စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၌ စစ်ကောင်စီတပ်သားနှစ်ဦးထံမှ သိမ်းဆည်းရသည့် လက်နက်နှင့် ပတ်သက်၍ ယင်းမာတော ကျေးရွာ ပ.က.ဖ နှင့် ရွှေဘိုခရိုင်တပ်ရင်းများအကြား နှစ်ဖက်အငြင်းပွားမှု ဖြစ်နေသဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ထံ သို့ တိုင်ကြားထားကြောင်း သိရသည်။
ယင်းမာတောကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ကောင်စီတပ်သား ၂ ဦးထံမှ သိမ်းဆည်းခဲ့သည့် MA 1 ချေမှုန်းရေး ရိုင်ဖယ် ၂ လက်၊ ကျည်ဆံ ၂၀၀၊ ကျည်ဘောက်အပို ၁ ခု ၊ ဖုန်း ၃ လုံးနှင့် ပတ်သက်၍ ရွှေဘိုခရိုင် တပ်ရင်း ၁ နှင့် ၂ က လူအင်အား ၁၀၀ ကျော်ဖြင့် ခြိမ်းခြောက်ဖိအားပေး ရယူသွားသဖြင့် စုံစမ်းစစ်ဆေးပေးရန် ကျေးရွာ ပ.က.ဖ (မြင်းဖြူရှင် ပြောက်ကျားအဖွဲ့)က ဇူလိုင် ၁၇ရက်က တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ထို့အတွက် အင်အား ၁၀၀ ကျော်ဖြင့် ယင်းမာတောရွာအား လာရောက်ဝိုင်းသည့် တပ်ရင်း ၁၊ ၂ တာဝန်ခံ ကိုဒူချွန်ဆိုင်းသူ၊ ပ.က.ဖ ခေါင်းဆောင် ကိုနေမျိုးအောင်နှင့် ပ.အ.ဖ ခေါင်းဆောင် ကိုဆန်းမြင့်အောင် တို့ကို စုံစမ်းပေးရန် ကျေးရွာ ပ.က.ဖ. က တိုင်ကြားထားသကဲ့သို့ ကျေးရွာ ပ.က.ဖ ခေါင်းဆောင်ဖြစ်သည့် ကိုဒိုးလေးနှင့် အဖွဲ့ကိုလည်း အပြန်အလှန် တိုင်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရထံမှ သိရသည်။

ကိုဒိုးလေး ဦးဆောင်သည့် မြင်းဖြူရှင်ပြောက်ကျားအဖွဲ့သည် ယခင်က သီးခြားလွတ်လပ်သည့် ဒေသကာကွယ်ရေးအဖွဲ့ ဖြစ်သော်လည်း နောက်ပိုင်း NUG လက်အောက်သို့ ဝင်ကာ ယင်းမာတောကျေးရွာ ပ.က.ဖ တာဝန်ခံအဖြစ် ဆောင်ရွက်နေခြင်း ဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက “အပြန်အလှန်တိုင်ကြားတဲ့ ကိစ္စရှိပါတယ်။ ဝန်ကြီးဌာနက လက်ခံရရှိပြီးတော့ စိစစ်ဆောင်ရွက်တဲ့ အပိုင်းကို လုပ်နေပါတယ်။ စစ်ဆေးပြီး ပေါ်ပေါက်တဲ့အလျောက် ဆက်လက် ဆောင်ရွက်သွားဖို့ ရှိပါတယ်”ဟု ဆိုသည်။
ရွှေဘိုခရိုင် ပ.က.ဖ တပ်ရင်းအနေဖြင့် ပြည်သူများနေထိုင်ရာ ကျေးရွာသို့ လာရောက်စီးနင်းချိန် လူနှင့် လက်နက်အင်အား အများအပြားသုံးခြင်း၊ ပစ်မိန့်ပေးထားသည်ဟု ခြိမ်းခြောက်ပြောဆိုခြင်းတို့ကြောင့် အင်အားသုံး ဖိနှိပ်သည်ဟု ဆိုကာ စစ်ဆေးပေးရန် ကိုဒိုးလေးဦးဆောင်သည့် ယင်းမာတောရွာ ပ.က.ဖ က တောင်းဆိုထားသည်။
ကိုဒိုးလေးက “အပ်မယ်ဆိုရင် စာချုပ်စာတန်းတွေနဲ့ အပ်ရမှာဆိုတော့ ပြင်ဆင်နေတဲ့ အချိန်မှာပဲ တပ်ရင်း ၁ နဲ့ ၂ က လာပြီးတော့ ဝိုင်းတာ။ တပ်ရင်းတွေက လာဝိုင်းနေလို့ ဒူချွန်ဆိုင်းသူ(တပ်ရင်း ၁၊ ၂၏ တာဝန်ခံ) ကို ဖုန်းဆက်လိုက်တဲ့ အချိန်မှာ ဘာဖြစ်လို့ ကျနော်တို့ဆီ ရောက်နေတာလဲလို့ မေးတော့ မင်းကိုပစ်ဖို့လေကွာဆိုပြီး ပြောတော့ ကျနော့်မှာ ဘာအပြစ်ရှိလို့ ပစ်မှာလဲ ဆိုတော့ မင်း စွာကျယ် စွာကျယ် လုပ်လို့ ပစ်မှာတဲ့။ တော်လှန်ရေးမှာလည်း စွာကျယ် စွာကျယ် လုပ်ရင် အပစ်ခံရမယ်နဲ့ တူပါတယ်” ပြောသည်။
ကိုဒိုးလေး၏ တိုင်တန်းထားချက်အပေါ် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် ၂၃ ဖွဲ့နှင့် ပြည်သူ ၁၅၀ ကပါ ထောက်ခံသည်ဟု လက်မှတ်ရေးထိုးထားကြောင်း သိရသည်။
တပ်ရင်း ၁ နှင့် ၂ တာဝန်ခံ ကိုဒူချွန်းဆိုင်သူအနေဖြင့် ကျေးရွာ ပ.က.ဖ များအပေါ် ထိုသို့ပြောဆိုခြင်းမှာ မှန်ကန်ကြောင်း၊ သို့သော် ဖိအားပေးသည့် အနေဖြင့်သာ ဖြစ်ပြီး တပ်ဖွဲ့များကို ပစ်ခွင့်ပေးမထားပါကြောင်း ရွှေဘိုခရိုင် ပ.က.ဖ တပ်ရင်းများ ၏ ပြောခွင့်ရသူက ဧရာဝတီသို့ ပြောသည်။
ထို့အပြင် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မည်သည့်အဖွဲ့ကမဆို ရရှိသည့် လက်နက်များကို စစ်ဒေသအဖွဲ့များသို့ ပြန်လည်အပ်နှံပြီးမှသာ ပြန်လည်သုံးစွဲခွင့်ကို လျှောက်ထားနိုင်သည်ဟု တရားဝင် သတ်မှတ်ထားကြောင်း၊ မြင်းဖြူရှင် အဖွဲ့ကမူ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးထံမှ လက်နက်များကို ယူသွားပြီးနောက် တရားဝင် လာရောက် အပ်နှံခြင်း မရှိသည့်အတွက် ဖိအားပေး တောင်းယူရခြင်း ဖြစ်ကြောင်း တပ်ရင်း ၁ နှင့် ၂ ဘက်က ဖြေရှင်းထားသည်။
သို့သော် ကိုဒိုးလေးကမူ လက်နက်ရပြီးသည်နှင့် အပ်နှံရန် မြို့နယ် ပ.က.ဖ သို့ တရားဝင် ဆက်သွယ် ပြောကြားထားပြီး ဖြစ်ကြောင်း ဝက်လက် မြို့နယ် ပ.က.ဖ၏ စွပ်စွဲချက်အပေါ် ငြင်းချက် ထုတ်သည်။
စစ်ကိုင်းတိုင်းအတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် တပ်ရင်းများ၊ မြို့နယ် ပ.က.ဖအဖွဲ့များအကြား အငြင်းပွားမှုများ မကြာခဏ ဖြစ်ပွားနေခြင်းဖြစ်နေပြီး မြို့နယ် ပ.က.ဖ အဖွဲ့များကမူ ဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF) များ အနေဖြင့် Change of Command အောက်တွင် ရှိနေမှု အားနည်းနေပြီး ထိန်းကျောင်းရ ခက်ခဲနေသည်ဟု ဝေဖန် လျက်ရှိသည်။

တနိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၂၅၀ ကျော်တွင် PDF တပ်ရင်းနှင့် စစ်ကြောင်း စုစုပေါင်း ၃၀၀ ကျော်၊ ရပ်ရွာအခြေပြု ပြည်သူ့ ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) များကို ဖွဲ့စည်းထားကြောင်း NUG က ၂ နှစ်ပြည့် အစီရင်ခံစာတွင် ထုတ်ပြန်ထားသော်လည်း စစ်ကိုင်းတိုင်းတွင် NUG ၏ ဦးဆောင်မှုအောက်သို့ မဝင်သည့် တော်လှန်ရေးအဖွဲ့ ရာနှင့်ချီ ရှိနေသည်။
ပြီးခဲ့သည့် ၂၀၂၂ ဇူလိုင်လအတွင်းကလည်း ဝက်လက်မြို့နယ် အရှေ့ပိုင်းမှ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တခုဖြစ်သည့် ဗိုလ်ကျားကြီ အဖွဲ့ကင်းစခန်းကို ရွှေဘိုခရိုင် တပ်ရင်း ၂ က ဝင်ရောက်ပစ်ခတ်သဖြင့် သေဆုံးမှု များရှိခဲ့သည်။
အဆိုပါ ဖြစ်စဉ်တွင်လည်း ဗိုလ်ကျားကြီးနှင့် အဖွဲ့က ဂိတ်စခန်းဖွင့်ကာ အခွန်ကောက်သည် ဟုဆိုကာ ဝင်ရောက်ပစ် ခတ်ခဲ့ခြင်း ဖြစ်ပြီး ရဲဘော် ၂ ဦး ကျဆုံးကာ ၁၁ ဦးကို ဖမ်းဆီးခဲ့သည်ကို ဖြေရှင်းပေးခြင်း မရှိသဖြင့် ဒေသခံများက ဆန္ဒပြမှုများလည်း ဖြစ်ပေါ်ခဲ့သေးသည်။
ဝက်လက်မြို့နယ်ရှိ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက “ဗိုလ်ကျားကြီး အဖွဲ့ဆိုရင် ဖိနှိပ်လိုက်တာ ရဲဘော်တွေ ကျသွား တယ်။ တော်တော်လေးကို အခြေအနေ ယိမ်းယိုင်မှု ဖြစ်သွားတယ်။ ဒါပေမယ့် ဗိုလ်ကျားကြီးတို့ တတ်နိုင်သမျှ လုပ်ခဲ့ တယ်။ အခုလည်း ကိုဒိုးလေးကို အခုလိုမျိုးကြီး လုပ်တာက စိတ်ဓာတ်စစ်ဆင်းရေး ထိုးတယ်။ နောက် လူတွေကိုယ်တိုင် ခြိမ်းခြောက်ပြီး တောင်းတာမျိုးတွေ ရှိတယ်။ ဒါတွေကို ရှုတ်ချတယ်၊ ကန့်ကွက်တယ်”ဟု ပြောသည်။
မြင်းဖြူရှင်အဖွဲ့မှာလည်း မြို့နယ်အတွင်းရှိ ဆန်စက် ၁ စက်ကို စစ်ကောင်စီ သတင်းပေးအဖြစ် သတ်မှတ်ကာ ဆန်အိတ် ၃၀၀ ကျော် သိမ်းဆည်းပြီး ပြည်သူများအား ဝေငှမှုပြုလုပ်ခဲ့ခြင်း၊ တပ်ရင်း ၁ အဖွဲ့စစ်ကြောင်းအား အသံမိုင်းထောင်ခြင်း စသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး မြို့နယ်ကာကွယ်ရေးအဖွဲ့များနှင့် ချိတ်ဆက်မှု အားနည်းသည့် ဖြစ်စဉ်များကြောင့် ၂၀၂၃ ခုနှစ် ဧပြီတွင် ရွှေဘိုခရိုင် တပ်ရင်းမှူး၊ ခရိုင် ပ.လ.ဖ( ပြည်သူ့လုံခြုံရေးအဖွဲ့) ၊ မြို့နယ် ပ.အ.ဖ၊ ပ.က.ဖ များထံ ခံဝန်ကတိ ရေးထိုးခဲ့ ရသည့်ဖြစ်စဉ် ရှိထားကြောင်း သိရသည်။
ဝက်လက်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ကိစ္စများ အပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေး အဖွဲ့အချင်းချင်းကြား သဘောထားကွဲလွဲမှု၊ ဖမ်းဆီးမှု၊ ပစ်ခတ်သတ်ဖြတ်မှုများ ရှိခဲ့ပြီး ဖြစ်စဉ်တိုင်းတွင် NUG ကို တိုင်ကြားမှုများ လုပ်ခဲ့သော်လည်း လက်ရှိအချိန်ထိ ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်မှု အားနည်းနေကြောင်း လေ့လာသုံးသပ်သူများက ထောက်ပြဝေဖန်နေကြသည်။
You may also like these stories:
ဝက်လက် ဒေသခံများကို စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်
ဒီပဲယင်း NLD အမတ်ဟောင်း ဦးဝင်းမြင့်အောင်ကို ပကဖ ဖမ်းဆီး
စစ်ကိုင်းတိုင်းအတွင်းက အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ရန် ပကဖများ သတိပေး
စစ်ကိုင်းတိုင်းရှိ ပျူစောထီးစခန်း ၈ ခု PDF များ တိုက်ခိုက်၊ နှစ်ဖက် အသေပျောက်ရှိ













