထားလမ်း စီမံကိန်း၏ ကနဦး အစိတ်အပိုင်းဖြစ်သည်။

မူဆယ်-မန္တလေး စီမံကိန်းအတွက် EIA ကို ရန်ကုန်အခြေစိုက် Ever Green Tech Environmental Services and Training Co. Ltd က ဆောင်ရွက်နေသည်။ ရထားလမ်းဖြတ်သန်းသည့် မြို့ကြီးများမှ အများပြည်သူများနှင့် ညှိနှိုင်းဆွေးနွေးမှု ၁၉ ကြိမ်ပြုလုပ်ပြီးဖြစ်ကြောင်း ထိုကုမ္ပဏီကပြောသည်။

ဖြစ်နိုင်ခြေလေ့လာမှုများ အရ ထိုရထားလမ်း တလျှောက်တွင် လိုဏ်ခေါင်း ၆၀၊ တံတား ၁၂၄ စင်း၊ လမ်းကူး ၇၂၄ ခုနှင့် ဘူတာ ၃၆ ခုပါဝင်ကြောင်း ဧရာဝတီသတင်းဌာနက လေ့လာသိရှိရသည်။

ကာကွယ်တောများနှင့် ရေဝေရေလဲဒေသများ ဆုံးရှုံးခြင်း၊ အညစ်အကြေး ပြဿနာများ၊ အသံနှင့် လေထုညစ်ညမ်းမှု၊ မြေယာသိမ်းဆည်းခြင်း၊ အသက်မွေးဝမ်းကြောင်း ဆုံးရှုံးခြင်းနှင့် ရထားလမ်းစီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် အကြီးအကျယ် ရွှေ့ပြောင်းနေထိုင်မှုများကြောင့် ဖြစ်သော အခြားလူမှုပြဿနာများ အပါအဝင် အဓိကကျသည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှုအချို့ ဖြစ်နိုင်ကြောင်း ရှာဖွေတွေ့ရှိသည်ဟု အထက်ပါကုမ္ပဏီ၏ အကြံပေး ဒေါက်တာ ကျော်စွာတင့်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။

“စီမံကိန်းနေရာ အများစုက ကျေးရွာတွေ၊ လယ်တောတွေကို ဖြတ်သွားတော့ မြေယာသိမ်းဆည်းမှုက အဓိကပြဿနာဖြစ်လိမ့်မယ်” ဟု သူက ပြောသည်။ ကျေးရွာမည်မျှနှင့် လယ်ယာမည်မျှကို ထိခိုက်နိုင်မည်ကို ပြောရန် သူက ငြင်းဆိုသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
82
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
326
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
222

ထိုရထားလမ်းရှိ တနာရီ မိုင် ၁၀၀ မောင်းနှင်နိုင်သော ရထားများသည် လျှပ်စစ်ရထားများ ဖြစ်သောကြောင့် ယင်းတို့အတွက် ဓာတ်အားပေးရုံများ တည်ဆောက်ရန် ကြီးမားသော ကာကွယ်တောနေရာများကို ခုတ်ထွင်ရှင်းလင်းမည်ဟု ဒေါက်တာ ကျော်စွာတင့်၏ အဆိုအရ သိရသည်။ ခုတ်ရမည့် သစ်တောအကျယ်အဝန်း ဟက်တာအတိအကျကို ထုတ်ဖော်ပြောဆိုရန်လည်း သူက ငြင်းသည်။ ပိုမိုဆိုးရွားသည်မှာ မြန်နှုန်းမြင့်ရထားများသည် ဆူညံမှုနှင့် တုန်ခါမှု အကြီးအကျယ်ဖြစ်စေပြီး ရှမ်းကုန်းမြေမြင့်၏ အလှအပနှင့် သဘာဝကို ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း သူက ပြောသည်။

စီမံကိန်းတည်ဆောက်မှုကြောင့် ရေဝေရေလဲ ဒေသများလည်း ဆုံးရှုံးမည်ဖြစ်ကြောင်း Ever Green Tech က တွေ့ရှိထားသည်။ ရှမ်းပြည်နယ်မှ ပြည်သူအများစုသည် ထိုဒေသကို ရေအရင်းအမြစ်အတွက် မှီခိိုနေရသည်။

“ဒါကလည်း ဒေသခံတွေအတွက် နောက်ထပ်အရေးပါတဲ့ ပြဿနာဖြစ်နေတယ်” ဟု သူက ပြောသည်။

တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ရှမ်းပြည်နယ်မှ ဖြတ်သန်းသွားသောကြောင့် တရုတ်-မြန်မာ ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီသည် ထိုရထားလမ်းနှင့် ပတ်သက်သည့် သုတေသနများကိုလည်း ဆောင်ရွက်ခဲ့သည်။ စနစ်တကျ လျှော်ကြေးပေးခြင်း မရှိဘဲ မြေယာသိမ်းယူခြင်းကဲ့သို့သော အဓိက စိုးရိမ်စရာများ အပြင် ထိုဒေသ၏ ဂေဟစနစ်ကိုလည်း အပြင်းအထန် ထိခိုက်စေမည်ဖြစ်ကြောင်း ထိုကော်မတီ၏ နိုင်ငံလုံးဆိုင်ရာညှိနှိုးရေးမှူး ဦးရဲသိန်းဦးက ပြောသည်။

“ဒီ စီမံကိန်းက ကြီးမားတယ်။ သူတို့ကတောင်တွေကို ဖောက်မယ်။ ရထားလမ်းအတွက် အောက်ခံမြေဖို့မယ်။ ဆောက်လုပ်ရေးပစ္စည်းတွေ အများကြီး သုံးလိမ့်မယ်။ အဆင့်မြင့်နည်းပညာ သုံးရင်တောင်မှ ဂေဟစနစ်၊ မူလ သစ်တောအကျယ်အဝန်း၊ ရေအရင်းအမြစ်နဲ့ လယ်မြေတွေကို ထိခိုက်စေမှသေချာတယ်” ဟု ဦးရဲသိန်းဦးက ပြောသည်။

“ညှိနှိုင်းအစည်းအဝေးတွေမှာ ကျနော်တို့ရဲ့ ပူပန်မှုတွေကို အကြိမ်ကြိမ် တင်ပြခဲ့ပေမယ့် သူတို့ဆီက ကျေနပ်လောက်တဲ့ တုန့်ပြန်မှုမရသေးဘူး” ဟု မြန်မာ့မီးရထားမှ အစိုးရအရာရှိများနှင့် စီမံကိန်းတည်ဆောက်သူ China Railway Eryuan Engineering Group တို့မှ အရာရှိများကို ရည်ညွှန်းပြီး သူက ပြောသည်။

ဧရာဝတီ သတင်းဌာနက ရရှိသော လူထုနှင့် ညှိနှိုင်းဆွေးနွေးမှု ဗီဒီယိုတွင် ထိုစီမံကိန်းသည် ဒေသခံများအတွက် စီးပွားရေးအရ အကျိုးရှိသောကြောင့် လက်ခံရန် မြန်မာ့မီးရထားမှ အရာရှိများက လူထုကို တိုက်တွန်းနေသည်ကို တွေ့ရသည်။

“မူဆယ်ကနေ မန္တလေးကို သုံးနာရီပဲကြာမယ်။ ကုန်နဲ့လူတွေ ပိုမိုမြန်ဆန် အဆင်ပြေစွာ သွားလာနိုင်မယ်။ ဒါဟာ နိုင်ငံအတွက် အရမ်းကို အကျိုးရှိတဲ့ စီမံကိန်းပဲ” ဟု မြန်မာ့မီးရထားမှ လက်ထောက်အထွေထွေ မန်နေဂျာ ဦးဌေးလှိုင်က မန္တလေးတိုင်း ပြင်ဦးလွင်တွင် သြဂုတ်လက ကျင်းပသည့် လူထုနှင့် ညှိနှိုင်းပွဲတွင် ပြောခဲ့သည်။

တရုတ် ကုမ္ပဏီသည် ရထားလမ်းအတွက် ဖြစ်နိုင်ခြေစမ်းသပ်မှုတွင် လေးလသာ အချိန်ယူကြောင်း ကျွမ်းကျင်သူများက ပြောဆိုသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တပ်မတော် အကြား မကြာခဏ ထိတွေ့မှုဖြစ်ပွားသောကြောင့် ထိုဒေသသို့ မသွားရောက်နိုင်သဖြင့် ဖြစ်နိုင်ခြေစမ်းသပ်မှုသည် ကျယ်ပြန့်မှုမရှိကြောင်း ကျွမ်းကျင်သူများက ပြောသည်။

အခြားသော ကျောရိုးစီမံကိန်းတခုမှာ ရခိုင်ပြည်နယ်မှ ကျောက်ဖြူစီမံကိန်း ဖြစ်သည်။ မဒေးနှင့် ရမ်းဗြဲကျွန်းများတွင် ရေနက်ဆိပ်ကမ်းများနှင့် ဟက်တာ ၁၀၀၀ ကျယ်သည့် စက်မှုဇုန်တခု ပါဝင်သော ထိုစီမံကိန်းသည် တရုတ်နိုင်ငံအနေဖြင့် ရေနံတင်သွင်းရာတွင် မလက္ကာရေလက်ကြားကို မသုံးဘဲ အိန္ဒိယ သမုဒ္ဒရာကို အသုံးပြုခွင့်ရရန် စီစဉ်ထားသော စီမံကိန်းဖြစ်သည်။

ကျောက်ဖြူစီမံကိန်း၏ ဒေသခံလူမှုအသိုင်းအဝန်းများအပေါ် အကျိုးဆက်များနှင့် ဒေသတွင်းရှိ အခြားလုပ်ငန်းများ အပေါ် ကောင်းကျိုးဆိုးကျိုးများကို သိရှိရန်အတွက် ပတ်ဝန်ကျင်နှင့် လူမှုသက်ရောက်မှု အကဲဖြတ်ခြင်း (ESIA) မပြုလုပ်မီ သေနင်္ဂဗျူဟာ ပတ်ဝန်းကျင်အကဲဖြတ်ချက်နှင့် လုပ်အားအကဲဖြတ်ချက် ပြုလုပ်ရန် ၂၀၁၇ ခုနှစ် ကိုဖီအာနန်၏ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်က အကြံပြုခဲ့သည်။

ထိုစီမံကိန်းကို အကောင်အထည်ဖော်သည့် China International Trust and Investment Corporation (CITIC) က ESIA နှင့် အထူးစီးပွားရေးဇုန်မပါဘဲ၊ ရေနက်ဆိပ်ကမ်းအတွက် ပဏာမ ဘူမိဗေဒလေ့လာမှု ပြုလုပ်ရန် ကနေဒါနိုင်ငံမှ HATCH ကို ဇူလိုင်လက ငှားရန်းခဲ့သည်။ ထို ESIA က ပြုလုပ်သောအခါ ရလဒ်များကို  ၎င်းတို့၏ တရားဝင် အင်တာနက်စာမျက်တွင် ထုတ်ပြန်မည်ဟု CITIC ၏ အဆိုအရ သိရသည်။

သို့သော် တည်ဆောက်သူများသည် မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေအညီ စနစ်ကျသော ဥပဒေမူဘောင်ကို လိုက်နာခြင်းရှိမရှိနှင့်ပတ်သက်ပြီး ဥပဒေပညာရှင်များ အကြား ဝေဖန်မှုများ ရှိလာသည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကဲ့သို့သော လုပ်ငန်းကြီးများသည် လုပ်ငန်းတခုလုံးအတွက် ပတ်ဝန်းကျင်နှင့် လူမှုသက်ရောက်မှုများ ပြုလုပ်ရမည်ဟု ထိုဥပဒေက ဖော်ပြထားသည်။ ထိုဝေဖန်မှုများကို CITIC က တုန့်ပြန်ခြင်း မရှိပေ။

လူ ၂၀၀၀၀ ခန့်သည် ၎င်းတို့ဆန္ဒမပါဘဲ ရွှေ့ပြောင်းနေရာချထား ခံရနိုင်သည်ဟု အထူးစီးပွားရေး ဇုန်၏ ဖြစ်နိုင်ခြေရှိသော လူမှုသက်ရောက်မှုများကို လေ့လာမှု အနည်းငယ်အနက်တခုတွင် နိုင်ငံတကာ ဂျူရီလူကြီးများကောင်စီ (ICJ) က ဖော်ပြခဲ့ပြီး ၂၀၁၄ ခုနှစ်က အထူးစီးပွားရေးဇုန်နှင့် ပတ်သက်သော ပြောင်းရွှေ့ရခြင်းများတွင် အတင်းအကျပ်မောင်းထုတ်ခြင်း ပါဝင်သောကြောင့် လူအများအပြား၏ လုံလောက်သော လူနေမှုအဆင့် ချိုးဖောက်ခံရကြောင်းလည်း ပြောကြားခဲ့သည်။ အထူးစီးပွားရေးဇုန်မှ အနိမ့်ဆုံးလုပ်အားခသည် နေရာရွှေ့ပြောင်းရသူများ၏ အသက်မွေးဝမ်းကြောင်းကို  ပြန်လည်ထိန်းသိမ်းရန် လုံလောက်မည် မဟုတ်ကြောင်းလည်း ဖော်ပြထားသည်။

BRI နှင့် ပတ်သက်သည့် ကျွမ်းကျင်သူများ၏ စိုးရိမ်ပူပန်မှုများ

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေအရ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံက အတည်ပြုခဲ့သည့် EIA လုပ်ငန်းအဆင့်ဆင့်အရ တည်ဆောက်သူများသည် လူမှုအသိုင်းအဝန်းများနှင့် လူမှု အခြေပြုအဖွဲ့အစည်းများသို့ စီမံကိန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အချိန်မီ ထုတ်ဖော်ပြောဆိုရန် လိုအပ်သည်။ ထိခိုက်သူများအနေဖြင့် EIA မစတင်မီ၊ စတင်ချိန်အတွင်းနှင့် နောက်ပိုင်းတွင် ၎င်းတို့၏ ထင်မြင်ချက်များကို ထုတ်ဖော်ပြောဆိုခွင့်ရရေးကို တည်ဆောက်သူများက လုပ်ဆောင်ပေးရန် ထိုလုပ်ငန်း အဆင့်ဆင့်တွင် ဖော်ပြထားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အနေဖြင့် နိုင်ငံ၏ EIA လုပ်ငန်းအဆင့်ဆင့်ကို လိုက်နာရန် အစိုးရကညွှန်ကြားထားသော်လည်း ပတ်ဝန်းကျင်ထိခိုက်မှု ဆိုးကျိုးများ လျှော့ချရေးနှင့် ပတ်သက်လျှင် အစိုးရ၏ လုပ်ထုံးလုပ်နည်းများနှင့် နည်းပညာအားနည်းချက်များနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ မရှိခြင်းတို့ကြောင့် လက်တွေ့အစီရင်ခံစာများတွင် လွတ်ကွက်ဟာကွက်များ ရှိကြောင်း ကျွမ်းကျင်သူများက ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ထိန်းကွပ်သည့် လက်ရှိဥပဒေနှင့် မူဝါဒဆိုင်ရာ မူဘောင်သည် အားနည်းကြောင်းနှင့် ဒေသခံလူမှုအသိုင်းအဝန်းများထက် လုပ်ငန်းများကိုသာ အဓိက အကျိုးပြုနေကြောင်း နယ်သာလန်အခြေစိုက် သုတေသနနှင့် အကြံပေးလုပ်ငန်း (Transitional Institute) က မကြာသေးမီက ပြောကြားခဲ့သည်။

BRI စီမံကိန်းများသည် ကြီးမားသော နိုင်ငံခြားရရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးများကဲ့သို့ပင် ခိုင်မာသော လုပ်ထုံးလုပ်နည်းနှင့် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရများအကြား လိုက်လျောညီထွေသော ချဉ်းကပ်မှု လိုကြောင်း TNI ၏ စီမံကိန်းနှင့် အကဲဖြတ်ရေး ညှိနှိုင်းရေးမှူးနှင့် တရုတ် မူဝါဒ သုတေသီ စတက်ဖနီ အိုလင်ဂါ ရှန်နွန်က ဧရာဝတီသို့ပြောသည်။

“BRI အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရဲ့ ထိခိုက်မှုကို ကန့်သတ်ဖို့ ဒီ ဥပဒေနဲ့ မူဝါဒဆိုင်ရာမူဘောင်တွေကို တိုးတက် ကောင်းမွန်အောင်လုပ်ဖို့ လိုတယ်” ဟု သူက ပြောသည်။

စီမကိန်း သဘောတူညီချက်များကို လက်မှတ်ရေးထိုးခြင်း မပြုမီ ရင်းနှီးမြှုပ်နှံမှု တခုချင်းစီကို ၎င်းတို့၏ ထူးခြားသော အခြေအနေများအတွင်း အသေးစိတ် အကဲဖြတ်ခြင်းလည်း လိုအပ်သည်။ ထိုသို့လုပ်ဆောင်ရာတွင် ဘဏ္ဍာရေးအရ လက်တွေ့ကျမှု၊ အကြွေးဝန်ထုပ်ဝန်ပိုး၊ ပတ်ဝန်းကျင်၊ လူမှုနှင့် စီးပွားရေး သက်ရောက်မှုများ၊ ပဋိပက္ခနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် သက်ရောက်မှုများကို အကဲဖြတ်ရန်လိုသည်။

စီမံကိန်းတိုင်းသည် ပတ်ဝန်းကျင်နှင့် ပြည်သူများအပေါ် သက်ရောက်မှုအချို့ ရှိကြောင်း မူဆယ်-မန္တလေး ရထားလမ်းအတွက် EIA ကို လုပ်ဆောင်နေသည့် Ever Green Tech မှ အကြံပေး ဒေါက်တာကျော်စွာတင့်က ပြောသည်။

“အစိုးရရဲ့ လုပ်ထုံးလုပ်နည်း အတိုင်း ကျနော်တို့ အကောင်းဆုံး ဆောင်ရွက်နေတယ်။ ကျနော်တို့ အကြံပြုချက်တွေကို ဒီလုပ်ငန်းက လိုက်နာမလား၊ မလိုက်နာဘူးလား ဆိုတာကို ကျနော်တို့စောင့်ကြည့်ရမယ်” ဟု သူက ပြောသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် စနစ်တကျ ညှိနှိုင်းဆောင်ရွက်သည့် လုပ်ငန်းအဆင့်ဆင့်၊ ပတ်ဝန်းကျင်စံနှုန်းများ၊ လျှော်ကြေးနှင့် အခြားအဓိကပြဿနာများ စသည်တို့ကို ဖြေရှင်းမည့် အစီအစဉ်များသည် လုံလောက်ခြင်းမရှိဘဲ အချို့မှာ လုံးဝပင်မရှိကြောင်း TNI က ပြောသည်။

အမိမြေစိမ်းလန်းတိုးတက်ရေး အသင်း ဥက္ကဋ္ဌ ဦးဝင်းမျိုးသူကလည်း ထိုအချက်ကို သဘောတူသည်။

“မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင်အုပ်ချုပ်မှု စနစ်က အားနည်းတယ်။ လုပ်ငန်းတွေကလည်း လုပ်ထုံးလုပ်နည်းကို မလိုက်နာကြဘူး။ ပတ်ဝန်းကျင်အုပ်ချုပ်မှုစနစ်နဲ့ တရားဥပဒေ စိုမိုးရေးအရ တိုးတက်မှုကို အခုချိန်အထိ ကျနော်မတွေ့သေးဘူး” ဟု သူက ပြောသည်။

BRI စီမံကိန်းများကို ပုံမှန်အားဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ခွင့်ပြုပေးကြောင်း၊ သူ၏ ဝန်ကြီးဌာနသည် စီမံကိန်း အကောင်အထည်ဖော်ရာတွင် ပတ်ဝန်းကျင်မထိခိုက်ရေးအတွက် လုပ်ငန်းများ၏ ကတိကဝတ်ကိုသာ အတည်ပြုပေးရန် တာဝန်ရှိကြောင်း သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးကျော်စန်းနိုင်က ပြောသည်။

“ပြဿနာအများစုက အကြံပြုချက်တွေကို လုပ်ငန်းတွေက လိုက်နာဖို့ ပျက်ကွက်တာကြောင့် ဖြစ်ရင်ဖြစ်တယ်။ ဒါမှမဟုတ် ESIA ဆောင်ရွက်တဲ့ လုပ်ငန်းရဲ့ အားနည်းချက်ကြောင့်လည်း ဖြစ်တတ်တယ်” ဟု သူက ရှင်းပြသည်။

ဒေသခံများက တိုင်ကြားမှသာ အာဏာပိုင်များက ပြဿနာများကို သိရှိစုံစမ်း စစ်ဆေးရကြောင်းလည်း သူက ပြောသည်။ သူ၏ ဝန်ကြီးဌာနသည် ထိုပြဿနာများကို သိကြောင်း၊ ရင်းမြစ်များမရှိသောကြောင့် အားလုံးကို အရေးယူနိုင်ခြင်း မရှိကြောင်းလည်း သူက ပြောသည်။

“စီမံကိန်းဒေသလူတွေ တိုင်မှ ကျနော်တို့ စုံစမ်းစစ်ဆေးနိုင်တယ်။ လူအင်အားနည်းလို့ ပုံမှန်စစ်ဆေးတာမျိုး မလုပ်နိုင်ဘူး” ဟု သူက ပြောသည်။

(Nan Lwin ၏ Potential Environmental and Social Impacts of Chinese Mega-Projects in Myanmar Raise Concerns ကို ဆီလျော်အောင် ဘာသာပြန်သည်။)

ဆက်စပ်ဖတ်ရှုရန်

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အခက်အခဲ ပိုများလာ ဟုဆို

ပြည်ပငွေလွှဲလုပ်ငန်းများကို ဗဟိုဘဏ်က တရားဝင် ခွင့်ပြုမည်

ကမ္ဘာ့စီးပွားရေး နှေးကွေးမှု ထိုင်းကို ထိပြီ

 

Your Thoughts …
Tags: စိုးရိမ်ရတရုတ်စီမံကိန်းကြီးများလူမှုထိခိုက်မှုများသဘာဝပတ်ဝန်းကျင်
နန်းလွင်

နန်းလွင်

ဧရာဝတီ

Similar Picks:

မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

by Ankit K
18 March 2025
11k

တရုတ်၏ မြန်မာကို ချဉ်းကပ်ပုံနည်းလမ်းသည် ပါကစ္စတန်နှင့် အခြား BRI နိုင်ငံများဖြစ်သည့် သီရိလင်္ကာနှင့် အာဖရိက နိုင်ငံအများအပြားတွင် လုပ်သည့်နည်းလမ်းကို ထင်ဟပ်နေသည်။

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

by ဇုန်းရိန်
14 May 2025
9.7k

ဤအကူအညီများသည် နေ့စဉ်နှင့်အမျှ သတ်ဖြတ်နေသည့် စစ်ကောင်စီကို ဆက်လက် ထောက်ခံ ကူညီနေသော တရုတ်နိုင်ငံကို အကောင်းမြင်လာအောင် မစွမ်းဆောင်နိုင်ပါ။

ရွှေတောင်ကြားလမ်း ရောဂါ (သို့မဟုတ်) မြန်မာ့နိုင်ငံရေးပြဿနာ၏ ဇာစ်မြစ်တခု

ရွှေတောင်ကြားလမ်း ရောဂါ (သို့မဟုတ်) မြန်မာ့နိုင်ငံရေးပြဿနာ၏ ဇာစ်မြစ်တခု

by ဇုန်းရိန်
27 August 2025
6.4k

ယနေ့ ပြည်သူလူထုအားလုံး ဆိုင်ရင် ကြုံတွေ့ ခံစားနေကြရသည် ဒုက္ခအမျိုးမျိုးတို့သည်လည်း ထို “ရွှေတောင်ကြားလမ်း ရောဂါ” ၏ နောက်ဆက်တွဲ ပြဿနာကြောင့်ဟု ဆိုနိုင်ပါသည်။

ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲနှင့် တရုတ် ဝှက်ဖဲ

ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲနှင့် တရုတ် ဝှက်ဖဲ

by Nectar Gan နှင့် John Liu
21 April 2025
5.3k

အမေရိကန် ပြည်ထောင်စုနှင့် အခြားနိုင်ငံများသည် ထိုသန့်စင်ပြီး သတ္တုများ ရရှိရေးအတွက် တရုတ်၏ ဖြန့်ချိမှုကို မှီခိုနေရသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

by Kannikar Petchkaew
12 May 2025
4.2k

လွိုင်ခမ်းသည် တရုတ်ကုမ္ပဏီ လေးခုအပါအဝင် သတ္တုတူးဖော်ရေး ကုမ္ပဏီများအတွက် စိတ်ဝင်စားစရာ ဖြစ်လာသည်။

ရှမ်းပြည်အာဏာကို ထိန်းချုပ်ထားသော တရုတ်ဩဇာခံ “ဝနီ”

ရှမ်းပြည်အာဏာကို ထိန်းချုပ်ထားသော တရုတ်ဩဇာခံ “ဝနီ”

by Pracha Burapavithi
31 May 2025
4k

ဝနီများသည် လုံခြုံရေး စိန်ခေါ်မှုကိုသာမက အများပြည်သူ ကျန်းမာရေး ခြိမ်းခြောက်မှုကိုလည်း ဖြစ်စေသည်။

Next Post
MNEC ဌာနခွဲ၌ သုတေသန တာဝန်ခံ ဦးမင်းအောင်ဇေ / ငြိမ်းငြိမ်း / ဧရာဝတီ

နားမလည်တဲ့ ဘာသာစကားနဲ့ သင်တာဟာ ကလေးကို အကြမ်းဖက်နေတာ

ယနေ့ ကျင်းပသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သတင်းစာရှင်းလင်းပွဲ / မိုးမိုး / ဧရာဝတီ

၂၀၂၀ ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိ UEC ပြော

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.9k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved