မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်မှ ကျေးလက်ဒေသ မိုင်းလန်းတွင် အသက် ၃၅ နှစ်အရွယ် လယ်သမား ကိုစိုင်းဦးသည် သူ၏ကျွဲနွားများ လဲကျသည်ကို လက်မှိုင်ချကြည့်နေရသည်။ ထိုကျွဲနွားများသည် သူ့မိသားစု၊ သူ့လယ်မြေနှင့် သူ့မွေးမြူရေး တိရစ္ဆာန်များကို နှစ်ပေါင်းများစွာ ထိန်းသိမ်းပေးထားသည့် ရေမှ အဆိပ်မိခြင်း ဖြစ်သည်။
“သူတို့ ရေသောက်တယ်။ ခြေလှမ်းနည်းနည်းပဲ လှမ်းပြီး လဲကျကုန်တယ်” ဟု သူက ပြန်ပြောကြသည်။
ထိုရေကန်ကို လွိုင်ခမ်းတောင် သို့မဟုတ် ‘ရွှေတောင်’ မှ စီးဆင်းလာသည့် စမ်းချောင်းတခုဖြစ်သည့် နမ့်ခမ်း သို့မဟုတ် ‘ရွှေမြစ်’ မှ ရေသွင်းသည်။ ရွှေတောင်ဆိုသည့် အမည်သည် မြေပြင်တွင် တောက်ပနေသည့် ရွှေတုံးရွှေစများကြောင့် ပေးထားသည့် အမည်ဖြစ်သည်။ ရွာသားများအတွက် လွိုင်ခမ်းသည် အထွတ်အမြတ်ဖြစ်သည်။
“ကျနော်တို့က ဘယ်တုန်းကမှ ရွှေမရှာဘူး။ အဲဒီတောင်က ပရလောကနဲ့ သက်ဆိုင်တယ်။ ကျနော်တို့ ဘိုးဘေးတွေ အဲဒီမှာ နေထိုင်ကြတယ်” ဟု ကိုစိုင်းဦးက ပြောသည်။
သို့သော် ထိုသို့သော ရိုသေလေးစားမှုကို ပြင်ပမှလူများက မယုံကြည်ကြပေ။ လွိုင်ခမ်းသည် တရုတ်ကုမ္ပဏီ လေးခုအပါအဝင် သတ္တုတူးဖော်ရေး ကုမ္ပဏီများအတွက် စိတ်ဝင်စားစရာ ဖြစ်လာသည်။ အထွတ်အမြတ်ထားသော တောင်သည် စည်းမဲ့ကမ်းမဲ့ အသည်းအသန် သယံဇာတထုတ်ယူသည့် အချက်အချာနေရာ ဖြစ်လာသည်။

“သူတို့ ပထမဆုံး ရောက်လာတုန်းက ခေတ်မီနည်းပညာ မပါဘူး။ ဒါကြောင့် တတောင်လုံးကို ဖောက်ခွဲတယ်” ဟု ကိုစိုင်းဦးက ပြောသည်။ ထိုကုမ္ပဏီများသည် တောင်၏ ဆင်ခြေလျောများကို တူးပြီး တောင်ထိပ်ပိုင်းကို ဖယ်ရှားလိုက်ကာ လမျက်နှာပြင်သဖွယ် ပျက်စီးသွားစေသည်။ မကြာသေးမီကမှသာ အတိအကျ တူးဖော်ရန်အတွက် သတ္တုကြောရှာသည့် ကိရိယာများကို အသုံးပြုလာကြသည်ဟုလည်း ၎င်းကပြောသည်။
ယနေ့ ရှမ်းပြည်အရှေ့ပိုင်းတခွင်တွင် သတ္တုတူးဖော်သောနေရာ ၂၀ ကျော်ရှိကြောင်း ဂြိုဟ်တု ဓာတ်ပုံများအရ သိရပြီး စာရေးသူတို့၏ တွက်ချက်မှုအရ စုစုပေါင် ၁,၇၈၀ ဟက်တာခန့် (၄,၃၇၈ ဧကကျော်) ကျယ်ဝန်းသည်။ ကြီးကြပ်မှု မရှိသောကြောင့် မိုးသည်းထန်သောအခါ သတ္တုတွင်းများမှ စီးဆင်းလာသည့် ရေများသည် လယ်ကွင်းများနှင့် နေအိမ်များကို ပုံမှန် ရေလွှမ်းမိုးပြီး နမ့်ခမ်းမြစ်ရေသည် မည်းနက်သွားကာ အနံ့ဆိုးများ ထွက်လာကြောင်း အထောက်အထားများက ပြသနေသည်။
ယနေ့ ရှမ်းပြည်အရှေ့ပိုင်းတခွင်တွင် သတ္တုတူးဖော်သောနေရာ ၂၀ ကျော်ရှိကြောင်း ဂြိုဟ်တု ဓာတ်ပုံများအရ သိရပြီး စာရေးသူတို့၏ တွက်ချက်မှုအရ စုစုပေါင် ၁,၇၈၀ ဟက်တာခန့် (၄,၃၇၈ ဧကကျော်) ကျယ်ဝန်းသည်။ ကြီးကြပ်မှု မရှိသောကြောင့် မိုးသည်းထန်သောအခါ သတ္တုတွင်းများမှ စီးဆင်းလာသည့် ရေများသည် လယ်ကွင်းများနှင့် နေအိမ်များကို ပုံမှန် ရေလွှမ်းမိုးပြီး နမ့်ခမ်းမြစ်ရေသည် မည်းနက်သွားကာ အနံ့ဆိုးများ ထွက်လာကြောင်း အထောက်အထားများက ပြသနေသည်။
Mekong Eye နှင့် Dialogue Earth က စုဆောင်းထားသည့် ဂြိုဟ်တုဓာတ်ပုံများနှင့် မျက်မြင်သက်သေများ၏ ပြောကြားချက်များအရ ထိန်းချုပ်သည့် အခြေခံ အကာအကွယ်များ မရှိကြောင်း သိရသည်။ မြန်မာရှိ ကုန်းမြင့်ဒေသများတွင် စည်းကမ်းမဲ့ သတ္တုတူးဖော်ခြင်းသည် မြန်မာ့နယ်စပ်များကို ကျော်လွန်သည့် ရေအရင်းအမြစ်များကို မည်မျှညစ်ညမ်းစေသည်ကို တွေ့ရှိချက်များက သတိပေးနေသည်။
ဆိုင်ယာနိုက်နှင့် သတ္တုတူးဖော်ခြင်း
၂၀၂၁ ခုနှစ်က မြန်မာတွင် စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် မြောက်ပိုင်းတွင် ယူနက်စကို (UNESCO) ၏ ဇီဝအသိုက်အဝန်း ဘေးမဲ့ဒေသ အင်းတော်ကြီးကန်မှသည် တောင်ပိုင်း တနင်္သာရီ သဘာဝဘေးမဲ့ဒေသအထိ နိုင်ငံတဝန်းတွင် စည်းကမ်းမဲ့ ရွှေတူးဖော်ခြင်း များပြားလာပြီး မကြာခဏဆိုသလို ပဋိပက္ခကြောင့် စွန့်ခွာသွားသောသူများ ပိုင်ဆိုင်သည့် မြေများကို ကျူးကျော် တူးဖော်ကြသည်။
ဆိုင်ယာနိုက်ဒြပ်ပေါင်းများကို သတ္တုရိုင်းမှ သတ္တုထုတ်လုပ်ရန်အတွက် ရွှေမိုင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပြီး ထိုသို့ပြုလုပ်ခြင်းကို gold cyanidation ဟု ခေါ်သည်။ သတ္တုတူးဖော်သူများသည် သတ္တုရိုင်းပုံများပေါ်သို့ ဆိုင်ယာနိုက်ပျော်ရည်များ ဖြန်းကာ ရွှေကို ပျော်ဝင်စေပြီး အခြားသတ္တုများကို ဖယ်ထုတ်ထားခဲ့ကြသည်။

သီယိုဆာလဖိတ်ကဲ့သို့ ပိုမိုအန္တရာယ် ကင်းသည့်ပစ္စည်းများ ရှိသော်လည်း ဆိုင်ယာနိုက်သည် ကုန်ကျစရိတ် နည်းသောကြောင့် လူသုံးများပြီး အထူးသဖြင့် စည်းကမ်းမဲ့ တရားမဝင်လုပ်ငန်းများတွင် အသုံးများသည်။ ရွှေများပါဝင်သည့် ပျော်ရည်များကို သန့်စင်သည့်ကန်များတွင် စုဆောင်းထားသည်။
ထိုကန်များကို ဂြိုဟ်တုမှ ရိုက်ကူးထားသည့် ဓာတ်ပုံများတွင် လေးထောင့်ပုံ အမှတ်များအဖြစ် မြင်ရသည်။ ဆိုင်ယာနိုက် စွန့်ပစ်ပစ္စည်းများကို ပတ်ဝန်းကျင်ညစ်ညမ်းမှု တားဆီးရေးအတွက် ရေမစိမ့်နိုင်သည့် ကန်နက်ကြီးများတွင် ထိန်းချုပ်ထားသင့်သည်။ ထိုသို့သော ကန်ကြီးများသည် သတ္တုတူးဖော်သော နေရာ၏ ၃ ပုံ ၁ ပုံခန့်အထိ ကျယ်သည်။
ရှမ်းပြည်အရှေ့ပိုင်းတခွင်နှင့် လွိုင်ခမ်းမှ ရွှေမိုင်းများတွင် ထိုသို့သော အခြေခံ အကာအကွယ် မရှိကြောင်း Mekong Eye နှင့် Dialogue Earth က ရရှိသော ဂြိုဟ်တုပုံများက ပြသနေသည်။ ထိုပုံများတွင် အနီးရှိ စမ်းချောင်းများ၌ ညစ်ညမ်းရေ စီးဆင်းနေသည်ကို တိုက်ရိုက်ပြသခြင်း မရှိပေ။ သို့သော် ရေဆိုးပြုပြင်သည့် မည်သည့် အကာအကွယ်မှ မတွေ့ရသောကြောင့် ထိုစွန့်ပစ်ရေများသည် မဲခေါင်မြစ်သို့ စီးဝင်သည့် မြစ်လက်တက်များသို့ ရောက်နိုင်ကြောင်း အခိုင်အမာဖော်ပြနေပြီး နယ်စပ်ဖြတ် ကျော်ညစ်ညမ်းမှု အလားအလာအတွက် သတိပေးမှု ဖြစ်စေသည်။
ထိုဓာတ်ပုံများကို အမည်မဖော်လိုသည့် ထိုင်းသတ္တုတူးဖော်ရေးနှင့် အင်ဂျင်နီယာလုပ်ငန်း ကျွမ်းကျင်သူ နှစ်ဦးက ကြည့်ရှုလေ့လာသည်။ ထိုအနေအထား၊ အထူးသဖြင့် ပြောင်းလဲသွားသော အခင်းအကျင်းနှင့် သန့်စင်ကန်များ အနေအထားသည် ရွှေသန့်စင်သည့် လုပ်ငန်းများအရ လုပ်ဆောင်နိုင်ကြောင်း ပြောသည်။ ထိုအချက်ကို ရွှေမိုင်းများရှိပြီး စနစ်ကျသည့် စွန့်ပစ်ကန်များ မရှိကြောင်း သက်သေခံသည့် ရွာသားများကလည်း အတည်ပြုသည်။
၎င်းတို့သည် တိကျသည့် ထုတ်လုပ်မှုနည်းလမ်းကို မဆုံးဖြတ်နိုင်သော်လည်း gold cyanidation နှင့် ဆိုင်ယာနိုက်ကို သယ်ယူပို့ဆောင်ခြင်းသည် အန္တရာယ်များသောကြောင့် ထိုပျော်ရည်မှ ရွှေကိုရယူခြင်းကို သတ္တုတူးသည့်နေရာတွင်ပင် လုပ်ကိုင်ရမည်ဖြစ်ကြောင်း ၎င်းတို့က အလေးထားပြောသည်။
“အဲဒါက အရမ်းအန္တရာယ်များတယ်။ ဖိတ်စင်ကျရင် အဆိပ်ရှိတဲ့ ဓာတုပစ္စည်းတွေ ထုတ်လွှတ်လိုက်ရုံသာမက လုပ်ငန်းတခုလုံးကိုလည်း ဖျက်ဆီးလိုက်နိုင်တယ်” ဟု ကျွမ်းကျင်သူတဦးက ပြောသည်။
လွိုင်ခမ်း သတ္တုတူးဖော်သည့် နေရာအနီး မိုင်းလန်မှမြေတွင် ရွှေပါဝင်မှုသည် အမှုန်အမွှား ၁ သန်းတွင် ဝ.၁၂ မှ ၁.၈၉ (ppm) သာရှိကြောင်း စစ်တမ်းတခုတွင် တွေ့ရသည်ဟု လေ့လာမှုတခုက ဖော်ပြသည်။ ထိုပမာဏအတိုင်းဆိုပါက ရွှေအနည်းငယ်ရရန် အလွန်များပြားသည့်ကျောက်တုံးများကို ဖြိုဖျက်ရမည့်သဘော ဖြစ်နေပြီး ဆိုင်ယာနိုက်များ ကြဲပက်ထားသည့် သတ္တုရိုင်းအများစု ကျန်ရှိနေမည့် သဘောဖြစ်သည်။
ဆိုင်ယာနိုက်သည် အချို့သော ပတ်ဝန်းကျင်များတွင် ပြိုကွဲနိုင်သော်လည်း ချေဖျက်ခြင်း မရှိပါက ရက်သတ္တပတ်ပေါင်းများစွာမှ လပေါင်းများစွာအထိ အန္တရာယ်ရှိနိုင်ပြီး ဂေဟစနစ်နှင့် လူ့ကျန်းမာရေး နှစ်ခုလုံးအတွက် ရေရှည်အန္တရာယ်ရှိသည်။
ဆိုင်ယာနိုက်သည် အနည်းငယ်မျှပါဝင်ရုံဖြင့် ဆဲလ်များ၏ အသက်ရှူခြင်းကို အနှောက်အယှက်ပေးနိုင်ပြီး အလျင်အမြန် အသက် ထိခိုက်စေနိုင်သည့် သက်ရောက်မှုများ ရှိနိုင်သည်။
ဆိုင်ယာနိုက်သည် အချို့သော ပတ်ဝန်းကျင်များတွင် ပြိုကွဲနိုင်သော်လည်း ချေဖျက်ခြင်း မရှိပါက ရက်သတ္တပတ်ပေါင်းများစွာမှ လပေါင်းများစွာအထိ အန္တရာယ်ရှိနိုင်ပြီး ဂေဟစနစ်နှင့် လူ့ကျန်းမာရေး နှစ်ခုလုံးအတွက် ရေရှည်အန္တရာယ်ရှိသည်။
“ဒီရွှေမိုင်းတွေမှာ အကာအကွယ် အတားအဆီး မရှိတာဟာ စိုးရိမ်စရာကောင်းပြီး ကျနော်တို့ အားကိုးလို့ရတဲ့သူ တယောက်မှ မရှိဘူး” ဟု ရှမ်းပြည်အရှေ့ပိုင်းမှ ရွှေမိုင်းများ၏ သက်ရောက်မှုကို လေ့လာနေသည်မှာ ဆယ်စုနှစ်တခုနီးပါးရှိသည့် လူမှုအခြေပြုအဖွဲ့ ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်း (SHRF) ပြောခွင့်ရသူတဦးက ပြောသည်။

ရှမ်းပြည်အရှေ့ပိုင်း အများစုကို စစ်ကောင်စီနှင့် မဟာမိတ် လက်နက်ကိုင်အဖွဲ့အစည်း ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က အုပ်ချုပ်သည်။ သို့သော် မိုင်းလန်နှင့် လွိုင်ခမ်းသည် လားဟူ လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် ဒေသတွင် ရှိသည်။ ထိုနေရာများသည် ပြင်ပလူများနှင့် နီးကပ်သည်။ ရေထုညစ်ညမ်းမှုကို ဓာတ်ခွဲခန်း စမ်းသပ်မှုများဖြင့် အတည်ပြုရန် ခက်ခဲသော်လည်း ဒေသခံများ၏ ပြောကြားချက်များနှင့် ဂြိုဟ်တုပုံရိပ်များအရ စိတ်ဆင်းရဲစရာ ပုံများကို ဖော်ပြနေသည်။
“သတ္တုတွင်းတွေက စွန့်ပစ်ပစ္စည်းတွေ မဲခေါင်မြစ်ထဲ စီးဝင်တဲ့ ချောင်းထဲကို ဝင်ရောက်နေတာ တွေ့နိုင်တယ်” ဟု အထက်ပါ ကျွမ်းကျင်သူ နှစ်ဦးအနက် တဦးကပြောသည်။
ရှမ်းပြည်တခွင်တွင် သတ္တုတူးဖော်မှု အများအပြားရှိကြောင်း SHRF ၏ ၂၀၂၄ ခုနှစ် အစီရင်ခံစာတွင် အတည်ပြုသည်။ သစ်တောများ ဆုံးရှုံးခြင်းနှင့် သတ္တုတူးဖော်ခြင်းကြောင့် မြေဆီလွှာပျက်စီးခြင်းသည် မြေဆီလွှာတိုက်စားမှုကို ပိုမိုဆိုးရွားစေပြီး ပိုမိုများပြားသောနုန်းများ စီးဆင်းခြင်းနှင့် ရေလွှမ်းမိုးခြင်းကို ဖြစ်စေသည်ဟု ထိုအစီရင်ခံစာက ဖော်ပြသည်။
ထိုတွေ့ရှိချက်များသည် မယ်ဆိုင်ခရိုင်မှ ပြင်းထန်သော ရေလွှမ်းမိုးမှုကို ချောင်းအထက်ပိုင်း သတ္တုတူးဖော်ခြင်း အပါအဝင် မြေအဆင့်သတ်မှတ်ချက် လျော့ကျမှုနှင့် ဆက်စပ်ဖော်ပြသည့် ထိုင်းအစိုးရ၏ အစောပိုင်းက လေ့လာမှုများကို အခြေခံသည်။
နိုင်ငံတကာမြစ်များ အန္တရာယ်ကျရောက်နေ
အဆိပ်ရှိသော သတ္တုတွင်း စွန့်ပစ်ပစ္စည်းများသည် နယ်စပ်တွင် ရပ်မနေပေ။ ရှမ်းပြည်အရှေ့ပိုင်းမှ ရွှေတူးဖော်ရေးလုပ်ငန်းများ နိုင်ငံတကာမြစ် နှစ်ခုဖြစ်သည့် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်တလျှောက်တွင် ဖြစ်ပေါ်နေသည်။
ထိုင်းနှင့် မြန်မာနိုင်ငံအကြား စီးဆင်းနေသည့် မယ်ဆိုင်မြစ်ကို အထူး ထိခိုက်စေသည်။ ထိုမှ အောက်ဘက်သို့ ဆက်လက် စီးဆင်းပါက မဲခေါင်မြစ်ဝှမ်းအောက်ပိုင်း (ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် မြန်မာ) တွင် နေထိုင်သောလူ ၆၅ သန်းနီးပါးအနက် ၈၀ ရာခိုင်နှုန်းကို အထောက်အကူပြုသည့် မဲခေါင်မြစ်သည် ကြီးထွားလာနေသည့် ညစ်ညမ်းမှု အန္တရာယ်ကို ရင်ဆိုင်နေရသည်။

မိုင်းလန်ဒေသတခုတည်းတွင်ပင် ဂြိုဟ်တု ဓာတ်ပုံများက ရွှေသတ္တုတွင်း အနည်းဆုံး ၁၀ ခုသည် မဲခေါင်မြစ်၏ မြစ်လက်တက်များအပေါ်တွင် ရှိကြောင်း ပြသနေသည်။ ထိုမှ တောင်ဘက်သို့ ဆက်သွားပါက အကြီးမားဆုံး သတ္တုတွင်းများ၏ အစုအဝေးကို မိုင်းတုံမြို့နယ် မိုင်းကန်ကျေးရွာတွင် တွေ့ရသည်။ ထိုနေရာတွင် သတ္တုတူးဖော်ရေး လုပ်ငန်းများသည် မယ်ဆိုင်မြစ်ကမ်း နှစ်ဖက်လုံးတွင် ၅ ကီလိုမီတာကျော် (၃ မိုင်ကျော်) ရှည်သည်။ သတ္တုတူးဖော်မှု စွန့်ပစ်ကန်တခုသည် ရေစပ်မှ ၁၀ ကီလိုမီတာ (၆ မိုင်ခွဲခန့်) သာ ဝေးသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် သမိုင်းဝင် ရေလွှမ်းမိုးမှု ထိုင်းနိုင်ငံ၊ မယ်ဆိုင်ခရိုင်တွင် ဖြစ်ပွားသည်။ ထိုရေလွှမ်းမိုးမှု ဖြစ်ပွားသောအခါ ထိုင်းနိုင်ငံ၏ ဘူမိအချက်အလက်နှင့် အာကာသနည်းပညာ တိုးတက်ရေး အေဂျင်စီ၏ ဂြိုဟ်တုဓာတ်ပုံများကို လေ့လာပြီး ရှမ်းပြည်အရှေ့ပိုင်းမှ သတ္တုတူးဖော်မှုသည် သစ်တောပြုန်းတီးမှုမှ အလုအယက် စိုက်ပျိုးခြင်းကြောင့် မြေအသုံးချမှု ပြောင်းလဲလာခြင်းနှင့်အတူ အခြေအနေကို ပိုမိုဆိုးရွားစေသည့် အချက်တခုအဖြစ် ဖော်ပြသည်။
“အဲဒီဒေသတွေဟာ သူတို့ထိန်းချုပ်မှုအောက်မှာ မရှိလို့ အခြေအနေ တိုးတက်အောင် ဝင်ရောက် လုပ်ကိုင်လို့ မရဘူးလို့ မြန်မာဘက်က အရာရှိတွေက ပြောတယ်” ဟု မယ်ဆိုင် မြူနီစပယ် အုပ်ချုပ်ရေးဒေသ မြို့တော်ဝန် ချိုင်ယွန် ဆရီဆမတ်က ထိုဒေသတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ရှိနေခြင်းကို ရည်ညွှန်း၍ ပြောသည်။
သို့သော် ထိုလက်နက်ကိုင်အဖွဲ့အစည်း အများအပြားသည် စစ်တပ်၏ တိတ်တဆိတ် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေကြပြီး အရေးယူနိုင်သည့် စွမ်းရည်ထက် အရေးယူလိုသည့် ဆန္ဒအကြောင်း မေးခွန်းထုတ်စရာ ဖြစ်စေသည်။
“ရေလွှမ်းမိုးတဲ့အခါ သတ္တုတွင်းတွေနားက နေရာတွေ အပါအဝင် မြစ်ကြောင်းတခုလုံးမှာ ရေမျက်နှာပြင် မြင့်တက်တယ်။ အဲဒီမြစ်ကမ်းတွေမှာ စွန့်ပစ်ပစ္စည်းကန်တွေ ရှိနေတယ်။ ဘာ အဆိပ်အတောက်ပစ္စည်းကို ရေလွှမ်းမိုးတဲ့ရေက မြစ်အောက်ပိုင်းကို သယ်သွားမယ်ဆိုတာ စဉ်းစားကြည့်ပေါ့” ဟု ၎င်းက ရှင်းပြသည်။
ဒေသအာဏာပိုင်များ၏ ရေစစ်ဆေးမှုများကို မြို့တော်ဝန်က ကိုးကားဖော်ပြသည်။ ထိုစစ်ဆေးမှုမျာအရ ဆိုင်ယာနိုက် အပါအဝင် သတ္တုတူးဖော်ခြင်းနှင့် ပတ်သက်သည့် ဓာတုဗေဒဓာတ် နမူနာများတွေ့သော်လည်း တရားဝင်လုံခြုံရေး သတ်မှတ်ချက် အဆင့်အောက်တွင် သာရှိသည်။
“ဆိုင်ယာနိုက်အဆင့် ကန့်သတ်ချက်ထက် ကျော်ပါစေလို့တောင် ဆုတောင်းရမလို ဖြစ်နေတယ်။ အဲဒီအခါမှပဲ တယောက်ယောက်က စစ်မှန်တဲ့ အရေးယူမှု လုပ်မှာ” ဟု မြို့တော်ဝန်က ပြောသည်။
အကောင်အထည်ဖော်မှု အားနည်းပြီး အန္တရာယ် မြင့်မား
ကမ္ဘာ့သတ္တုတူးဖော်ရေးလုပ်ငန်းသည် ၂၀၀၀ ပြည့်နှစ်မှစတင်ပြီး ဆန္ဒအရ လိုက်နာရမည့် နိုင်ငံတကာ ဆိုင်ယာနိုက် စီမံခန့်ခွဲမှု စံနှုန်းကို လိုက်နာကြသော်လည်း မြန်မာမှ သတ္တုမိုင်းများသည် အကြီးအကျယ် စည်းကမ်းမဲ့နေပြီး သဘာဝပတ်ဝန်းကျင် ကြီးကြပ်မှုလည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်မီကပင် ပြိုလဲသွားကြောင်း အစီရင်ခံစာများတွင် ဖော်ပြသည်။
ဓာတုပစ္စည်များ ပါဝင်မှုကို အရေးမယူဘဲ အကျပ်အတည်းအဆင့်ရောက်အောင် စောင့်နေခြင်းကို စတော့ဟုမ်း သဘာဝ ပတ်ဝန်းကျင် အင်စတီကျုမှ ဝါရင့် သုတေသီ သန်နာပွန် ပီမင်းက သတိပေးသည်။

“ရေလွှမ်းမိုးတဲ့အခါ သတ္တုတွင်းတွေနားက နေရာတွေ အပါအဝင် မြစ်ကြောင်းတခုလုံးမှာ ရေမျက်နှာပြင် မြင့်တက်တယ်။ အဲဒီမြစ်ကမ်းတွေမှာ စွန့်ပစ်ပစ္စည်းကန်တွေ ရှိနေတယ်။ အဆိပ်အတောက်ပစ္စည်းကို လွှမ်းမိုးတဲ့ရေက မြစ်အောက်ပိုင်းကို သယ်သွားမယ်ဆိုတာ စဉ်းစားကြည့်ပေါ့” ဟု ၎င်းက ရှင်းပြသည်။
ဇန်နဝါရီလတွင် မစ္စ ဘူဆာဒီ ဆန်တီပီတက်သည် မဲခေါင်မြစ်ကော်မရှင် (MRC) အတွင်းရေးမှူးချုပ်ရုံး အမှုဆောင်အရာရှိချုပ် ဖြစ်လာသည်။ ထိုကော်မရှင်သည် မဲခေါင်မြစ်၏ နယ်စပ်ဖြတ်ကျော် ရေအရင်းအမြစ်များကို စီမံရန် ဖွဲ့စည်းထားသည့် အစိုးရပေါင်းစုံအဖွဲ့ ဖြစ်သည်။ မစ္စ ဆန်တီပီတက်က ပိုမိုရှုပ်ထွေးလာသည့် ရေအပြောင်းအလဲများကို တုံ့ပြန်ရာတွင် စောင့်ကြည့်မှု သေချာအောင် လုပ်မည်ဖြစ်ကြောင်း ကတိပြုသည်။
မဲခေါင်မြစ်ဝှမ်းတွင် ရွှေတူးဖော်သောကြောင့် ဖြစ်လာသည့် ဆိုင်ယာနိုက် ညစ်ညမ်းမှုအကြောင်း မေးသောအခါ MRC ပြောခွင့်ရသူတဦးက “ခင်များတို့ တွေ့ရှိချက် အသေးစိတ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးစရာ ကျနော်တို့မှာ မရှိသေးဘူး” ဟု တုံ့ပြန်သည်။
ထိုသို့သော တုံ့ပြန်မှုကို မအံ့သြကြောင်း SHRF က ပြောသည်။ “ဒီကိစ္စကို MRC တက်ရောက်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေမှာ ကျနော်တို့ ပြောပြီးသွားပြီ။ အဲဒီတုန်းကလည်း သူတို့ မတုံ့ပြန်ဘူး၊ အခုလည်း မတုံ့ပြန်ဘူး” ဟု SHRF မှ လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုပြောခွင့်ရသူပြောသည်။
UWSA ထိန်းချုပ်သည့် ဒေသများတွင် ဆိုင်ယာနိုက်စံနှုန်း လိုက်နာခြင်းခြင်း ရှိ၊ မရှိ UWSA ပြောခွင့်ရသူ ဦးညီရန်းကို တွေ့ဆုံမေးမြန်းမှုများတွင် အကြိမ်ပေါင်းများစွာ မေးသော်လည်း အကြောင်းမပြန်ပေ။
ပြည်တွင်း ရွှေဖြန့်ချိမှု လုံလောက်စေရန်နှင့် ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) မှတဆင့် ပထဝီနိုင်ငံရေး သြဇာမြှင့်တင်ရန်အတွက် ၂၀၂၃ ခုနှစ်က မက်ထရစ်တန် ၃၈၀ နီးပါးဖြင့် ရွှေထုတ်လုပ်မှု အများဆုံးဖြစ်သော တရုတ်သည် ပြည်ပတွင် ရွှေတူးဖော်ခြင်းကို သေနင်္ဂဗျူဟာကျသည့် ရင်းနှီးမြှုပ်နှံမှုအဖြစ် မြင်သည်။
ကြောက်လန့်မှုနှင့် နှုတ်ပိတ်နေမှု
အကြောက်တရားသည် ထိုသတ္တုမိုင်းများအနီးတွင် နေထိုင်သူများကို နှုတ်ဆိတ်သွားစေသည်။
မိုင်းလန်တွင် သတ္တုတွင်းများကို ကန့်ကွက်ဆန္ဒပြပွဲများ ယခင်က မကြာခဏ တွေ့ရသည်။ ၂၀၁၅ ခုနှစ်တွင် ဆန္ဒပြသူတဦးကို သတ်လိုက်သောအခါ ထိုအခြေအနေ ပြောင်းလဲသွားသည်။ ထိုအချိန်မှ စတင်ပြီး ပေါ်ပေါ်တင်တင် ဆန့်ကျင်မှု ပျောက်ကွယ်သွားသည်။

မိုင်းကန်တွင် ၂၀၀၁ ခုနှစ်က UWSA ရောက်လာပြီး ထိန်းချုပ်သောအခါ အသက် ၅၅ နှစ်အရွယ် ဦးစိုင်းဆွမ်နှင့် သူ့ကဲ့သို့သော အခြားလူ အများအပြားကို အတင်းအကျပ် နေရာရွှေ့ပြောင်းခိုင်းသည်။
“ကျနော်တို့ကို အတင်းအကျပ် ရွှေ့ပြောင်းခိုင်းတော့ ရွာလူကြီးက ညှိနှိုင်းဖို့ကြိုးစားတယ်။ သူ့ကို ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်လိုက်တယ်” ဟု ၎င်းကပြောသည်။ ယခုအခါ ထိုင်းနယ်စပ်တလျှောက်ရှိ နေရပ်စွန့်ခွာ စခန်းများတွင် နေထိုင်ပြီး သူကဲ့သို့သော မိသားစုများသည် ၎င်းတို့တခါက စိုက်ပျိုးမြေမှ စွန့်ခွာခဲ့ရသည်။
မြန်မာတွင် ရွှေတူးရေး လောဘဇော တိုက်မှုတွင် တရုတ်၏ အခန်းကဏ္ဍ
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အစိုးရများ၊ ကုမ္ပဏီများနှင့် လူမှုအခြေပြုအဖွဲ့စည်းများ ၁၄၀ ၏ မဟာမိတ်အဖွဲ့ဖြစ်သော တွင်းထွက်လုပ်ငန်းများ ပွင့်လင်းမြင်သာမှုအစီအစဉ် (EITI) က မြန်မာကို စာရင်းမှ ပယ်ဖျက်သည်။ မြန်မာသည် သက်ဆိုင်သူ အများအပြား ကြီးကြပ်မှုနှင့် အချက်အလက် ပွင့်လင်းမြင်သာမှုကဲ့သို့ အခြေခံစီမံအုပ်ချုပ်မှု အလေ့အထများကို လေးစားလိုက်နာရန် ပျက်ကွက်သည်သောကြောင့် ဖြစ်သည်ဟု ကိုးကားဖော်ပြသည်။

အားနည်းသော စည်းကမ်းထိန်းကြောင်းမှုနှင့် လက်ရှိ ပဋိပက္ခကြောင့် လစ်ဟာသွားသော နယ်ပယ်တွင် တရုတ်သတ္တုတူးဖော်သူများသည် မြန်မာမှ ရွှေကြွယ်ဝသော စစ်ဇုန်များ၊ အထူးသဖြင့် မလုံခြုံသော တရုတ်နယ်စပ်တွင် အကြီးအကျယ် လွှမ်းမိုးမှု ရယူသည်။
ပြည်တွင်း ရွှေဖြန့်ချိမှု လုံလောက်စေရန်နှင့် ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) မှတဆင့် ပထဝီနိုင်ငံရေး သြဇာမြှင့်တင်ရန်အတွက် ၂၀၂၃ ခုနှစ်က မက်ထရစ်တန် ၃၈၀ နီးပါးဖြင့် ရွှေထုတ်လုပ်မှု အများဆုံးဖြစ်သော တရုတ်သည် ပြည်ပတွင် ရွှေတူးဖော်ခြင်းကို သေနင်္ဂဗျူဟာကျသည့် ရင်းနှီးမြှုပ်နှံမှုအဖြစ် မြင်သည်။
၂၀၂၄ ခုနှစ်တွင် BRI အစီအစဉ်အောက်မှ သတ္တုနှင့် သတ္တုတူးဖော်ရေး ရင်းနှီးမြှုပ်နှံမှုများသည် စံချိန်တင် အမေရိကန်ဒေါ်လာ ၂၁.၄ ဘီလီယံဖိုး ရှိသည်ဟု ဂရစ်ဖစ် အာရှ အင်စတီကျု၏ စာရင်းအရ သိရသည်။ စီမံအုပ်ချုပ်မှုလျော့ရဲသည့် မြန်မာကဲ့သို့သော နိုင်ငံများသည် ထိုသို့ ပိုမိုကြီးမားသော လမ်းကြောင်း၏ ပစ်မှတ်ဖြစ်လာသည်။
တရုတ်ကုမ္ပဏီများသည် ပြည်တွင်းတွင် တင်းကျပ်သော စည်းကမ်းချက်များ ရင်ဆိုင်ရပြီး ၎င်းတို့၏ ပြည်ပလုပ်ငန်းများသည် အင်ဒိုနီးရှားနှင့် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ အပါအဝင်တို့တွင် ဥပဒေအရ စုံစမ်းစစ်ဆေးခံရသည်။
တဖက်တွင် ၂၀၂၁ ခုနှစ်က စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာမှ တရုတ်သတ္တုတူးဖော်ရေး လုပ်ငန်းများကို မည်သည့် တရားစွဲဆိုမှုမှ မရှိသေးပေ။ UWSA သည် ရွှေကြွယ်ဝသည့် နေရာအများအပြားကို ထိန်းချုပ်ထားသည်။
UWSA ထိန်းချုပ်မှုအောက်မှ သတ္တုတူးဖော်ရေး လုပ်ငန်းများကို တားဆီးနှောက်ယှက်မှုများသည် တရုတ်ကို မြန်မာပြည်တွင်းစစ်တွင် ပိုမိုပါဝင်ပတ်သက်စေမည့် အန္တရာယ်ရှိသည်။ ထိုကိစ္စသည် မြန်မာစစ်တပ်ကဖြစ်စေ၊ အခြား လက်နက်ကိုင်အဖွဲ့အစည်းများကဖြစ်စေ မလိုလားသည့် ရလဒ်တခုဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ကုစားရန် နည်းလမ်းအနည်းငယ်နှင့် ဆန့်ကျင်မှုများ နှုတ်ပိတ်ခံရခြင်းနှင့်အတူ ကိုစိုင်းဦး ကဲ့သို့သော ကျေးရွာသားများသည် ၎င်းတို့၏ အထွတ်အမြတ်ထားသော တောင်များနှင့် မြစ်များ အဖျက်ဆီးခံရသည်ကို ကြည်နေရုံသာ တတ်နိုင်တော့သည်။
တချိန်တည်းတွင် မြစ်အောက်ပိုင်း၌ ပြည်သူ သန်းပေါင်းများစွာသည် ၎င်းတို့ထံသို့ တဖြည်းဖြည်း စီးဆင်းလာနေသည့် ဒုက္ခရောက်မည့်ပြဿနာကို အများအားဖြင့် သတိမထားမိကြပေ။
(Dialogue Earth ပါ Kannikar Petchkaew ၏ How Myanmar’s gold rush threatens international rivers ကို ဘာသာပြန်သည်။)
You may also like these stories:
ရှမ်းအရှေ့ပိုင်းရွှေတူးဖော်မှုကြောင့် မယ်ဆိုင်တွင် နုန်းဒဏ် အဆိုးဆုံးကြုံရဟုဆို
တရုတ် ရွှေများ နယ်စပ်မှတဆင့် မှောင်ခို ဝင်ရောက်နေ
မြန်မာ့ဒေသအလိုက် ရာသီဥတုပြောင်းလဲမှု စီမံကိုင်တွယ်ရေး ထိုင်း ကူညီသင့်
မြေရှားသတ္တုအရေးပါမှု၊ ပထဝီနိုင်ငံရေး အပြောင်းအလဲနှင့် မြန်မာ့တော်လှန်ရေး
မြေရှားသတ္တုတူးနေကြသော တရုတ်-မြန်မာ နယ်စပ်က “စတေးခံဇုန်များ”