ထိုင်းနိုင်ငံ သဘာဝရင်းမြစ်ဌာန၏ ယခုနှစ် အောက်တိုဘာလအတွင်း လေ့လာချက်အရ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ မြောက်ပိုင်း နယ်စပ်ဒေသတလျှောက် ရေကြီးရေလျှံမှုမှ နုန်းတင်မှု အဆိုးဆုံးကြုံရသည်မှာ ရှမ်းပြည်နယ် မိုင်းဆတ်မြို့ အရှေ့ပိုင်း ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) လက်အောက်ခံဒေသများ၌ ရွှေအကြီးစား တူးဖော်မှုများကြောင့်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင်က ယနေ့ ထုတ်ပြန်သည်။
ယခင်က မယ်ဆိုင်မြို့နှင့် တာချီလိတ်မြို့များတွင် ရေကြီးရေလျှံမှုများ မကြာခဏ ဖြစ်ပေါ်ခဲ့သော်လည်း နုန်းပါဝင်မှု မများခဲ့ဘဲ ယခုနှစ်အတွင်း ရေကြီးမှု၌ နုန်းပါဝင်မှုအများဆုံးဖြစ်ခဲ့ပြီး ပြန်လည်ဖယ်ရှားရန် အခက်ခဲဆုံးနှင့် ကုန်ကျစရိတ် အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
ထိုင်းအစိုးရ၏ လေ့လာမှုများအရ မယ်ဆိုင်မြစ်၏ ရေကြောင်းတလျှောက် မျောပါလာသော နုန်းများတွင် အာဆင်းနစ်၊ နီကယ်လ်နှင့် ဇင့် ပါဝင်မှု အများဆုံးဖြစ်ပြီး ဇင့်ပါဝင်မှုမှာ သတ်မှတ်ထားသည့် ပမာဏထက် ၁၈ ဆပိုများနေကြောင်း လည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဂြိုလ်တုမြေပုံ လေ့လာမှုများအရလည်း မြို့အတွင်းရှိ တင်ကျန်နေသောနုန်းများ အဓိကဖြစ်ပေါ်စေသည့် အကြောင်းမှာ ရှမ်းပြည်နယ် မိုင်းဆတ်မြို့အရှေ့ပိုင်း မယ်ဆိုင် မြစ်တလျှောက် (မယ်ဆိုင်အထက်ပိုင်း) ရှိ ရွှေတူးဖော်ထုတ်လုပ်မှုများ ကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။
ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင် ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က “ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေကို အခြေခံပြီးတော့ ထုတ်ပြန်ထားတာပါ။ လေ့လာတာတော့ ထိုင်းနိုင်ငံ သဘာဝရင်းမြစ်ဌာနက လေ့လာထားတာပါ။ မယ်ဆိုင်မြို့ထဲ ရေကြီးတဲ့အခါကျတော့ မြို့ထဲရောက်လာတဲ့ တင်ကျန်လာတဲ့ နုန်းတွေ၊ တင်ကျန်လာတဲ့ ရေအရည်အသွေးကို အခြေခံပြီးလေ့လာထားတယ်လို့ သိရတယ်” ဟု ဧရာဝတီကို ပြောသည်။
သတ္တုတူးဖော်မှုများသည် ယင်းဒေသအနီးအနားရှိ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်စေပြီး သတ္တုတွင်းမှ စွန့်ပစ်ပစ္စည်းများ မြစ်အတွင်းသို့ စီးဝင်သောကြောင့် မြစ်ရေညစ်ညမ်းစေသည့်အပြင် ပတ်ဝန်းကျင်အနီး နေထိုင်သူများအပါအဝင် ထိုင်းနိုင်ငံအတွင်းနေထိုင်သူများအထိ ကျန်းမာရေးအကျိုး သက်ရောက်မှုများ ဖြစ်ပေါ်စေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယိင်းလျန်းဟန်က “ရေထဲမှာပါလာတဲ့ သတ္တုတူးဖော်မှုက ရလာတဲ့ ဓာတုပစ္စည်းတွေကြောင့် လူထုကျန်းမာရေး ပိုပြီးတော့ ထိခိုက်လာတာမျိုးပေါ့။ အရင်ကတော့ ရှမ်းပြည်နယ်ဘက်မှာဖြစ်တယ်။ အမျိုးသမီး ကိုယ်ဝန်သည်တွေ သားပျက်တာတို့ စိုက်ထားတဲ့အပင်တွေ စားသောက်လို့မရတာ၊ မြေဆီလွှာတွေက အဆိပ်သင့်မြေအဖြစ် ပြောင်းသွားတာမျိုးတွေ ဖြစ်လာနိုင်တယ်။ အခုကတော့ ရေကြီးတဲ့အဆင့်ပဲ ရောက်သေးတယ်။ နောက်ထပ် ဘေးအန္တရာယ်တွေဖြစ်တဲ့ တောင်ပြိုတာ၊ မြေပြိုတာ၊ မြေတွေက ဘယ်လိုမှ သုံးလို့မရတော့တာမျိုးတွေ ဖြစ်လာနိုင်တယ်”ဟု ပြောသည်။
မိုင်းဆတ်မြို့အရှေ့ပိုင်းရှိ UWSA လက်အောက်ခံဒေသများဖြစ်သော မိုင်းကန်း အနီးတဝိုက်၊ နားယောင်း အနီးတဝိုက်နှင့် စစ်ကောင်စီလက်အောက်ခံ ရွာများဖြစ်သော မယ်ကြုတ်ရွာများတွင် လွန်ခဲ့သော ၂နှစ်ခန့်မှစပြီး ရွှေတူးဖော်ထုတ်လုပ်မှုများ ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။
မိုင်းကန်းနှင့် နားယောင်း အနီးတဝိုက်ရှိ ရွှေတူးဖော်မှုများမှာ မိုင်းဆတ် မြစ်တလျှောက်တွင် ၂၀၂၂ နှောင်းပိုင်းမှစ၍ များပြားလာခဲ့ခြင်းဖြစ်ပြီး ယင်းနောက်မြစ်ဘေးရှိ တောင် အစိတ်အပိုင်းတချို့ တိုက်စားခံရကာ ခဲဓာတ်များသော ကန်များအဖြစ်သို့ ပြောင်းလဲသွားကြောင်းနှင့် အဆိုပါ ကန်များတွင် ရွှေတူးဖော်ရာ၌ အသုံးပြုသည့် ဆိုင်ယာနိုက်ကဲ့သို့ အဆိပ်ရှိဓာတုပစ္စည်းများ ပါဝင်နေသည်ကို တွေ့ရကြောင်း အစီရင်ခံစာက ဆိုသည်။
ထို့ပြင် မယ်ကြုတ်ဒေသ၌ ရွှေတူးဖော်မှုများကြောင့် ထိုင်း-မြန်မာ နယ်စပ်အနီး စီးဆင်းလျက်ရှိသော ချောင်းများ မှတဆင့် မိုင်းကန်း အထက်ပိုင်း မယ်ဆိုင်မြစ်အတွင်းသို့ စွန့်ပစ်ပစ္စည်းအများ အပြားစီးဝင်ခဲ့ကြောင်း ဖော်ပြသည်။
အလားတူ နမ့်ခုတ်မြစ်အထက်ပိုင်း မိုင်းဆတ်မြို့တောင်ဘက်တွင်၂၀၂၃ ခုနှစ်မှစ၍ တရုတ်ကုမ္ပဏီ ၇ ခုက ဝနှင့် ချိတ်ဆက်၍ ရွှေတူးဖော်မှုများ စတင်ခဲ့သောကြောင့် အဆိပ်အတောက်နှင့် စွန့်ပစ်ပစ္စည်းများမှာ ထိုင်းနိုင်ငံနယ်စပ် မီတာ ၃၀ အကွာအထိ မြစ်များအတွင်း စီးဆင်းလျက်ရှိကြောင်း သိရသည်။
You may also like these stories:
မြန်မာ့ဒေသအလိုက် ရာသီဥတုပြောင်းလဲမှု စီမံကိုင်တွယ်ရေး ထိုင်း ကူညီသင့်
မြေရှားသတ္တုအရေးပါမှု၊ ပထဝီနိုင်ငံရေး အပြောင်းအလဲနှင့် မြန်မာ့တော်လှန်ရေး
မြေရှားသတ္တုတူးနေကြသော တရုတ်-မြန်မာ နယ်စပ်က “စတေးခံဇုန်များ”