နှစ်ပေါင်း ၆၀ အတွင်း မိုးရေချိန်လက်မ ၁၀ ဒဿမ ၇၁ အထိ စံချိန်တင်ရွာသည့် မိုးကြောင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အေဒီ ၁၂ ရာစုနှင့် ၁၃ ရာစု လက်ရာ ရွှေစည်းခုံ၊ သဗ္ဗုညု အပါအဝင် စေတီပုထိုးနှင့် ရှေးဟောင်းအဆောက်အဦ ၁၂ ခု ထိခိုက်ပျက်စီးကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၁ရက်နေ့ကလည်း တောင်ဘီရွာ အနောက်ဘက် ရွှေကွန်ချာဘုရားအနီး နတ်ထောင့်တိုက် အင်း၀ကျောင်း ဆောင်အနီးရှိ ဆုတောင်းပြည့်ဘုရား (အမှတ် ၁၉၈၃) တိုက်မမြောက်ဘက်နံရံ ထပ်မံ ပြိုကျရာ ကွမ်းတောင်နှင့် အထွဋ်ပါ ထိခိုက်ခဲ့ရသည်။
ပထဝီအနေအထားအရ အနောက်တောင် မုတ်သုန်လေနှင့် ပါလာသော မိုးကို ရခိုင်ရိုးမက ကာဆီးထားသဖြင့် မိုးရိပ်ကျ သည့် Rain Shadow Area ခြောက်သွေ့ရပ်ဝန်း ပုဂံဒေသသည် ယခင်က မိုးနည်းခဲ့သော်လည်း ပြီးခဲ့သည့် နှစ်ကာလများ ကမူ မိုးသည်းထန်မှု ဒဏ်ခံနေရပြီး ရှေးဟောင်းဘုရားစေတီများ ပြိုကျပျက်စီးမှု များ ရှိလာသည်ကို တွေ့ရသည်။
စက်တင်ဘာလ ၁၁ ရက်က ပစ္စဖိတ်သမုဒ္ဒရာ၌ ဖြစ်ပေါ်ခဲ့သည့် ယာဂီတိုင်ဖွန်းမုန်တိုင်း၏ နောက်ဆက်တွဲနှင့် ကပ္ပလီ ပင်လယ်ပြင်မှ လေဖိအားနည်းရပ်ဝန်းတို့ ကြောင့် ရှမ်းအရှေ့၊ တောင်ပိုင်းနှင့် ကယားပြည်နယ်၊ ကရင်ပြည်နယ် သာမက မိုးနည်းပါးသည့် ပုဂံဒေသကို ရိုက်ခတ်ခဲ့ရာ သရပါတံခါးပေါက်အနီး ရေများပြည့်လျှံကာ လမ်းဘေး ဝဲယာသို့ ဒလဟော ဆင်းနေသည့် ရုပ်သံများလူမှုကွန်ရက်ပေါ်တွင် တွေ့နေရသည်။
ထိုမိုးကြောင့် စက်တင်ဘာ ၁၂ ရက် ငှက်ပစ်တောင်ပေါ်မှ စေတီကြီးဘုရား(အမှတ် ၁၆၇)၊ ဆင်ကဘုရား (အမှတ် ၁၀၄၂) နှင့် အမှတ် ၁၉၀၂ နှင့် စက်တင်ဘာ ၁၃ ရက်တွင် ဘုရားအမှတ် ၁၃၇၃ နှင့် သမုတိ ဘုရား (အမှတ် ၈၄၄) တို့ ပြိုကျကာ ရွှေစည်းခုံစေတီ တောင်ဘက်စောင်းတန်း အုတ်တံတိုင်း ရေစိမ့်ဝင်ပြိုကျခြင်း၊ သဗ္ဗညုဘုရား မြောက်ဘက် အဝင်မုခ်ဦး ပြိုကျခြင်းနှင့် ဆင်ကအုတ်တိုက်ရှိ နံရံ ၂ ဖက်နှင့် ပေါင်းကူးအမိုးတို့ ပျက်စီးခဲ့သည်။
စေတီပုထိုးတို့ ပြိုကျပျက်စီးခြင်းအပေါ် ရှေးဟောင်းအမွေအနှစ်ကို မြတ်နိုးသူများ ပညာရှင်များက မေးခွန်းထုတ် ဝေဖန် ပြောဆိုနေချိန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံ ဌာနခွဲ)၏ တာဝန်ရှိသူ ညွန်ကြားရေးမှူး ဦးကျော်မျိုးဝင်းအား နေပြည်တော်သို့ ပြောင်းရွှေ့စေကာ ဦးညီမွန်းနှင့် အစားထိုးခဲ့သည်။
ပြောင်းရွှေ့ခံရသည့် ဦးကျော်မျိုးဝင်းက ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာ(ဌာနခွဲ)၏ ညွှန်ကြား ရေးမှူး တာဝန်ယူ ခဲ့သူဖြစ်၏၊
စက်တင်ဘာ ၁၅ရက်တွင် မူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပုဂံညောင်ဦးဒေသသို့ ရောက်လာကာ မိုးကြောင့် ပျက်စီးခဲ့ရသည်များသာမက ဖေဖေါ်ဝါရီလကတည်းက ပြန်လည်တူးဖော်နေသည့် ရေကန်များ၏ အခြေအနေ ကိုလည်း ကြည့်ရှု့ခဲ့သည်။
ထိုကန်များမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ စစ်တက္ကသိုလ် တပတ်စဉ်ထဲတက်ခဲ့သည့် လက်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဦးတင်ဦးလွင်က ကြီးကြပ်တူးဖော်နေခြင်းဖြစ်ပြီး ယဉ်ကျေးမှုအမွေအနှစ် အပေါ် ထိခိုက်မှု ရှိမရှိ လေ့လာဆန်းစစ် ချက် (HIA) မပြုဘဲ လုပ်ဆောင်သည့်အတွက် ယူနက်စကို အဖွဲ့ကြီးမှ ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ ရှင်းလင်းရန် ထုချေလွှာတောင်းခြင်းခံခဲ့ရသည်။
ထို့အတွက် ဝန်ကြီး ဦးတင်ဦးလွင်က လက်အောက်ရှိ ဝန်ထမ်းများအာ အဆိုပါ ရေကန်တူးသည့် အကြောင်း လူမှုကွန်ရက် တွင် ဝေဖန်ရေးသားသူများကို စောင့်ကြည့်ခိုင်းသည့်အထိ ဖြစ်ခဲ့သည်.
ယခုမိုးက ရွှေထီးကန်၊ ဆွေတော်မျိုးတော်ကန်၊ ပျားကြီးစွဲကန်၊ သဲစစ်ကန်(ခေါ်) မင်းနန်သူကန်၊ ဆုတောင်းပြည့် ရေစုကန်၊ ဘူးလည်သီးကန်၊ ဆုတောင်းပြည့်ကန် (ခေါ်) အေးသာယာကန်၊ ဆုတောင်းပြည့် ကန် (ခေါ်)အုတ်ကန်၊ နန္ဒာကန်၊ ခရေလောကန်၊ အာမနာကန်၊ ရေတော်မုနိကန်၊ ရွာဟောင်းကြီးကန်၊ ဇယဝေရီကန်၊ မင်္ဂလာ ကန်၃၊ ညောင်လက် ဖက်ကန်၊ ကန်သစ်ကန်၊ မရိုးကန်၊ အလံပြကန်၊ ဘုန်းစဉ်ကန်၊ အောက်ချောက်ကန်၊ တက်သိမ်းကန်၊ မြောက်တစ်ဝက်ကန်၊ ဖိုးသူတော်ကန်၊ ဖျောက်ဆိပ်ပင်ကန်-၁၊ ဖျောက်ဆိပ်ပင် ကန်-၂၊ ဖျောက်ဆိပ်ပင်ကန် ၃၊ ကိုမောက်ကန်၊ ကန်သစ်ကြီးကန်၊ သူဌေးကန်၊ ကျောက်အိုးကန်၊ တစ်ပင်ကန်၊ သမ္ဘူလကန်၊ ကုသိနာရုံကန်နှင့် မင်္ဂလာကန်-၂တို့တွင် ရေများဝင်ရောက် လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ရှေးဟောင်းသုတေသနပညာရှင်တဦးဖြစ်သူ ဦးဇေမျိုးလင်းက “ထိန်းသိမ်းရေး အစီအမံ မယ်မယ်ရရမရှိဘဲ ကန်တွေတူး ထားတော့ ရေတွေပြည့်ပြီး အခြေက အုတ်တွေရော၊ ကန်ဘောင်က အုတ်တွေပါ ရေစိမ်ထားသလို ဖြစ်နေတယ်။ ရှေးက ကန်တူးတယ်၊ ကန်ဖော်တယ်ဆိုတာ ဘေးဘောင်ကို သရိုးမံတယ်၊ အင်္ဂတေကိုင်တယ်။ အခြေကို ရေစစ်လွှာ အထပ်ထပ် လုပ်၊ သဲအုပ်ပီးမှ ရေခံတာ၊ ရေလှောင်တာ။ တူးလက်စတွေကို ဖော်ပီး ရေစိမ်လိုက်သလိုဖြစ်နေတယ်။ သူ့ဖာသာ မြေကြီး အောက်နေတာ အကောင်းသား လျှောက်တူးတော့မှ အကုန်ဖော်ပီး ဖျက်ဆီးသလိုဖြစ်သွားရော” ဟု လူမှုကွန်ရက်မှာ သုံးသပ်ပြော ဆိုထား သည်။
စစ်ကောင်စီ သတင်းစာများကမူ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရေလမ်းကြောင်းများ ပြန်ဖော်ထုတ် ကာ ရှေးဟောင်းကန်များပြန်လည်ဖော်နိုင်ခဲ့သဖြင့် ရေစီးရေလာကောင်းမွန်ပြီး ဘုရားပုရဝုဏ်များ၊ သာသနိကအဆောက် အအုံများအတွင်း ရေများတင်ကျန်နေမှုနည်းပါးလာသည်ဟု ဆိုထားသည်။
ထိုဖြစ်ရပ်မတိုင်မီ သြဂုတ်လတတိယပတ်အတွင်းက ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံ၏ သမိုင်းဝင် ရွှေစည်းခုံစေတီ ရင်ပြင် ရှိ မူလ သဲကျောက်ပြားများကို သုတေသနပြုသည်ဆိုကာ ဖော်ထုတ်ပြီး နေပူခံကျောက်ပြားများဖြင့် အစာထိုးခင်းခဲ့မှုအပေါ် လူအများက ဝေဖန်နေကြသည်။
ပုဂံဒေသကို ထိုစဉ်က တာဝန်ယူထားသူ ဦးကျော်မျိုးဝင်းက “ဘိလပ်မြေလောင်းထားတဲ့ အင်္ဂတေတွေကို ဖြည်းဖြည်း ချင်း ဖော်နေတာ သတ်မှတ်ထားတဲ့ ဧရိယာတွေကို အားလုံးပေါ်သွားပြီ။ မူလသဲကျောက်ပြားတွေကြားထဲမှာ လစ်လပ်နေ တဲ့ နေရာကို ပြန်တိုင်းပြီးတော့ မူလသဲကျောက်ပြားနဲ့ အမျိုးအစားတူတဲ့ ကျောက်ပြားကိုရှာပြီး အဲဒီပုံစံ အတိုင်းလုပ်ပြီးတော့ ဖြည့်မှာပါ” ဟု ပြောခဲ့သည်။
စစ်ခေါင်းဆောင်သည် ယခုနှစ်အတွင်း ပုဂံသို့ ၂ကြိမ် သွားရောက်ခဲ့ရာ မေလ ၂၅ ရက် ပထမအကြိမ် ခရီးစဉ်အတွင်း ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း စိုက်ပျိုးမြေသုံးစွဲမှုအပါအဝင် အခြားမြေအသုံးချမှုများ စနစ်တကျရှိစေရေး တာဝန် ရှိသူများ အနေဖြင့် ကြပ်မတ်ဆောင်ရွက်ရန်၊ သတ်မှတ်ထားသည့် စည်းမျဉ်း ဥပဒေများနှင့်အညီ ဖြစ်ရန်လိုကြောင်း ပြောဆိုခဲ့ပြီး နောက် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)က ထိုဒေသ၌ မြေယာဝယ် ယူမည်ဆိုပါက ၎င်းတို့ဆက်သွယ်စုံစမ်း ပြီး မှ ဝယ်ယူဖို့ သတင်းစာများမှ ထုတ်ပြန်ခဲ့ရသည်။
စက်တင်ဘာ ၁၅ရက် ဒုတိယအကြိမ် ပုဂံခရီးစဉ်တွင် စစ်ခေါင်းဆောင်က အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ခေါင်းစဉ်ဖြင့် ပုဂံဒေသတွင် စိမ်းလန်းစိုပြေရေးဆိုကာ သစ်ပင်သစ်တောထု ရှိရန် နည်းလမ်းများရှာဖွေ၍ စိုက်ပျိုးကြရန် လိုအပ်မှုများနှင့် ပတ်သက်၍ ညွှန်ကြားခဲ့ပြန်သည်။
ရှေးဟောင်းသုတေသနပညာရှင်တဦးဖြစ်သူ ဦးဇေမျိုးလင်း၏ သုတေသနပြုချက်များအရ ၁၉၉၆ ခုနှစ်မှ ၂၀၁၆ခုနှစ် အတွင်း စစ်အစိုးရက အညာဒေသ စိမ်းလန်းစိုပြေရေးစီမံကိန်းဆိုကာ ပုဂံညောင်ဦး တနေရာတည်းမှာပင် ၉၃၃၀.၁၄ ဧက အပင်စိုက်ခဲ့ကြောင်း၊ ထို့အတွက် ပုဂံဒေသတွင် မိုးပိုမိုများလာကြောင်းကို ၁၉၈၆ ခုနှစ်က မိုးရေချိန်နှင့် နှိုင်းယှဉ်၍ သက်သေပြထားပြီး အပင်စိုက်ခြင်းက အပူချိန်လျော့ပါးခြင်းထက် မိုးရေချိန် ပိုမိုများလာကာ ရေခိုးရေငွေ့များကြောင့် ပုဂံဘုရားများ ပျက်စီးရပုံကို ထောက်ပြထားသည်။
ယခုဆိုလျှင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင်လမှစသော် ၅နှစ်ရှိခဲ့ပြီဖြစ်ပြီး ဤအတောအတွင်း ညွှန်ကြားရေးမှူး သုံးဦးပြောင်းလဲခဲ့ပြီ ဆိုရမည်။
ထို့အတွက် ကျယ်ဝန်းလှသည့် ပုဂံက ထိန်းသိမ်းရန် စေတီပုထိုးနှင့် သာသနိက အဆောက်အအုံတို့ များပြားသလို စစ်အစိုးရ အဆက်ဆက် ၎င်းတို့နှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများ ကျက်စားရာနေရာလည်း ဖြစ်သဖြင့် အသစ်ရောက်လာသည့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)၏ ညွှန်ကြားရေးမှူး အသစ် အနေဖြင့် ပုဂံဒေသ ပြုပြင်ထိန်းသိမ်းရေးအပေါ် မည်သို့ ကိုင်တွယ်ဖြေရှင်းသွားမည်ကို စောင့်ကြည့်သွားရမည်ဖြစ်သည်။
You may also like these stories:
စက်ယန္တရားဖြင့် ရှေးဟောင်းကန်များ တူးဖော်ခြင်းက ပုဂံအမွေအနှစ်ကို ထိခိုက်
ပုဂံရှေးဟောင်းဇုန်အတွင်း အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်နေ
တားမြစ်ထားသော်လည်း ပုဂံအမွေအနှစ်ဇုန်အတွင်း တိုးချဲ့ဆောက်လုပ်မှုများ ရှိနေ
ကမ္ဘာ့အမွေအနှစ် ပုဂံသို့ မျှော်ကြည့်ခြင်း
ပုဂံမှ ရှားပါး ကျောက်ဆစ်လက်ရာများ ခိုးယူခံရ