ဆံပင်ညှပ်နေရင်း ရှေ့က မှန်ထဲကို ကြည့်လိုက်သည်။
ကိုယ့်မျက်နှာကို မြင်လိုက်ရသည်။ နောက်မှန်ရိပ်ကလည်း ပေါ်နေသည်မို့ ကိုယ့် နောက်စေ့ကိုလည်း မြင်ရပါသည်။ ရှေ့မှန်ရိပ် နောက်မှန်ရိပ် တို့ကို ကြည့်နေမိပါသည်။
ဘာရယ်လို့လည်း မဟုတ်ပါ။ မျက်စိရှေ့ ရောက်နေလို့သာ ကြည့်မိခြင်း ဖြစ်ပါသည်။
ဆံသဆရာက ဆုံလည် ကုလားထိုင်ကို ဆွဲလှည့်လိုက်တော့ ဘေးခုံပေါ်တွင် ဆံပင်ညှပ် ခံနေသူကို မြင်ရပြန်ပါသည်။ သည်တော့လည်း မျက်စိအောက် ရောက်လာပြန်၍ ကြည့်နေမိပြန်ပါသည်။
သူကလည်း အခန့်သား ပါဝင်။ နောက်ကို ကျကျနန မှီ၊ ခြေထောက်ကို တင်ပျဉ် ချိတ်ပြီး ခြေနင်းခုံပေါ် အခန့်သား ခြေတင်ထားပါသည်။ သူထိုင်နေပုံမှာ ထည်ထည်ဝါဝါ ရှိပါသေးသည်ဟု အောက်မေ့မိပါသည်။
ဤသို့ ကြည့်နေရင်း ကျနော် ကလေးဘဝက အလွန် မက်မော အားကျခဲ့သည့် အနေအထားမျိုးပါလားဟု ဖြုန်းခနဲ သတိရသွားပါသည်။
ကလေးဘဝက ဆံပင်ညှပ် ခံရသည်မှာ အလွန် ရယ်စရာ ကောင်းပါသည်။ ယခုမှသာ ရယ်စရာ ကောင်းသည်ဟု ပြောခြင်း ဖြစ်ပါသည်။
ငယ်စဉ်ကတော့ စိတ်ပျက် အားငယ်စရာ လိုလို ထင်ခဲ့မိပါသည်။ ကျနော်တို့ ကလေးများကို ဆံပင် ညှပ်တော့မည် ဆိုလျှင် ဆံသဆရာက ထိုင်ခုံကလေး တခုကို ဆုံလည် ကုလားထိုင်ပေါ် တင်၊ သို့မဟုတ် လက်တန်းပေါ် ပျဉ်ချပ်ကလေး တခု ထိုပြီး ကလေးကို ဆွဲတင်လိုက်ပါသည်။
အဝတ်ဖြူ ခြုံထည်ပတ် ဆံပင်ကို ပေါင်ဒါလေး တချက် ၂ ချက် ရိုက်ပြီး တဖျပ်ဖျပ် ညှပ်ပါတော့သည်။ ဆံပင်ကို ဘာကြောင့် ပေါင်ဒါ ရိုက်သည်ကို စဉ်းစားမရခဲ့ပါ။ သို့သော် သဘောတော့ ကျပါသည်။
ဆံပင်ညှပ်ဆရာက ကျနော့် ခေါင်းကို ခပ်တင်းတင်း နှိမ်ထားပါသည်။ လမ်းက မော်တော်ဆိုင်ကယ် စီးသွားသံကို ကြားလျှင် ကျနော်က ကျနော်က ခေါင်းလေးကို ငဲ့ကြည့်လိုက်သည်။
ဆံသဆရာက ခပ်တင်းတင်း ကိုင်လိုက်ရင်း “ငြိမ်ငြိမ်နေကွ” ဟု ပြောပါသည်။
စကား အော်ကျယ် အော်ကျယ် ပြောသည့် လူကြီး တယောက် ဆိုင်ထဲ ဝင်လာလျှင် ကျနော်က မော့ပြီးကြည့်ရန် ရုန်းပါသည်။ ဆံသဆရာက ခေါင်းကို ခပ်တင်းတင်း နှိမ်လိုက်ပြီး “ငုံ့ထားကွ” ဟု ပြောပါသည်။
ခေါင်းငုံ့ထားရင်း ကြည်လိုက်တော့ ခြေနင်း ခုံကလေးကို မြင်ရပါသည်။ နင်းချင်စရာလေးပါ။ ဒါပေမယ့် ကျနော့် ခြေထောက်နှင့် အဝေးကြီး။
ကျနော်က ခြေတွဲလောင်းကလေး။ နောက်မှီကိုလည်း မထိ၊ အောက်ကိုလည်း မထိ။ ကျနော့် စိတ်ထဲ အလွန် အောက်တန်း ကျသည်ဟု ထင်မိပါသည်။
လူကြီးတွေကို ကြည့်လိုက်လျှင် နောက်မှီကို အကျသားမှီ၊ နင်းခုံကို အခန့်သား ခြေတင်ပြီး ဆံညှပ် ခံနေပုံမှာ အလွန့်အလွန် အားကျစရာ ကောင်းသော ထည်ဝါမှု ဟု ထင်ပါသည်။
နောက်မှီ ဆိုသည်မှာ မှီဖို့ထားခြင်း ဖြစ်ပါသည်။ ကျနော် မမှီရပါ။ နင်းခုံ ဆိုသည်မှာ နင်းဖို့ထားခြင်း ဖြစ်ပါသည်။ ကျနော် မနင်းရပါ။ ကိုယ့်အဖြစ်ကို အလွန် မကျေမနပ် ဖြစ်မိတတ်ပါသည်။
အိမ်က ကုလားထိုင်တွေကို ထိုင်လျှင်လည်း ထိုနည်းတူ မကျေမနပ် ဖြစ်ရပါသည်။ လူကြီးတွေလို ထိုင်ကြည့်မိသည်။ နောက်ကို ကျော်မှီလိုက်လျှင် ခြေထောက်က ဒူးပင် ကွေးလို့မရဘဲ ဖြစ်နေသည်။
ကြမ်းပြင်နှင့် ခြေထောက် ထိအောင် နင်းလိုက်ပြန်တော့ ဖင်လျှောလေး ဖြစ်နေသည်။ နောက်ကို မှီနိုင်အောင် လုပ်ကြည့်တော့ ပက်လက်လန်ပြီး ခေါင်းနှင့်သာ ထိတော့သည်။
ဤသို့ အခါများစွာ ကြိုးစားရင်း အခါများစွာ မချင့်မရဲ ဖြစ်ခဲ့ရပါသည်။
ဆံပင်ညှပ်ဆိုင်က ဆုံလည် ကုလားထိုင်ပေါ်တွင် နောက်မထိ၊ အောက်မထိ ထိုင်ရလျှင်ကား အခံရအခက်ဆုံး ဖြစ်ပါသည်။
ဤသို့လျှင် ဆုံလည် ကုလားထိုင်ပေါ်၌ နောက်မှီကို အကျအန မှီပြီး နင်းခုံပေါ် အခန့်သား ခြေတင်ထားနိုင်ရေးမှာ ကျနော်၏ တောင့်တ ရည်မှန်းချက်ကြီး တခု ဖြစ်နေခဲ့ပါသည်။
ယခု ဆံပင်ညှပ်ခံနေရင်း ထိုအဖြစ်ကို သတိရမိ၍ ပြုံးမိယောင် ဖြစ်သွားပါသည်။
ယခုတော့ ကျနော် “နောက်မှီ အောက်မှီ” ကျကျနန ထိုင်နေရပြီ ဖြစ်ပါသည်။
ဘယ်တုန်းက သည်ဆန္ဒ ပြည့်ဝခဲ့သလဲ ဟု ဖြတ်ခနဲ တွေးလိုက်မိသည်။ ဘယ်တုန်းကမှန်း မသိတော့ပါ။ ကြာတော့ ကြာလှပြီ ဖြစ်မှာပေါ့။
ကိုယ့်တောင့်တ မျှော်မှန်းချက် ပြည့်စုံလျှင် ဝမ်းသာရမည် ဖြစ်ပါသည်။ ထိုအောင်မြင်မှုကို အရသာခံရမည် ဖြစ်ပါသည်။ အဘယ်ကြောင့် ကျနော် မှတ်မှတ်သားသား ဝမ်းမသာခဲ့သနည်း။ အဘယ်ကြောင့် အရသာ မခံခဲ့မိသနည်း။
“ကြိုးပမ်း အားထုတ်မှု မပြုဘဲ ရလာသော အောင်မြင်မှု” ဖြစ်နေ၍လား။ ဘယ်လိုပဲရရ ကိုယ့်ဆန္ဒ ပြည့်ဝလျှင် ဝမ်းသာမှု၊ အရသာခံမှုတော့ ရှိရမှာပေါ့။ ဘာကြောင့် ဤဆန္ဒ ပြည့်ဝမှုကို အသိအမှတ် မပြုခဲ့သလဲဟု စဉ်းစားမိပါသည်။
ကျနော့်တို့သည် ကိုယ့်ဆန္ဒ ပြည့်ဝမှုကို ခပ်ကြာကြာလေး အရသာခံစားပြီး ပီတိဖြစ်နိုင်ခွင့် နည်းသည်ဟု ထင်မိပါသည်။
ရထားထွက်ချိန် နီးနေ၍ ဘူတာကို အပြေးအလွှား သွားရပါသည်။ ဘူတာရောက်တော့ ရထားက ဥသြဆွဲပြီး ထွက်စပြု နေပြီ။ တစိုးထိတ်ထိတ် ဘူတာထဲ အပြေးဝင်၊ ရထားဆီ အပြေးသွား၊ ကသောကမျော လွှားပြီး ရထားပေါ် တက်ရသည်။
ရထားပေါ်ရောက်မှ တော်ပါသေးရဲ့ ဟု ဟူးခနဲ သက်ပြင်း ချနိုင်သည်။ ကြိုးပမ်းမှုကြောင့် ရထားနှင့် လိုက်ပါခွင့် ရပြီဟု ဝမ်းသာလိုက်မိသည်။
သို့သော် ကြာရှည် ဝမ်းမသာနိုင် ဟိုဟိုသည်သည် လျှောက်ပြီး ထိုင်ခုံလွတ်ကလေးများ တွေ့မလား ကြည့်ရပြန်သည်။
ဆန္ဒ တခု ပြည့်ဝသွားသည်နှင့် ချက်ချင်းပင် နောက်ဆန္ဒ တခုက ပေါ်လာပြန်သည်။ ထို့ကြောင့် ကျနော်တို့မှာ ဝမ်းသာ ပီတိ ဖြစ်ရသည့် အချိန်ထက် စိုးထိတ်ရသည့် အချိန်က ပိုများနေသည်ဟု ထင်မိပါသည်။
ထိုအခါတွင်မှ ဆုံလည် ကုလားထိုင်ပေါ် ထိုင်ရင်း ကျနော့်ဆန္ဒ ပြည့်ဝမှု၊ အောင်မြင်မှု များကို ပြန်ပြီး အေးအေးဆေးဆေး စဉ်းစားကြည့်နေမိပါသည်။
ဆံပင်ညှပ် ခံရခြင်းမှာ စဉ်းစားလို့ တွေးလို့ အကောင်းဆုံး အချိန် ဖြစ်ပါသည်။ ထိုကဲ့သို့ စဉ်းစားလိုက်ပြန်တော့လည်း အောင်မြင်ခဲ့တာတွေ၊ ဆန္ဒ ပြည့်ဝခဲ့တာတွေ မနည်းပါလားဟု အောက်မေ့မိပါသည်။
ကျေနပ်စရာပါပဲလား ဟုလည်း တွေးမိပါသည်။
တခြား ကိစ္စတွေကို ထားတော့၊ ကျနော်၏ စာရေးခြင်း ကိစ္စလေးကို ပြောချင်ပါသေးသည်။
ကျနော် စာရေးဆရာ ဖြစ်ချင်ခဲ့သည်။ ကိုယ်ရေးလိုက်သော စာမူကို ပုံနှိပ်စာလုံးကလေးများနှင့် ဖော်ပြခြင်း ခံရလျှင် သေပျော်ပါပြီဟု ဆိုရခမန်း တောင့်တခဲ့ဖူးပါသည်။
တောင့်တ ကြိုးပမ်းသည့် အတိုင်း ဖော်ပြခြင်း ခံရပါသည်။ ဝမ်းသာခဲ့ပါသည်။ သို့သော် ခဏပါပဲ။
နောက် ဆက်ပြီး တောင့်တလိုက်တာတွေက ပြောရမည်တောင် ရှက်စရာ ကောင်းနေသဖြင့် ဆရာကြီး ဇေယျ ပြောသလို မြန်မာစာပေ လောကတွင် ကြယ်ပြောင်ကြီး တလုံးလို ရွှန်းရွှန်းလက်လက် ပြိုးပြိုးပြက်ပြက် တောက်ပချင်လာပါသည်။
မခက်ပါလား။
ရှင်မဟာသီလဝံသ စသော ပေလေးပင် ရှင်လေးပါး၊ ခင်ကြီးပျော် ဟူသော ပေတပင် ရှင်တပါး ထွက်ရာ တောင်တွင်းကြီးသား ဖြစ်သည့် အတိုင်း ပေတဆူ လူတယောက်ကိုပါ ရောပြီး ထွန်းတောက်ချင်လာပါသည်။
အဲသည်လို လောဘဇောတွေ တိုက်နေရသည်နှင့်ပင် အောင်မြင်မှုများ အတွက် အရသာခံချိန် မရှိတော့ဘဲ စိုးထိတ် မျှော်လင့်ခြင်းများနှင့်သာ အချိန်ကုန်နေရတော့သည်။
ထို့ကြောင့် ပေတဆူ လူတယောက် ဆိုတာတော့ မဖြစ်နိုင်တော့ပါဟု အားလျှော့လိုက်ပြီး ပေတဆူ မဟုတ်သော်လည်း “ပေဖူးလွှာ” မှာတော့ ငါ့စာမူလေးတွေ ပါသားပဲဟု အရသာ ခံလိုက်ပါဦးမည်။
စကားမစပ် မိတ်ဆွေမှာလည်း အောင်မြင်မှုတွေ၊ ဆန္ဒတွေ အများကြီး ပြည့်ဝခဲ့မှာ မုချ ဖြစ်ပါသည်။
နောက်ပေါ်လာတဲ့ ဆန္ဒတွေ ဘာတွေကို ခဏမေ့ထားပြီး ကိုယ်အောင်မြင် ပြည့်စုံခဲ့တာလေးတွေကို ခဏတဖြုတ် နားပြီး အရသာ ခံကြည့်စမ်းပါလားဟု တိုက်တွန်း လိုပါသည်။ ။
ပေဖူးလွှာ
ဇူလိုင်၊ ၁၉၈၅။
(စာရေး ဆရာကြီး အောင်သင်း ရေးသားခဲ့သည့် ဤဆောင်းပါးကို ဇွန်ပွင့် စာအုပ်တိုက်က ၂၀၁၈ ခုနှစ် စက်တင်ဘာ လတွင် ထုတ်ဝေသော “လှလိုက်တာနော် နှင့် ရသစာတမ်းငယ်များ” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက် အသက် ၈၈ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)














