နိုင်ငံအနှံ့ စစ်ရှုံးနေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် စစ်ပွဲကို အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ မေးဖို့လိုနေပြီ ဖြစ်ကြောင်း အမျိုးသားရေးအစွန်းရောက် မဘသကိုယ်တော် ဦးဝီရသူက ဆိုသည်။
ရှမ်းပြည်နယ် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)ကျရှုံးပြီးနောက် စစ်တပ်ထောက်ခံသူများကိုယ်တိုင် စစ်ခေါင်းဆောင်ကို ဝေဖန်မှု မြင့်တက်နေချိန်တွင် ဦးဝီရသူက “ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကောင်းမှုတရားတော်”အမည်ဖြင့် သြဂုတ် ၈ရက်ညပိုင်းတွင် YouTube နှင့် တယ်လီဂရမ်ချန်နယ်များမှတဆင့် ဟောကြားထားခြင်းဖြစ်သည်။
စစ်ခေါင်းဆောင်သည် ရှမ်းပြည်နယ်မြောက်ပိုင်းမြို့များအား တမြို့ပြီးတမြို့ လှူနေသဖြင့် တိုင်းမှူးများအနေဖြင့် တော်လှန်ရေးတပ်များအား ပြန်တိုက်သင့် မတိုက်သင့် ပြတ်ပြတ်သားသား မေးရန်လိုအပ်နေပြီဖြစ်ကြောင်း ဦးဝီရသူက ဆိုသည်။
၆ မိနစ်ခန့်သာ ကြာသည့် ရုပ်သံဖြင့်ဟောပြောမှုတွင် ဦးဝီရသူက မင်းအောင်လှိုင်အား ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့များနှင့် တပ်စခန်းများအား စစ်ရှုံး၍ သိမ်းပိုက်ခံရမှုအပေါ် နိဗ္ဗာနဿပစ္စဟေ ဟောတုဆိုကာ အမျှဝေထားသည်။
ထို့ပြင် စစ်တိုင်းမှူးများက အမိန့်နာခံမှု သစ္စာစောင့်သိမှုနှင့် ပြန်တိုက်နေသော်လည်း တကယ်တိုက်သည့်အချိန်တွင် စစ်ကူလည်း မလာ၊ ရိက္ခာလည်းမလာသဖြင့် စစ်သားများနှင့် မိသားစုဝင်များအား သေတွင်းထဲပို့ခြင်းသာဖြစ်ကြောင်း ဦးဝီရသူက ဆိုသည်။
ဦးဝီရသူက “ခင်ဗျားတို့အဘကို သေသေချာချာ ပြတ်ပြတ်သားသားမေး၊ အဘ ဒီမြို့ရော လှူမဲ့စာရင်းထဲပါသေးလား၊ ပါတယ်ဆိုရင် ကျနော်တော်တို့ ကြည်ကြည်ဖြူဖြူလှူလိုက်ပါ့မယ်၊ ကျနော်တို့ ခုခံကကွယ်နေတာက အဘရဲ့ အလှူဒါနကို အနှောင့်အယှက်ဖြစ်သလိုမျိုး ကြန့်ကြာအောင် ဆွဲထားသလိုဖြစ်နေတယ်၊ ကျနော်တို့လည်း အကုသိုလ်ဖြစ်နေတယ်၊ အဘရဲ့အလှူဒါနမြောက်အောင်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကောင်းမှုဆိုတဲ့ ကမ္ဗည်းလေးထိုးပါရစေဗျာ၊ အလံဖြူထောင်မယ့်အစား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကောင်းမှုဆိုတာလေးကို တပ်ပြီးတော့ ကျနော်စွန့်ခွာပေးပါ့မယ်၊ အဲဒီလိုပြတ်ပြတ်သားသားမေး”ဟု ဆိုသည်။
ထိုကဲ့သို့ မေးမြန်းပြီး အဖြေရရှိခဲ့ပါက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်မြောက်ပိုင်းလှူဒါန်းရသည့် ကုသိုလ်ကောင်းမှုကြောင့် ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာအမှန် နိဗ္ဗာန်သို့ အမြန်ရောက်ရှိပါစေဟု ဆုတောင်း၍ ရေစက်ချပေးမည်ဟု ဦးဝီရသူက ဆိုသည်။
ဦးဝီရသူမှာ အမျိုးသားရေးအစွန်းရောက် ဘုန်းကြီးဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှုကိုလည်း ထောက်ခံသလို လူမျိုးရေး ၊ဘာသာရေး အဓိကရုဏ်းဖြစ်စေရန် အမုန်းပွားသောစကားများကို ပြောကြား လှုံ့ဆော်ခဲ့သူဖြစ်သည်။
အလားတူ မဘသ ဘုန်းကြီးများဖြစ်ပြီး စစ်တပ်ထောက်ခံသော ပေါက်ကိုယ်တော်ကလည်း ရှမ်းမြောက် ကျရှုံးမှုအပေါ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းအား နေပြည်တော်မှ ခလုတ်တချက်နှိပ်ရုံပဲဟု ပြောဆိုခဲ့ခြင်းမှာ မည်သည့်ခလုတ်ကို မည်သည့်အချိန်နှိပ်မည်ဖြစ်ကြောင်း မေးခွန်းထုတ်ခဲ့ပြီး ဝါသဝကိုယ်တော်ကမူ ရှမ်းမြောက်အား မြေကျန်လျှင်ရပြီဟု ပြောဆိုခဲ့ကြသည်။
You may also like these stories:
စစ်ခေါင်းဆောင် နုတ်ထွက်ရန် တောင်းဆိုသည့် မဘသဘုန်းကြီး ခဏသာ ခေါ်ယူစစ်ဆေးခံရ
တပ်ချုပ်က ဦးဝီရသူကို ဆွမ်းကပ်မှု သံဃာကို ရည်မှန်း ဆက်ကပ်ခြင်းသာဖြစ်ဟု တပ်မတော် ပြော