လာအိုနိုင်ငံ ကုန်းတွင်းပိုင်းဒေသများကို ဖြတ်ကျော်ခဲ့သော အပူပိုင်းမုန်တိုင်း ဘူအလွိုင်သည် ယမန်နေ့ညပိုင်း၌ အပူပိုင်းမုန် တိုင်းငယ်အဖြစ် အားလျော့ကာ မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် လေဖိအားနည်းဆဲလ်အဖြစ် အားလျော့ခဲ့သော်လည်း ယင်းအရှိန်ကြောင့် နိုင်ငံတဝန်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးခြင်းများ ဖြစ်ပေါ်ကာ လူသေဆုံးမှုများလည်း ရှိနေသည်။
အဆိုပါ လေဖိအားနည်းဆဲလ်သည် ယနေ့ လေပွေလှိုင်းအဖြစ် အားလျော့ကာ ရှမ်းပြည်နယ်၊ ကရင်နီ၊ နေပြည်တော်၊ မန္တလေးနှင့် မကွေးတိုင်းများသို့ ဆက်ရွေ့လျားမည်ဖြစ်ပြီး ယင်းအရှိန်ကြောင့် ယနေ့နံနက်ပိုင်းမှ အောက်တိုဘာ ၁ ရက် အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီနှင့် တနင်္သာရီတိုင်း၊ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခြင်း၊ ဒေသအလိုက် နေရာကွက်၍ မိုးကြီး ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
လက်ရှိတွင် မန္တလေးတိုင်းအတွင်းရှိ ရမည်းသင်း၊ ပျော်ဘွယ်၊ မြင်းခြံ၊ နွားထိုးကြီး၊ ပဲခူးတိုင်း အုတ်တွင်း၊ မကွေးတိုင်းမှ ရေနံချောင်း စသည့် ဒေသများတွင် ဆည်ရေမြင့်တက်ခြင်း၊ ရေကြီးရေလျှံခြင်း၊ နေအိမ်တချို့ ရေစီးနှင့်မျောပါခြင်းများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။
မကွေးတိုင်း ရေနံချောင်းမြို့မှ ဒေသခံတဦးက “မိုးသည်းထန်စွာရွာတော့ မနက် ၃ နာရီလောက်ကနေ ချောင်းရေတက်လာ ပြီး မြို့အဝင် မြစိမ်းရောင်တံတား နားကနေ ဧရာဝတီမြစ်ထဲသွားတဲ့ကမ်းနားအထိ ချောင်းဘေးဝဲယာတွေအကုန်လုံး လူတရပ်လောက်မြင့်ပြီး ချောင်းရေကစီး၊ မနက် ၃ နာရီ အိပ်ချိန်လည်းဖြစ်တော့ အသက်လုပြီး ပြေးရတာပေါ့။ လူတော့ ဘာမှမဖြစ်ကြပေမယ့် တထပ်အိမ်တွေမြုပ်၊ ပစ္စည်းတွေမျောပါတာပေါ့။ ချောင်းဘေးက နှစ်အိမ်၊ သုံးအိမ်တော့ မျောသွား တယ်။ ဝန်းထရံတွေပြို။ အခုထိလည်း မိုးကရွာနေတုန်း” ဟု ဧရာဝတီကို ပြောသည်။
ရေနံချောင်းမြို့ မြို့မတောင်၊ မြို့မမြောက်၊ ဆုံတိုက်၊ သူဌေးကုန်း၊ သပြေတန်း၊ ဂျုပ်ပင်ရွာနှင့် ထိန်ချောင်းရွာ စသည့် ရပ်ကွက်များနှင့် ကျေးရွာများမှာ ရေဘေးကြုံနေရပြီး ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နေရကြောင်း ၎င်းက ပြောသည်။
ထို့ပြင် ယနေ့နံနက်ပိုင်းတွင်လည်း မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ခြေရှိ ကြက်မောက်တောင်ဆည် ရေပိုလွှဲရေစတင်ကျော်နေပြီး မိုးသည်းထန်စွာ ရွာသွန်းနေသောကြောင့် ပုပ္ပားဒေသတောင်ခြေတဝိုက် ကျေးရွာများမှာ သတိထားနေရသည့် အခြေအနေဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံတဦးက “အသေအပျောက်တော့ မရှိပါဘူး။ မိုးကတော့ ကောင်းနေဆဲပဲ။ နွားထိုးကြီးက ဝဲလောင်ဆည်လည်း ရေပြည့်မှတ်ကျော်နေပြီ။ ရမည်းသင်းလည်း မိုးကကောင်းနေဆဲ”ဟု ပြောသည်။

အလားတူ ပဲခူးတိုင်း အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်မြို့ ဆေးရုံဝန်းတွင်လည်း ယနေ့ နံနက်ပိုင်း၌ တောင်ကျရေများ အရှိန်နှင့် စီးဝင်လာသောကြောင့် လူနာများကို ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသလို မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်၊ အုန်းချောရွာ အရှေ့ဘက်ရှိ ရှစ်ထပ်ရေတံခွန်တွင် စက်တင်ဘာ ၂၉ ညနေပိုင်း၌ ရေများအရှိန်ဖြင့် စီးဆင်းလာသောကြောင့် ရေကစားနေသည့် ကိုယ်ပိုင်ကျောင်းတခု၏ နိုင်ငံခြားသား ဆရာ/ဆရာမများအဖွဲ့မှ ၅ ဦး ရေထဲမျောကာ သုံးဦး သေဆုံးပြီး တဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းများက ပြောသည်။
လက်ရှိ လေပွေလှိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ် ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များလည်း ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူများ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူ များအနေဖြင့် ရေကြီးရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တလျောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီးကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင် သတိပြုနိုင်ပါရန် မိုးဇလက ယနေ့ နေ့လယ်ပိုင်း၌ အသိပေးထားသည်။
စက်တင်ဘာ ၂၇ ရက်ကလည်း မကွေးတိုင်း နတ်မောက်မြို့နယ် အောင်ပန်းကျွန်းဆည်ကျိုးခြင်းကြောင့် မဲဇလီပင်ရွာရှိ မိသားစုဝင် ခုနစ်ဦး ရေစီးနှင့်အတူ မျောပါခဲ့ရာမှ ၆ ဦး သေဆုံးခဲ့ရသည်။
“This story was produced with support of the Internews Earth Journalism Network.”
You may also like these stories:
မြဝတီ-ဘားအံ ၁၀၁၈ လမ်း မြေပြိုနေ၍ ကုန်ကားများ လှည့်ပြန်နေရ
ရခိုင်၌ ရေဘေးသင့်ပြည်သူ တသောင်းကျော် အကူညီလိုအပ်နေ














