တရုတ် မြန်မာ၊ မိတ်မဟာဖြင့်
တက္ခာသီချင်း၊ မင်းနှင့် ထီးစည်
“နှစ်ပြည့် တကိုယ်” ၊ ကြံ့ချို ငေါက်လောက်
မပေါက်ထွေပြား၊ ရွှေတံတားဟု…
နဝဒေး
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ နီးပါးက ကုန်းဘောင်ခေတ်၊ ဘကြီးတော်မင်း လက်ထက်မှာ တရုတ် သံရောက် မော်ကွန်း ကို နဝဒေး ဘွဲ့ရ အမတ်ကြီး ဆားတောင် ဦးနု က ဖွဲ့ဆိုပေတယ်။
သူ့မော်ကွန်းလာ အထက်ပါ အဖွဲ့အနွဲ့များဟာ အမြဲတမ်း စိမ်းစို လတ်ဆတ်နေသလို ရှိပေတယ်။
ယခု မတ်လဆန်းမှာ မြန်မာပြည်သို့ ချစ်ကြည်ရေး အလည်အပတ် ရောက်ရှိခဲ့တဲ့ တရုတ်ပြည် သမ္မတကြီး လီရှင်နင့်ကို ခေတ်သစ် မြန်မာ ကဗျာဆရာ တဦးက လက်ငင်း ကြိုဆို ဂုဏ်ပြုတာများလို့ အောက်မေ့ မှတ်ထင်ရပါတယ်။
တရုတ်နှင့် မြန်မာတို့ မဟာမိတ် အဖြစ်နှင့် ရွှေလမ်း ငွေလမ်း ဖောက်ကြပုံများဟာ ယခုမှ မဟုတ်ဘဲ ခေတ် အဆက်ဆက် ဖြစ်ခဲ့ပေတယ်။
ကျက်သရေ မင်္ဂလာ အပေါင်းတို့နှင့် ပြည့်စုံတဲ့ “တရုတ်စကား” ပန်းပင်ကြီးကို ဝေဝေဆာဆာ ဖူးပွင့်စေဖို့ မြန်မာတို့ သွန်းလောင်းတဲ့ မေတ္တာရေနဲ့ လုံ့လ စေတနာတို့ကို ပညာရှိ နဝဒေး က သူ့ခေတ် အတွက်သာ မက ယခုခေတ်မှာ ပေါက်ဖွားတဲ့ မြန်မာ တိုင်းရင်းသား အားလုံးပဲ ထောက်ခံ အားပေးနိုင်လောက်အောင် ဖော်ပြ သီကုံးနိုင်စွမ်း ရှိပါပေတယ်။
မြန်မာ သက္ကရာဇ် ၁၁၈၅ ခုနှစ်မှာ တရုတ်ပြည်ကြီးမှ “တောက်ကွန်” ဥတည်မင်း ရဲ့ သံတမန်များ ရတနာပူရ အင်းဝမြို့သို့ ဆိုက်ရောက်ခဲ့ကြတယ်။
မြန်မာ သေနာပတိကြီး တဦးဖြစ်တဲ့ ဝက်မစွပ်မြို့စား နဝဒေးကြီးဟာ သံတမန်ကြီးများကို ကြိုဆိုရာမှာရော၊ ဧည့်ခံရာမှာရော၊ တိုင်ပင် နှီးနှောကြရာမှာရော အတွင်းကျကျ ပါဝင်ခဲ့သူ ဖြစ်တယ်။
နောက်ပြီး အင်းဝ နန်းတော်မှာလည်း သူက တော်ဝင် စာဆိုတော်ကြီး (Poet Laureate) ဖြစ်နေပေတယ်။
ဒါကြောင့်ပဲ “မင်္ဂလာဇေယျံ” အစချီတဲ့ “တရုတ် သံရောက် မော်ကွန်း” မှာ တရုတ်နှင့် မြန်မာတို့ နှစ်ပြည့် တပြည် ရွှေလမ်း ငွေလမ်း ဖောက်ရာ အောင်မြင်ခဲ့ပုံများကို သူကိုယ်တိုင် မှတ်တမ်းတင်ထားခဲ့ခြင်း ပေပဲ။
နဝဒေးကြီးဟာ ငယ်စဉ် ဘုန်းကြီးကျောင်းသား ဘဝမှ စပြီး စာပေ အစွမ်းအစများ ထင်ရှားခဲ့တယ်။
အဲဒါကို တွင်းသင်းမင်းကြီး ဦးထွန်းညို က မြေတောင် မြှောက်ပေးခဲ့လို့ ဘိုးတော်မင်းတရားကြီးက သူ့ကို ခေါ်ယူ သူကောင်းပြုခဲ့ပေတယ်။
တွင်းသင်းမင်းကြီး အိုမင်း မစွမ်း ရှိချိန်မှာ ဘိုးတော်ဘုရားက များစွာ စိုးရိမ်သောက ဖြစ်ရှာတယ်။
“ဆရာကြီး မျက်နှာလွှဲခဲ့သော် မည်သူ့ကို အားကိုးရမည်လဲ” လို့ ရှင်ဘုရင်ကိုယ်တိုင် အားငယ်ပုံကို မြည်တမ်း မိတယ်။
ဒီတော့ တွင်းသင်းမင်းကြီးက “ဆားတောင် ဆားလည်း ငန်ပါတယ်” လို့ ပညာရှိ စကားကို မှတ်လောက် သားလောက် မှာကြားခဲ့ပေတယ်။
ဒါကြောင့်လည်း ဝက်ပစွပ် မင်းကြီး ဦးနု ဟာ မင်းအဆက်ဆက် သီပေါမင်း ပါတော်မူသည် အထိ နန်းတွင်း စာဆိုတော်ကြီး အဖြစ် အသုံးတော် ခံခဲ့ပေတယ်။
မိတ်ဆွေဇမ္ဗူ၊ စဉ်စူစိုးအုပ်
တရုတ် မြန်မာ၊ မင်းတို့မှာလျှင်
ကမ္ဘာရှည်မြေ့၊ မြေမရွေ့သို့
နှုတ်တွေ့ခွန်းသေ၊ ထွန်းစိမ့်စေဟု
ကျက်သရေသွင်းနိုး၊ စာရင်းထိုးသည်
ဆွေမျိုးဆက်စဉ် နိဒါန်းတည်း…။
နဝဒေးကြီးက တရုတ်-မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်ရေး အဓိဌာန်ပြုရာမှာ အထက်ပါ အတိုင်း မဟာပထဝီ မြေကြီးကို တိုင်တည်သလို ဖြစ်ပါတယ်။
ဗုဒ္ဓ ယဉ်ကျေးမှုကို အမွေခံယူသူ တရုတ်ကြီးများ အနေနှင့် ဝသုန္ဒြေ ရဲ့ သစ္စာပြုခန်းကို သတိရရှိမည် မလွဲပါ။
တရုတ် နှင့် မြန်မာနိုင်ငံ တို့ဟာ ကျောခိုင်းနံစပ် တည်ရှိနေကြလို့မို့ နယ်ခြား အရေးအခင်းများ ပေါ်ပေါက်ချိန်မှာ နှစ်နိုင်ငံ တိုင်ပင်ပြီး တရုတ်-မြန်မာ လက်တွဲ ဆောင်ရွက်ခဲ့ပုံများကို မော်ကွန်း အပိုဒ် (၄၃) မှာ အောက်ပါ အတိုင်း ဖော်ပြထား ပါတယ်။
ပြည်ကြီးနှစ်တိုင်း၊ နယ်ကျောခိုင်းဘိ
ခြားပိုင်းစိုးသီး၊ ဆက်စဉ်မှီးသား
ကျိုင်းရုံးကြီးစား၊ သေဉ်ဝီဘွားတို့
မြောသားမျိုးရင်း၊ မဟာဝင်းကို
နှုန်းတွင်းထွေငေါ်၊ ရွှေဉာဏ်မြော်၍
ဘိုးတော်ဘုရား၊ ဖဝါးတော်ကျွန်
မှန်မလွန်ဟု၊ ပြည်စွန်ပိုင်အုပ်
ပြိုင်တချုပ်ဖြင့်၊ တရုတ် လက်ယာ
မြန်မာ လက်ဝဲ၊ တွဲစေလက်ငင်
ဟော်နန်းတင်၏။
မြန်မာ ဘုရင်များ လက်ထက်မှာ တရုတ်-မြန်မာ နယ်စပ်ရှိ ကျိုင်းရုံးကြီး နှင့် ကျိုင်းရုံးကလေး နယ်ပယ်များဟာ ဘိုးစဉ်ဘောင်ဆက် မြန်မာပိုင်နက်များ ဖြစ်ခဲ့ပေတယ်။
အဲဒီ နယ်ပယ်များကို မြန်မာတို့က “လူး ၁၂ ပန္နားနယ်” လို့ ခေါ်ဆိုလေ့ ရှိတယ်။
ရှမ်း နှင့် ယိုးဒယား တို့ကတော့ “စပ်စုံ ပန္နား” လို့ ခေါ်ကြတယ်။
အဓိပ္ပာယ်ကတော့ မြန်မာ ပြည်တွင်းမှာ ကျောက်ဆည်နယ်ကို “လယ်တွင်း ၉ ခရိုင်” လို့ ခေါ်ဆိုသလိုပါပဲ။ “လယ်တွင်း ၁၂ ခရိုင်” နယ်မြေပေါ့။
အင်္ဂလိပ်မင်းများ လက်ထက်မှာ ကျိုင်းရုံးကြီးကို တရုတ်သို့ လက်ဆောင် အဖြစ် လွှဲပြောင်းပေးတယ်။ ကျိုင်းရုံးကလေး ကိုတော့ ယိုးဒယားကို ပေးတယ်။
နဝဒေးကြီးက တရုတ်-မြန်မာ ချစ်ကြည်ရေးနှင့် ပတ်သက်လို့ ထုံးဟောင်း သာဓက တခု အနေနှင့် သူ့မော်ကွန်းမှာ တင်ပြချက်ကတော့ နယ်စပ် နယ်မြေမှာ နေထိုင်သူများ တည်ငြိမ်အေးချမ်း ရှိစေအောင် ကျိုင်းရုံးကြီးဟာ မြန်မာနယ် ဖြစ်သော်လည်း အဲဒီနယ်စား စော်ဘွားကို ဟော်နန်း တင်ရာမှာ တရုတ်နှင့် မြန်မာတို့ လက်တွဲ ရွက်ဆောင် ပေးခဲ့ကြ ပါသတဲ့။
အိမ်နီးချင်း အနေနှင့် မြန်မာက အဲသလို လိုက်လျောခဲ့တယ်။

အင်းဝ နေပြည်တော်မှာ တရုတ် သံများ ရောက်ရှိချိန်မှာ မြန်မာ သံမှူး “နေမျိုးမင်းလှ” က နယ်စပ်မှာ တို့မီး ရှို့မီး လုပ်နေတဲ့ “မဟာနွဲ့” ကိစ္စကိုလည်း ဆွေးနွေးပွဲမှာ တင်ပြဟန် ရှိပါတယ်။
နဝဒေးက မော်ကွန်း အပိုဒ် ၆ မှာ ဖော်ပြပုံက-
မဟာနွဲ့ငယ်၊ ပျက်ပြယ်ချောစား
ပျားမျှတပေါက်၊ ပြည်မရှောက်ဟု
မအောက်မေ့တန်၊ အကြောင်းဟန်ကို
တဖန်ကျွန်ယုံ၊ ဆိုမောလွန်စွ…
ပြည်ထဲရေးမှာ မီးနှယ် မွှေးခဲ့သော မဟာနွဲ့ အရေးမှာ ပျားတစက်နှင့် တူတဲ့ မဟာနွဲ့ကြောင့် ပြည်ထဲရေး မပျက်သင့်ကြောင်း ဆိုလိုပါတယ်။
အခါကာလ အားလျော်စွာ နယ်စပ်မှာ နှစ်ပြည်ထောင် ချစ်ကြည်ရေး ပျက်ပြားအောင် တို့မီး ရှို့မီး လုပ်တတ်တဲ့ လူဆိုး လူရှုပ်များလည်း ရှိတတ်တာကို သတိပြုဖို့ လိုပါတယ်တဲ့။
နှစ်နိုင်ငံ ဆက်ဆံရေးမှာ မိမိနိုင်ငံကချည်း အပေါ်စီး ရရေးကို ရှေးမရှုဘဲ မဟာမိတ်ကောင်း ပီသစွာ အကျိုးတူ ပေါင်းသင်း ဆက်ဆံ၍ နှစ်ကိုယ့် တစိတ်လို သဘောထားသင့်ကြောင်းလည်း တင်ပြတယ်။
သူ့မှာစီးပွား၊ သီးခြားမချွတ်
တို့မှညွှတ်လျက်၊ မင်းဝတ်စိုးလို
နှစ်ကိုယ့်တစိတ်၊ ဆွေမိတ်ဖွဲ့နှောင်
ကျော်အောင်ပြည်ထဲ၊ မည်မစဲလိမ့်…
မြန်မာ သဘောထားကိုသာ မက တရုတ်ဘက်မှ ထားရှိတဲ့ စိတ်ထားကိုလည်း နဝဒေး က ဖွဲ့ဆို ဖော်ပြပါတယ်။
စည်ပြီးဖြီးခိုင်၊ ခရိုင်တွက်ဖွဲ့
တဆယ့်သုံးသိန်း၊ အကိန်းရေတွက်
မြို့ကျေးလက်ဖြင့်၊ တရက်သနင်း
တရုတ်မင်းလျှင်၊ ထီးစင်းနှစ်ပြည်
မကြည်ရေမြေ၊ မီးမသေသည့်
မိတ်ဆွေတော်ချစ်၊ ဖြစ်၍ဆက်ကာ
စကြာဘက်ယမ်း၊ မှုတော်ထမ်းအံ့…
နှစ်ပြည်ထောင် ဆက်ဆံရေး ကောင်းမွန်စေရာ၌ “မီးမသေ ရေမနောက်” ဟူသော ရှေးထုံးအရလည်း တရုတ်တို့က ကျင့်သုံး လိုသည်။
မြန်မာတို့ ဘက်မှလည်း-
ရွှေလမ်းငွေလမ်း၊ ဆိပ်ကမ်းဘဏ္ဍာ
ကလျာဏဆွေ၊ ရေမကြည်မိတ်
မီးမဆိတ်တည့်…
ဟူ၍ လည်းကောင်း။
ကြွယ်ဝချမ်းကြည်၊ နေ့တိုင်းစည်၍
မြန်ပြည်သပြေ၊ မိုးစိမ့်စေ…
ဟူ၍ လည်းကောင်း တိုင်းပြည် ငြိမ်းချမ်းသာယာရေးများကို ရှေးရှုကြောင်း ထင်ရှားစေပေတယ်။
တရုတ်-မြန်မာ ချစ်ကြည်ရေးကို သရုပ်ဖော်ရာမှာ “နဝဒေးမူ” ဟာ အထက်ပါ အတိုင်းပါပဲ။ အင်မတန် ရှင်းလင်း သိမ်မွေ့ပါတယ်။
နိုင်ငံတကာ ဆက်ဆံရေးမှာ ယခုတိုင် မှတ်သား အတုယူလောက် ပါပေတယ်။
“တရုတ် သံရောက် မော်ကွန်း” ကို ရေးရာမှာ နဝဒေး က ရာဇဝင် သမိုင်းကို နောက်ကျောခံထားတယ်။
ထုံးစံအတိုင်း မြန်မာ ဘုရင် ဘုန်းတော်ဘွဲ့လည်း ပါရှိရမည် ဖြစ်ရာ၊ နဝဒေး က မင်းခမ်းမင်းနားများ ကြီးကျယ် ခမ်းနားပုံကို ထုတ်ဖော် အမွှမ်းတင်ပေးခြင်း အားဖြင့် အိန္ဒြေရသည်ဟု ဆိုရပေမယ်။
မဟာမိတ်ကောင်း သဖွယ် မြန်မာဘုရင်က ဆက်ဆံပုံကိုလည်း ထင်ရှားစေတယ်။
မြန်မာ ဘုရင်က တရုတ် သံများ အတွက် အင်မတန် ကြီးကျယ်တဲ့ လှေပြိုင်ပွဲကြီးကို ဧရာဝတီ မြစ်ထဲမှာ ခင်းကျင်း ဧည့်ခံတယ်။
နေပြည်တော်မှာ တလကြာ ပြုစုပြီး သူတို့ အပြန်မှာ နေမျိုးမင်းလှ ခေါင်းဆောင်တဲ့ မြန်မာအဖွဲ့ကို သံဘက် ခန့်အပ်ပြီး ပီကင်း မြို့တော်ကို လိုက်ပါစေတယ်။
၁၁၈၅ ခုမှာ တရုတ် နေပြည်တော်ကို ဆိုက်ရောက်တယ်။ တရုတ် ဧကရာဇ် တောက်ကွန် ဥတည်ဘွား က မြန်မာ သံများကို တနှစ်နီးပါး ဧည့်ခံပြုစုပြီး အဆန်းတကျယ် မီးရှှုးမီးပန်းပွဲကြီး ရှိှု့လွှတ် ပြသပေးတယ်။
ဘကြီးတော်မင်း ခေတ်မှာ နဝဒေးကြီးက မော်ကွန်း ၁၂ ဆူ ရေးသား သီကုံးခဲ့တယ်။
“တရုတ် သံရောက် မော်ကွန်း” ကို ၁၁၆၈ ခုနှစ်မှာ ရေးဖွဲ့ ပြီးစီးပါတယ်။ ။
ဆက်လက် ဖော်ပြပါမယ်။
(သတင်းစာဆရာကြီး အိုးဝေ ဦးညိုမြ ရေးသားခဲ့သည့် ဤဆောင်းပါးကို ၂၀၁၄ ခုနှစ် ဇွန်လတွင် ရာပြည့် စာပေက ထုတ်ဝေသော “သောင်းပြောင်းထွေလာ ညိုမြ စာများ ပထမ အကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၈၅ ခုနှစ် စက်တင်ဘာလ ၂၉ ရက် အသက် ၇၁ နှစ် အရွယ်တွင် ကွယ်လွန်သွားပါသည်။)














