စာရေးဆရာ ဇေယျသည် ဧရာဝတီ မြစ်နှင့် စပ်၍ အောက်ပါအတိုင်း ရေးခဲ့ဖူးလေသည်။
“ဧရာဝတီ မြစ်ကြီးမူကား မြောက်မှ တောင်ဘက်တည့်တည့်၊ မြန်မာနိုင်ငံ ဗဟိုကျောမ၊ ညီညွတ်သော မြေပြင်ကို ဖြတ်၍ စီးသဖြင့် အစမှအဆုံး လှေသင်္ဘောများ သွားလာနိုင်သဖြင့်၊ လူတို့ အတွက် အကျိုးကျေးဇူး များစွာ ပြုပေသည်။
ထိုမြစ်ကြီး တလျှောက်၌ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ အင်းဝ စသော မြန်မာ့ သမိုင်းကြီး ပေါ်ထွန်းလျက် မြန်မာ့ ယဉ်ကျေးမှုကြီး ထွန်းကားခဲ့သည်။
အကယ်၍ ဧရာဝတီ မြစ်ကြီးသာ မရှိပါမူကား မြန်မာ လူမျိုး၊ မြန်မာ့ သမိုင်း၊ မြန်မာ့ ယဉ်ကျေးမှုများ ဖြစ်ပေါ် ပြန့်ကားနိုင်မည် မဟုတ်ချေ။
စင်စစ်ဆိုသော် မြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျေးမှု ဆိုသည်မှာ ဧရာဝတီ သမိုင်း၊ ဧရာဝတီ ယဉ်ကျေးမှုပင် ဖြစ်ပေသည်။” (ဇေယျ၊ စာတိုပေစ၊ ရန်ကုန်၊ စိန်ပန်းမြိုင် စာပေ၊ ရက်စွဲ မပါ)
မှန်၏။ အပိုင်း တစ်၊ အပိုင်း နှစ်ကို ဖတ်ခဲ့လျှင် ဤသဘော ပေါက်ပေလိမ့်မည်။
သို့ရာတွင် မြစ်ဆိုသည်မှာ လူတို့၏ အကျိုးလည်း ပြုတတ်သည်။ လူတို့ကို အန္တရာယ်လည်း ပေးတတ်သည်။ အောက်တွင် ပါသော နှိုးဆော်စာမျိုးကို သတင်းစာများက အခါကာလ အားလျော်စွာ ဖော်ပြလေ့ ရှိကြသည်။
မြစ်နှစ်သွယ် ရေကြီးမည်
ရန်ကုန်၊ စက်တင်ဘာ ၆
မိုးလေဝသ နှင့် ဇလဗေဒ ဦးစီးဌာန၏ ယနေ့ မွန်းလွဲ ၂ နာရီ အချိန် ထုတ်ပြန်ချက်အရ ဧရာဝတီ နှင့် ချင်းတွင်း မြစ်ရေသည် ယခု လာမည့် ဒုတိယ သီတင်းပတ် အတွင်း ချင်းတွင်းမြစ် နှင့် ဧရာဝတီမြစ် အထက်ပိုင်း တလျှောက်ရှိ မြို့ အသီးသီးတို့၏ စိုးရိမ်ရေမှတ်များသို့ တက်လာနိုင်ကြောင်း။
ဧရာဝတီမြစ် အထက်ပိုင်းနှင့် အောက်ပိုင်း တလျှောက်တို့တွင် မြစ်ရေသည် ယခု လာမည့် တတိယ သီတင်းပတ်အတွင်း သက်ဆိုင်ရာ မြို့နယ် အသီးသီးတို့၏ စိုးရိမ်ရေမှတ်များသို့ ရောက်ရှိနိုင်မည် ဖြစ်ကြောင်း ခန့်မှန်းထားရာ အထက် ဖော်ပြပါ မြစ်ရေကြီးနိုင်သည့် အထူးသတင်းနှင့် ပတ်သက်၍ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း အတွင်း စိုးရိမ်ရေမှတ် ကျရောက်နိုင်မည့် မြို့နယ်များ အလိုက် ရေဘေး အန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေး နှင့် ကြိုတင် ပြင်ဆင်မှု လုပ်ငန်းများ လုပ်ဆောင်ထားကြရန် လူမှုဝန်ထမ်း ဝန်ကြီးဌာန ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဌာနမှ သတိပေး နှိုးဆော်ထားသည်။ (ဇေယျ၊ စာတိုပေစ၊ ရန်ကုန်၊ စိန်ပန်းမြိုင် စာပေ၊ ရက်စွဲ မပါ)
ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ ဆိုသည်မှာ ရေကာတာများ တည်ဆောက်ခြင်း၊ ရေလွှဲမြောင်းများ ပြုလုပ်ခြင်း စသည်ဖြင့် ဖြစ်လေသည်။
သတိရသဖြင့် ရှေးက အဖြစ်အပျက်ကို ရေးပြရဦးမည်။
သီပေါမင်း ပါတော်မူပြီးစ တထောင့်ရှစ်ရာ ရှစ်ဆယ့်ခြောက် ခုနှစ် (၁၈၈၆) ထဲတွင် မန္တလေးဘက်၌ ရေကာတာ ကျိုးပေါက်၍ ရေဘေး အကြီးအကျယ် ကြုံခဲ့ရဖူးလေသည်။
ရေကာတာ တည်ဆောက်သူမှာ မင်းတုန်းမင်း ဖြစ်လေသည်။
မင်းတုန်းမင်းသည် မန္တလေးမြို့ကို တည်စဉ်က ရွှေတချောင်း အနောက်ဘက်ကမ်း မြေနိမ့်ပိုင်း နေရာများတွင် မြေမြို့ရိုး ရေကာတာကြီးပါ ဆောက်လုပ်ခဲ့လေသည်။
ထိုအခါ ရွှေတချောင်း အနောက်ဘက်တွင် နှစ်စဉ် ရေလွှမ်းမိုးခြင်းမှ ကင်းရှင်းသွားလေ၍ လူနေအိမ်ခြေ များပြား စည်ကားလာခဲ့လေသည်။
တထောင့်ရှစ်ရာ ရှစ်ဆယ့်ခြောက် ခုနှစ် (၁၈၈၆)၊ သြဂုတ်လ ဆယ့်ခြောက်ရက်နေ့ (၁၆) ညနေပိုင်းတွင်ကား မြစ်ရေ အကြီးအကျယ် တက်ခဲ့လေသည်။
မြစ်ရေ အရှိန်ကြောင့် ရွှေတချောင်း အရှေ့မြောက်ဘက် ထောင့်မှ စ၍ တာကျိုးပေါက်လေသည်။ မြစ်ပြင် တခုလုံးသည် ငါးမိုင်မျှ ကျယ်ပြန့်လာခဲ့ပေ၏။ မြစ်ရေသည် တာအတွင်း မြေမျက်နှာပြင် အထက် ဆယ့်ခြောက်ပေခန့် (၁၆) မြင့်နေလေပြီ။
မြစ်ရေ တိုး၍ တာကျိုးသည်ကို ထိုစဉ်က အသက် ဆယ့်ခြောက်နှစ် (၁၆) အရွယ်ရှိ ရေပန်းတိုက်နေ ရှင်သာမဏေ (နောင် စံကင်းဆရာတော် ဦစန္ဒ) က ကိုယ်တွေ့ ကြုံဖူးလေသည်။ ထို ပုဂ္ဂိုလ် အမိန့်ရှိသည်ကို နားထောင်ပါလေ။
“ညနေ ၃ နာရီ ကျော်ကျော် အချိန်မှာ ရေဘေး အော်သံ ကြားရတယ်… တာကျိုးပြီ… မြစ်ရေတွေ ဝင်ကုန်ပြီ… ဆိုတဲ့ အသံတွေ ဆူညံသွားတယ်။
ရေပန်းတိုက် တောင်ဘက်က ဦးပေစိ စေတီတော်ကြီးရဲ့ မြောက်ဘက်မှာ ရေမြောင်း ရှိတယ်။ အဲဒီ ရေမြောင်းဆီက နေပြီး ရေလုံးကြီးတွေ အတင်းဝင်လာတာပဲ၊ အဲဒီ အချိန်တုန်းက အိမ်မြင့်ဆိုလို့ တခုမှ မရှိဘူး၊ တဲအိမ်ကလေးတွေသာ ရှိတယ်။
ခေါင်မိုးအထိ မြုပ်ကုန်တယ်၊ ရေသံကြားတာနဲ့ ညောင်ကုန်း လှည်းတန်းလူတွေ ကိုယ့်ရှိတဲ့ လှည်းပေါ် ကလေးတွေနဲ့ ပစ္စည်းတွေ တင်ပြီး အတင်းမောင်းပြေးကြတာပဲ။ လွတ်တဲ့လူလည်း လွတ်ရဲ့၊ တချို့လည်း မလွတ်ဘူး။
မြတောင်တိုက် တောင်ဘက် မြောက်ဘက်မှာ နေကြရတယ်။ အဲဒီ အခါတုန်းက မြတောင်တိုက် မြောက်ဘက်က ကွင်းမှာ သီပေါမင်း ကိုယ်တိုင် မြတောင် ကျောင်းကြီး ရေစက်ချ ထီးဖြူရုံ စံနန်းတော် ဆောက်ထားတာ ရှိတယ်။ အဲဒီ အဆောက်အအုံကို အင်္ဂလိပ်တွေက မဖျက်သေးလို့ ဒုက္ခသည် တော်တော်များများ ဝင်နေနိုင်တယ်။
ရေဆိုတာ ဝင်လာရင် သိပ်မြန်တယ်၊ ညောင်ကုန်း လှည်းတန်းက ဒကာကြီးတယောက် သူ့မိတ်ဆွေရှိရာ လက်ပန်ပင် လှည်းတန်းကို လှည်းနဲ့ အပြေးမောင်းသွားတယ်၊ လက်ပန်ပင် လှည်းတန်းမှာ ရေက သူ့အရင် ရောက်လာလို့ တခါ အရှေ့ဘက် မောင်းရတယ်။
အခု ၃၄ လမ်းအတိုင်း အရှေ့ကို လှည်းမောင်း ပြေးလာတော့လည်း ရွှေတချောင်း မရောက်ခင် ရေက ရောက်လာလို့ တော်တော် ဒုက္ခရောက်ရတယ်။
တာကျိုးတဲ့ ညက ရေပန်းတိုက် ကျောင်းကြီး အထက်ထပ် ကြမ်းပြင်ပေါ်မှာ တို့အိပ်ကြရတယ်။ သန်းခေါင်ကျော်တော့ ရေပုတ်သံတွေ လှိုင်းသံတွေ ကြားရပြီး ရေတွေ တက်လာတာပဲ၊ ကျောင်းလှေကားကြီး တစင်းလည်း ပြုတ်ပြီး ပါသွားတယ်။
မကြာဘူး လှေတစင်း ကျောင်းနား မျောလာတယ်၊ အဲဒီတော့ ဘုန်းကြီးနဲ့ တို့ တက်စီးပြီး လှေကားကြီး လိုက်ရှာကြတာ ရွာဟိုင်း သင်္ချိုင်းနားမှာ သွားတွေ့တယ်။
ကျောင်းပေါ်မှာ နေလို့ မဖြစ်တော့ဘူး၊ ဒီတော့ အဲဒီည ကျောင်းပေါ်မှာ တက်မအိပ်တော့ဘူး၊ မျောလာတဲ့ တိုင်တွေ၊ ကျောင်းထဲမှာ ရှိတဲ့ တိုင်ဟောင်းတွေ စုစည်းပြီး ကျောင်းနားမှာ ဖောင်ဖွဲ့ နေကြရတယ်၊ အဲဒီ ဖောင်ပေါ်မှာ ၁၀ ရက် ကျော်ကျော် နေကြရတယ်။
မြတောင် တိုက်ကြီး အနီးအနား တဝိုက် ရေဘေး ဒုက္ခသည်တွေ ပြည့်ကြပ်နေတာပဲ၊ ပြီးတော့ ကုန်းမြင့်တဲ့ နေရာ ပြတိုင်း ပြတိုင်းမှာလိုပဲ စုနေကြရတယ်။
တနေ့တော့ လှေကလေး ကြုံတာနဲ့ ဈေးချိုကို လိုက်သွားတာ ဈေးချိုကျော်ပြီး လှေဆိုက်ရတယ်။ ၂၆ လမ်း နဲ့ ၈၃ လမ်း ထောင့်အထိ လှေကလေး သွားလို့ရတယ်။ ဈေးချိုမှာ နှစ်တောင် သုံးတောင်လောက် ရေနက်တယ်။
အိမ်တော်ရာ ဘုရား ပရဝုဏ်ထဲမှာလည်း စေတီ ခြေရင်းထိ ရေတက်နေတယ်၊ မဟာရာမ် တံတိုင်းပေါ်တော့ မကျော်ဘူး၊ မိုးကောင်းတိုက်၊ ခင်မကန် တိုက်ကြီးတွေမှာ ရေ ၄ တောင်လောက် ရှိတယ်လို့ ပြောကြတယ်။
အနောက်ပိုင်း သင်္ဂဇာတိုက်၊ အကောက်ဝန်မင်း တိုက်တွေကတော့ ရေသာ ဝင်တယ်၊ ကျောင်း အပေါ်ထပ်မှာ သီတင်း သုံးလို့ ရသတဲ့။
တို့နားက ဦးပေစိ ဘုရား မဟာရာမ် တံတိုင်းကြီး ရေမြုပ်နေလို့ လှေကြီးတွေ လာတဲ့အခါ တိုက်မိသတဲ့။ တောင်နားက တောင်ခွင် တိုက်ကြီးက အတော်နိမ့်ပုံရတယ်။
အလယ် ရွှေကျောင်းကြီး ရှိတယ်၊ အပေါ်ထပ်မှာ နေလို့ မဖြစ်ဘူးတဲ့။ ကင်းဝန်မင်းကြီး တိုက်ကတော့ အလယ် တိုက်မကြီး အပေါ်ထပ်ကို ရေမရောက်ဘူး၊ သံဃာတော်တွေ အဲဒီမှာ စုနေကြသတဲ့။ ဘေး အရန်ကျောင်းတွေကတော့ ရေဟာ ပန်းဆွဲထိနေတာပဲ။ မင်းကွန်းတိုက်၊ ဘေးမဲ့ တိုက်များ ရေမြုပ်ကုန်တယ်။
ရွှေတချောင်းက လှမ်းကြည့်လိုက်ရင် အနောက်ဘက်၊ တောင်ဘက်၊ မြောက်ဘက် ရေပြင်ကြီးပေါ့၊ ဧရာဝတီ နဲ့ တဆက်တည်းပဲ။” (ဦးနန္ဒမာလာ ဘိဝံသ၊ စံကင်းဆရာတော်၊ မန္တလေး ဒေါ်လှခင်နှင့် သားများ စာပုံနှိပ်တိုက်၊ ၁၉၇၂)
အပျက်အစီးကို ဆက်၍ ဆိုရသော် လူအများ သိုလှောင်ထားသော စပါး၊ ပဲ၊ ပြောင်း၊ ဆေး၊ သစ်၊ ဝါး စသည်ဖြင့် ကုန်ပစ္စည်း လေးသိန်း ဖိုးခန့် ရေမြုပ် ပျက်စီးလေသည်။
အိမ်ခြေပေါင်း ရှစ်ထောင်ခန့် (၈၀၀၀) ရေနစ်မြုပ်ခဲ့ရာ လေးရာခန့် (၄၀၀) ရေတိုက်စား မျောပါသွားလေသည်။ လူ အသေအပျောက်ကား နှစ်ဆယ့်ငါးယောက်ခန့် (၂၅) ရှိလေသည်။ (မကြန်၊ မန္တလေး တာရိုး ကျိုးခဲ့စဉ်က – ၁၈၈၆၊ ဟံသာဝတီ)
ရေကြီးမှုကို လိုအပ်သလို အသုံးတတ်လျှင်လည်း ပြုသလောက် ထိရောက်လေသည်။
သြဂုတ်လတွင် ရေကြီးသည့် အခါ ပုဂံ အနားရှိ ယုန်လွှတ် ကျွန်းသည် ရေမြုပ်နေတတ်လေသည်။ အနှစ် လေးငါးဆယ် လောက်ကတည်းက ထိုကျွန်းမှာ ရေမြုပ်ချည် ပေါ်ချည်နှင့် တည်ရှိခဲ့လေသည်။
နှစ်လခန့် အကြာ ရေကျသွားသော် မြေနု တင်ကျန်ရစ်ကာ စိုက် (ပျိုး) ခင်း အဖြစ် အလွန် အသုံးဝင်လေသည်။
တခုရှိသည်။
ရှေးက မြေနုကျွန်း စိုက်ခင်း အတွက် ကျွန်းတဖက် တချက်ရှိ မြင်းခြံ နယ်နှင့် ပခုက္ကူ နယ်စပ်ကြားက လယ်သမား၊ ကိုင်းသမား တို့သည် မြေလု စကားများကြရသည်။
ယုန်လွှတ်ကျွန်း မြေဧရိယာ အကျယ်အဝန်းသည် ၁၄၀၂၉၇၂ ဧက ရှိ၍ စိုက်ပျိုးနိုင်သော ဧရိယာသည် ၁၈၃၁ ဒသမ ၄၉ ဧက ရှိလေသည်။ သဲသောင်နှင့် ရေဧရိယာကား ၂၁၉၈ ဒသမ ၂၃ ဧက ရှိလေသည်။
ထိုမြေများပေါ်၌ လက်ငုတ် အဖြစ် မြေပဲ၊ ဆေး၊ ငရုတ်၊ ကြက်သွန်နီ၊ ပဲမျိုးစုံ၊ ဂျုံ၊ စပါး စိုက်ခဲ့သူများသည် ဦးရေ တထောင်ကျော် ရှိလေသည်။
ထို့ကြောင့် ရေကျသွားသည့် အခါ သူ့မြေ ကိုယ်မြေ အလိုက် အဆီးအတားပျက်၊ မြေ အကျယ်အဝန်း ပြောင်းကာ အချင်းချင်း ရန်ဖြစ်ရ၊ ရုံးပြင်ကနား ရောက်ရသည်။
တော်လှန်ရေး ကောင်စီ တက်ပြီးသည့်နောက် ယုန်လွှတ်ကျွန်း အုပ်ချုပ်ရေး အဖွဲ့က စိုက်ပျိုးသူများ အဆင်ပြေစေရန် ပုဂ္ဂလိက စိုက်ပျိုးအစား စုပေါင်း စိုက်ပျိုးမှု ပြုလုပ်စေခဲ့လေသည်။ ။ (မင်းသူရိန်၊ ယုန်လွှတ်ကျွန်း သို့မဟုတ် စုပေါင်း စိုက်ပျိုးမြေ၊ ရှေ့သို့၊ ၁ – ၁၀ – ၁၉၆၅)
(စာပေပညာရှင် စာရေးဆရာကြီး တိုက်စိုး ရေးသားခဲ့သည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာအုပ်တိုက်က ၂၀၀၃ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ဝေသော “ဧရာဝတီ” ဒုတိယအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၀၃ ခုနှစ် မေလ ၄ ရက် အသက် ၈၃ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)