စစ်ပြီးစ ၁၉၆၄ တွင် ဘားမားဒိုင်ဂျက်စ် ဟု ပေါ်လာခဲ့ရာ အယ်ဒီတာမှာ ဦးကျော်စိုး ဖြစ်၍ တွဲဖက် အယ်ဒီတာမှာ ဇနီး ဒေါ်ခင်စီ တို့ ဖြစ်ကြသည်။
ဦးကျော်စိုးမှာ နေ့ခင်းတွင် ပြန်ကြားရေးဌာန ညွှန်ကြားရေးဝန် ဖြစ်ခဲ့သည်။
ဆရာမကြီး ဒေါ်ခင်စီသည် ပညာ့ဗိမာန် ကျောင်းကို နံပါတ် (၁၁၃၊ ၃၇) လမ်းတွင် တည်ထောင်ခဲ့ပြီး ကိုယ်တိုင် အင်္ဂလိပ် ဘာသာကို ပို့ချခဲ့သည်။
ပညာ့ဗိမာန် ကျောင်းသည် ထိုစဉ်က အဆင့်အတန်းမြင့်၍ အောင်ချက်လည်း ကောင်းခဲ့သည်။ နောင်တွင် လမ်း (၄၀) သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။
ဒေါ်ခင်စီသည် ၁၉၁၇ ခုနှစ်တွင် ဖွားမြင်၍ မိဘများမှာ မြင်းခြံမြို့မှ လမ်းဝန်ထောက် ဦးဘသန်းနှင့် ဒေါ်ဒေါ်မြတို့ ဖြစ်ကြသည်။
မန္တလေး အေဘီအမ် မိန်းကလေး ကျောင်းမှ ၁၉၃၃ ခုနှစ်တွင် ဆယ်တန်း အောင်မြင်ပြီး ရန်ကုန် တက္ကသိုလ်မှာ ၁၉၃၈ ခုနှစ်တွင် ဘီအေ ဘွဲ့ကို လည်းကောင်း၊ ၁၉၄၀ ခုနှစ်တွင် ဘီအီးဒီ ဘွဲ့ကို လည်းကောင်း ရရှိခဲ့သည်။
ကျမ မန္တလေး အေဘီအမ်တွင် ဒေါ်ခင်စီတို့ကို မီခဲ့ပါ၏။ ဒေါ်ခင်ရီ၊ ဒေါ်ခင်စီ ညီအစ်မကို အစီအရီ ဟု တွဲပြီး ခေါ်ခဲ့ကြပါသည်။
ထိုစဉ်က ကျောင်းကပွဲတွင် သဘောင်္သား အဖြစ် ကျမတို့အတူ ပါဝင် သရုပ်ဆောင်ခဲ့ရပါသည်။ “ဝီမတ်စ်အောလ်ပူးလ်တူဂဲသား” သီချင်းကို ကျမက မြန်မာသံကြီးနှင့် ဆွဲပြီး ဆို၍ “ဒီရှမ်းပုတ် အင်္ဂလိပ်သံ မပါဘဲနဲ့” ဟု အစီအရီ ညီအစ်မက လှောင်ခဲ့ကြပါသည်။
ကျမကလည်း တောင်ပေါ်က ကျောင်းသားမဟုတ်လား။ မြန်မာ သီချင်း ဆိုနေကျမို့ ဗိုလ်သံ မပေါက်ခဲ့ပါ။ ဒါကြောင့် လှောင်တာ ခံရသည်။ သြော်…ဒါလေးတွေ နောက်ကြောင်း ပြန်ရသည်မှာ ပျော်စရာပါပဲ။
ဒေါ်ခင်စီကို ကင်းထောက် အမျိုးသမီး ဝတ်စုံနှင့် ကျွမ်းကျင်မှု တံဆိပ်တွေ တပ်ပြီး မျက်စိထဲ မြင်ယောင်မိပါသေးသည်။ အဖွဲ့စိတ် ခေါင်းဆောင်လည်း ဖြစ်ခဲ့သည်။
ဂျပန်ခေတ်ကလည်း ကိုယ်လက် ကြံ့ခိုင်ရေးမှူး အပြင် အာရှလူငယ် အစည်းအရုံး၏ ကျန်းမာရေးမှူးလည်း ဖြစ်ခဲ့သည်။ ကျန်းမာရေးနှင့် ကိုယ်ခန္ဓာ အလှအပကို ငယ်စဉ်ကပင် လိုက်စား ထိန်းသိမ်းခဲ့သူ ဖြစ်သည်။
အင်းလျားကျောင်းသူများ၏ ကိန္နရီယိမ်း၌လည်း ညီအစ်မ နှစ်ယောက်လုံး စင်ပေါ် တက်ခဲ့ကြသည်။ ဒေါ်ခင်စီသည် ဟင်္သာတမြို့ အမျိုးသား အထက်တန်းကျောင်းတွင် အထက်တန်းဆရာ အဖြစ် အမှုထမ်းခဲ့သေးသည်။
ဒေါ်ခင်စီ၏ ပညာ့ဗိမာန် ကျောင်းကို ၁၉၄၉ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ ဖွင့်လှစ်ခဲ့သည်။
ကျောင်းဆရာ၊ သတင်းစာဆရာမနှင့် သူကိုယ်တိုင် စာရေးဆရာမလည်း ဖြစ်ခဲ့သည်။ ဂျာနယ်ကျော်နှင့် ယုဝတီ ဂျာနယ်၌ ဆောင်းပါးများ ဆက်တိုက် ရေးသားခဲ့သည်။ ဂျာနယ်ကျော်တွင် ဒေါ်ခင်စီ မှတ်တမ်းကို လည်းကောင်း၊ ယုဝတီ ဂျာနယ်၌ ချစ်သမီး မြင့်စိုးသို့ ဆုံးမစာ ဆောင်းပါးကို လည်းကောင်း ကြာမြင့်စွာ ရေးသားလာခဲ့သည်။
မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း၏ အမှုဆောင် တဦးလည်း ဖြစ်သည့်အပြင် ၁၉၄၇ ခုနှစ်၌ အသင်း၏ ကိုယ်စားလှယ် အဖြစ် အင်္ဂလန် နှင့် အမေရိကန်သို့ သွားရောက် လေ့လာခဲ့သည်။
ဒေါ်ခင်စီတို့၏ ဘားမားဒိုင်ဂျက်စ်မှာ အလွန် ခေတ်စားခဲ့သည်။ ၎င်း၏ ဆောင်ပုဒ်မှာ (တူလက်သ်ဝါးလ် နိုးဘားမား) (အင်ဒ် ဘားမား နိုးသ်ဝါးလ်) မြန်မာကို ကမ္ဘာက သိစေရန် နှင့် ကမ္ဘာကို မြန်မာက သိစေရန် ဖြစ်သည်။
ဘားမားဒိုင်ဂျက်စ်ကို ယခုအခါ မြင်ဖူးသူတွေပင် ခပ်ရှားရှား ဖြစ်နေသည်။ ရီးဒါးဒိုင်ဂျက်စ် လောက်သာ လူတွေ သိနေသည်။ ယခုအခါ ထိုအဆင့်အတန်းကို မီအောင် ထုတ်နေသော အင်္ဂလိပ်စာအုပ် ဟူ၍ မရှိတော့ပေ။ ဂါဒီယန်၊ စပက်ထရမ် နှင့် ဖော်ဝါ့ဒ်သာ ပြစရာရှိတော့သည်။
မြန်မာ့အကြောင်း နိုင်ငံခြားသားတွေ သိအောင် ဖော်ပြနေသော စာအုပ်များကား ရှားလွန်းလှသည်။ နိုင်ငံခြား စာပေတွေကိုတော့ မြန်မာတွေ အလုအယက် ဘာသာပြန်လိုက်ကြသည်မှာ တအုပ်ပြီး တအုပ် ထွက်ပြီးရင်း ထွက်ရင်း ကြိုက်ပြီးရင်း ကြိုက်ရင်း – ကျမသည် ဤစာအုပ် အတွက် လက်လှမ်းမီရာ ဘားမားဒိုင်ဂျက်စ် ၁၅ အုပ်မျှကို လေ့လာမိပါ၏။
ပါဝင်ရေးသားကြသူများမှာ ဦးတင်ထွတ်၊ ဦးတင့်ဆွေ၊ ဦးကျော်မြင့်၊ ဦးဘလွင်၊ ဦးထင်ဖတ်၊ ဦးသိန်းဟန်၊ ဦးဝန်၊ သိပ္ပံစိုးရင်၊ ဇေယျ၊ တက်တိုး၊ နုယဉ်၊ ညိုမြ၊ တောသား၊ ဦးမြစိန်၊ ဦးမောင်မောင်ပြေ၊ ဦးခင်ဇော်၊ ဒေါ်မြစိန်၊ မြဒေါင်းညို၊ သခင်ကျော်စိန်၊ လေပွေ၊ ကာယဗလ မောင်မောင်လွင်၊ ဦးအောင်မင်း၊ တော်စိန်ခို၊ ဦးလောကနာထ၊ မွန်ဖိုးချို၊ ဦးဘ၊ မေဂျာအင်နရာဇ်၊ ဦးခင်မောင်လတ်၊ ဦးကျော်ဒင်၊ ဦးသာလှ၊ ဦးကျော်မင်း၊ သခင်လေးမောင်၊ သခင်နု၊ ဦးတင် (မြန်မာ့အလင်း)၊ ဂျေအေ စတူးဝဒ်၊ ဂျေအေ မောင်ကြီး၊ သူရိယကန္တီ၊ နယူးဘားမား ဦးတင်၊ ဒေါက်တာ ဆီးဂရေ့၊ မောရစ်ကောလစ်၊ မန္တလေး သူရိယ ဦးတင် နှင့် အခြား အိန္ဒိယ တိုင်းရင်းသား အင်္ဂလိပ် အမျိုးသား မည်များကိုလည်း တွေ့ရသည်။
ဘားမားဒိုင်ဂျက်စ် စာအုပ်ငယ်သည် တစ်ကျပ်တန် ဖြစ်၍ တစ်လ နှစ်ကြိမ် ထုတ်ဝေခဲ့ရာ ဆရာဗကြည် နှင့် ဆရာ ဦးဟိန်စွန်း တို့၏ ကာတွန်း လက်ရာများကိုလည်း တွေ့ရသည်။
ဗိုလ်ချုပ် အောင်ဆန်း၏ ချန်ဒရာဘို့ရှ် သို့ ပြန်စာ၊ ယနေ့ မြန်မာပြည်၊ နိုင်ငံတာ အခြေအနေ၊ မြန်မာ တီးတိုး ခေါ် ဗိုလ်ချုပ် အောင်ဆန်း၏ ရဲရဲတောက် စီးပွားရေး အခြေအနေ မိန့်ခွန်း၊ ၁၊ ၆၊ ၄၆ နေ့စွဲ နှင့် ကာနယ် နေဝင်း မိန့်ကြားသော မြန်မာ့ တပ်မတော် စသော အင်္ဂလိပ် ဘာသာပြန်ပြီးသား ဆောင်းပါးများကို ၁၊ ၈၊ ၄၆ ခုနှစ်နေ့ထုတ် ဘားမားဒိုင်ဂျက်စ်၌ ဖတ်ရသည်။
ဘားမားဒိုင်ဂျက်စ်တွင် ကဗျာ၊ ပဟေဠိ၊ ကာတွန်း၊ ဟာသ၊ မြန်မာ့ ယဉ်ကျေးမှု၊ ကမ္ဘာ့ သတင်းများ၊ ဒုတိယ ကမ္ဘာစစ် အပြီး မြန်မာပြည်ကို ပြန်လည် သိမ်းပိုက်သော ဓာတ်ပုံများ၊ ရှေးပညာရှိများ၏ အဆိုအမိန့်များ၊ အယ်ဒီတာထံ ပေးစာများ ပါဝင်သည်။
ယဉ်ကျေးမှု အခန်း၌ အမရပူရခေတ်၊ ဇာတ်သဘင်၊ လူဦးမင်းနှင့် ဖိုးသူတော် ဦးမင်းတို့ ကဗျာများ၊ အနန္ဒသူရိယ၏ မျက်ဖြေ အလင်္ကာ၊ လှိုင်ထိပ်ခေါင်တင် အကြောင်း၊ မြန်မာ့ ကျေးလက်တေးများ၊ ဗုဒ္ဓ၏ ဘဝ၊ ကျေးလက် ပုံပြင်များ၊ မင်းတုန်းမင်းနှင့် တွေ့ခန်း၊ ဒွါရဝတီ ရခိုင်တေးများ၊ သံဝေဂ တေးထပ် ဘာသာပြန်များ ပါဝင်သည်။
မြန်မာစကားပုံများနှင့် ရှင်းလင်းချက်များလည်း ပါဝင်သည်။ မေဂျာအင်နရာဇ် ဂျင်းဖော အကြောင်းရေး၍ မောရစ်ကောလစ် က ဥက္ကာပျံ၏ ဝါခေါင်လဘွဲ့ကို ဘာသာပြန်ထားကြသည်။
ဂူပြောက်ကြီး ကျောက်စာ၊ မြန်မာ့ ဓလေ့ ထုံးစံများ၊ မင်းကွန်း ခေါင်းလောင်းများ၊ မန္တလေးတောင်၊ ရတနာပုံ သတင်းစာ ဘဝမှ မြန်မာ့အလင်းသို့၊ ဂျပန် ကဗျာ ဘာသာပြန်များ၊ တဂိုး၊ အိပ်ဂျီဝဲလ်၊ လောင်းဖဲလိုး၊ ဘားနဒ်ရှောတို့ အဆိုအမိန့်များ၊ အိန်စတိန်က ဘာအမွေ ပေးခဲ့သလဲ၊ ဝေလမင်းသား နန်းစွန့်စဉ်က နန်းရင်းဝန် ဘယ်သူလဲ စသော အမေးမျိုးလည်း ပါသည်။ လူသိများသော အင်္ဂလိပ် ကဗျာကို မြန်မာစကားလုံး ထည့်၍ ဖွဲ့သော ဟာသကိုလည်း ဖတ်ရသည်။
ဘားမားဒိုင်ဂျက်စ် ပျောက်ကွယ် တိမ်မြုပ်သွားခဲ့သည်ကို နှမြောမိ၏။ ပန်းနှင့် ဖလားဝါးမှာ အတူတူ ဖြစ်၍ ပါမောက္ခ မစ္စတာ ပန်းက Flower ဟူသော ကလောင်အမည်နှင့် ရေးခဲ့သည်။ စုံလည်း စုံခဲ့ပါ၏။
ထူးခြားချက်မှာ အင်္ဂလိပ်များက မြန်မာ ဇာတ်ပွဲ၊ မြန်မာ ကျောက်စာများ၊ သမိုင်းများကို ရေးလာကြခြင်း ဖြစ်သည်။
ကာနယ် နေဝင်း၏ မိန့်ခွန်းမှာ ရန်ကုန်ကျသွားပြီးနောက် မြန်မာ့ တပ်မတော် အကြောင်းနှင့် ပါဝင်သူများ လွတ်လပ်ရေး ဟူသော တခုတည်းသော ရည်ရွယ်ချက်နှင့် လူငယ်တွေ အသက်စွန့်ခဲ့ကြပုံ၊ တိုင်းရင်းသား ပေါင်းစုံ ပါဝင်ခဲ့ပုံများကို ကမ္ဘာက သိအောင် (ထူသပီး ဖဲလ်အောက်ဖ်ဝါးလ်ဒ်) ခေါင်းစဉ်ဖြင့် ဖတ်ရသည်။
မြန်မာ့ အစားအစာ ငါးပိအကြောင်း၊ အနန္ဒသူရိယ၏ ကဗျာ ဘာသာပြန်နှင့် “တနေ့ထက် တနေ့ တရွေ့ရွေ့ ယွင်းယို” တေးထပ် ဘာသာပြန်မျိုးလည်း ပါသည်။
ဆာဒေါ်မန်စမစ် နှင့် ဆာဟူးဘတ်ရန်စ် တို့၏ (ဆိုသေဆေး) အာဘော်များလည်း ဖတ်ရသည်။ အရှေ့အာရှ အာဖရိက အတတ်ပညာများ ဆိုင်ရာ လန်ဒန် တက္ကသိုလ်မှာ ဂျေအေ စတူးဝဒ် (အိုင်စီအက်-စီအိုင်အီး) လေ့လာခဲ့သော မြန်မာ အကြောင်း ဆောင်းပါးလည်း ပါသည်။
စတိတ်မင်း သတင်းစာ၏ အနာဂတ် မြန်မာပြည် ဘာသာပြန် စသော ဆောင်းပါးစုံကို ဒေါ်ခင်စီ၏ ဘားမားဒိုင်ဂျက်စ် ၌ တဝကြီး ဖော်ပြခဲ့ဖူးသည်။
၁၉၄၈ ခုနှစ်ထုတ် ကလောင်ရှင် မဂ္ဂဇင်း၌ ဒေါ်ခင်စီသည် ကြုံရဆုံရ ဤဒုက္ခ အမည်နှင့် ဆောင်းပါး ရေးခဲ့သည်။
“နိုင်ငံခြားမှာတော့ စာတအုပ်နှင့် သူဌေး ဖြစ်နိုင်တယ်။ စာရေးဆရာက လူထုကို ပြုပြင်ပေးလျက် ရှိပေမယ့် ဒီမှာတော့ လူထုအကြိုက်ကိုပဲ လိုက်ရေးနေရလို့ စာရေးဆရာ မဟုတ်၊ (ဆ) ရေးဆရာ ဖြစ်နေတယ်။ လူထုအကြိုက် ဆပြီး ရေးနေ ရတယ်။ လူရွယ်တွေကလည်း မိဘ ပိုက်ဆံကို ဖြုန်းပြီး နည်းပေးလမ်းပြ စာအုပ်ဆိုရင် မဖတ်ချင်ကြဘူး။ မချမ်းသာရင်နေ တိုင်းပြည် အကျိုးယုတ်မယ့် စာဆိုရင် ဘယ်တော့မှ မရေးဘူး။ လူငယ်တွေဟာ နိုင်ငံရေးသမား ယောင်ယောင်နှင့် သူတို့သာ နားလည်တယ် ထင်နေလို့ အေးအေးပဲ နေတာ ကောင်းတယ်။ သပိတ် လက်နက်နှင့် ခြောက်လို ခြောက်၊ နိုင်ငံရေးသမားတွေ ခြေဝင်ထိုးလို့ သူတို့ ပညာရေးလည်း နိမ့်ကျကုန်တယ်။ နိုင်ငံရေးသမား ယောင်ယောင်၊ ကုန်သည် ယောင်ယောင် တို့ကလည်း အင်ပို့ လိုင်စင်တွေတောင်း လူမျိုးခြားကို ရောင်းနှင့် လူထု ကောင်းစားရေး ဆိုတာတွေ ကလည်း များပါဘိ။ မယ်မယ်ရရ ပြစရာတော့ ဘာမှမရှိ” စသော အာဘော်မျိုးကို ရေးခဲ့သူ ဖြစ်သည်။
ဒေါ်ခင်စီသည် ကျောင်းဆရာ၊ သတင်းစာဆရာ၊ စာရေးဆရာကြီး အဖြစ် နိုင်ငံကို စာပေနှင့် အကျိုးပြုခဲ့ပြီး ယခုအခါ ဝိဇ္ဖာတက္ကသိုလ်မှ သမီးဖြစ်သူ ဓာတုဗေဒမှ ဆရာမ မြင့်မြင့်စိုးတို့ ဇနီးမောင်နှံနှင့် မြေး သုံးယောက်ကို အဖော်ပြုကာ တောင်မြင်းပြိုင်ကွင်းလမ်း နေအိမ်၌ တတ်နိုင်သရွေ့ လောကုတ္တရာရေး အတွက် ဝိပဿနာ ဘက်တွင် အားထုတ်လျက် ရှိနေသည်။ ။
(စာရေး ဆရာမကြီး စောမုံညင်း ရေးသားခဲ့သည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာပေတိုက်က ၂၀၀၈ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေသော “မြန်မာအမျိုးသမီး” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာမကြီးသည် ၂၀၁၁ နှစ် ဒီဇင်ဘာလ ၁၁ ရက် အသက် ၉၁ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)