စီးပွားရေး

လမ်းဆုံများနှင့် မြန်မာ့စွမ်းအင်ကဏ္ဍ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍသည် အလားအလာ ကြီးမားသကဲ့သို့ တပြိုင်နက်တည်းတွင် ကြီးမားသော စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်နေရသည်။

အရှေ့တောင်အာရှ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ ထုတ်လုပ်သော လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု အခက်အညွန့်သစ်များ မြင်ရသည်နှင့် တပြိုင်နက် မြန်မာအစိုးရသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ဒါသစ် အစီအစဉ်များကို ကြေညာလိုက်သည်။

သို့သော် နိုင်ငံတကာ စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ရန် တင်းကျပ်သော ဘဏ္ဍာရေး အစီအမံများကို သတိထားကာ ပြုပြင်ရန် လိုအပ်ကြောင်း နိုင်ငံ၏ ပုဂ္ဂလိက ကဏ္ဍတွင် ပြောဆိုနေသည်။

လျှပ်စစ်စွမ်းအားနှင့် စွမ်းအင်ဝန်ကြီးဌာနသည် ကုန်းတွင်းလုပ်ကွက် ၁၈ ခုနှင့် ကမ်းလွန်လုပ်ကွက် ၁၃ ခုတို့အတွက် တင်ဒါခေါ်ယူရန် စီစဉ်နေကြောင်း နိုင်ငံပိုင်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မှ ညွှန်ကြားရေးမှူး ဒေါ်ခင်ဌေးက သတင်းထောက်များကို ဇူလိုင်လ ၁၃ ရက်နေ့တွင် ပြောသည်။ ပြည်ပ လုပ်ငန်းများ အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ပြည်တွင်းလုပ်ငန်းရှင်များနှင့် ဖက်စပ်လုပ်ကိုင်ဖို့ လိုအပ်တော့မည် မဟုတ်ကြောင်း မက်လုံးပေးသော်လည်း အခြားအသေးစိတ်များကို ပြောကြားခြင်း မပြုပေ။

သို့သော် ထိုတင်ဒါများကို ၂၀၁၄ ခုနှစ်ကကြုံခဲ့သည့် အပြင်းအထန် စိတ်ဝင်စားမှုများ မတွေ့ရသေးပေ။ ထိုစဉ်က အနောက်တိုင်းမှ အဓိက စွမ်းအင်လုပ်ငန်းကြီးများသည် နှစ် ၅၀ ကျော်ကြာ အထီးကျန် နေထိုင်မှုကြောင့် ဘင်္ဂလား ပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့မှ စူးစမ်းလေ့လာခြင်း မပြုရသေးသည့် ကျယ်ပြန့်လှသော ဒေသကို ရယူနိုင်ရန် အပြေးအလွှား လာခဲ့ကြသည်။ လက်ဆုပ်လက်ကိုင် ပြနိုင်သော ဓာတ်ငွေ့ပမာဏမှာ ၂၃ ထရီလျံ ကုဗပေရှိသည်ဟု စွမ်းအင် သတင်းအချက်အလက် စီမံခန့်ခွဲရေး ဌာန၏ အဆိုအရ သိရပြီး ရေနံစိမ်းမှာ ၂၀၁၅ ခုနှစ်အထိ ပေပါ သန်း ၅၀ အထိရှိမည်ဟု ခန့်မှန်းကြသည်။ သို့သော် စူးစမ်း လေ့လာခြင်းမပြုရသေးသော နေရာပေါင်းများစွာ ရှိနေသေးသောကြောင့် အလားအလာမှန်ကို မသိနိုင်ပေ။

ထို့ကြောင့် ယခင်တကြိမ် တင်ဒါခေါ်စဉ်က Royal Dutch Shell ၊ အမေရိက အခြေစိုက် Conoco Phillips နှင့် ပြင်သစ် အခြေစိုက် Total တို့အပါအဝင် များပြားလှသော နိုင်ငံတကာလုပ်ငန်းကြီးများသည် ကမ်းလွန် လုပ်ကွက် ၂၀ ကို တူးဖော်ခွင့်ရယူခဲ့ပြီး အမေရိကန်ဒေါ်လာ ၃ ဘီလျံခန့် ရင်းနှီး မြှုပ်နှံခဲ့ကြသည်။ သို့သော် ထိုကောင်းမွန်သော အလားအလာများမှာ ပြည်တွင်းနှင့် နိုင်ငံတကာ စိန်ခေါ်မှုမျိုးစုံကြောင့် ထိုအချိန်မှ စတင်ပြီး မှေးမှိန်လာခဲ့သည်။

ကမ္ဘာ့ အခြားနေရာများကဲ့သို့ပင် မြန်မာ့ရေနံနှင့် ရှာဖွေထုတ်လုပ်ရေး စီမံကိန်းများ ရေနံဈေးကျဆင်းမှု၏ ရိုက်ခတ်မှုကို ခံရသည်။ သို့သော် နိုင်ငံတကာ ရေနံကုမ္ပဏီများသည် စိန်ခေါ်မှု ကြီးမားသည့် စူးစမ်းရှာဖွေရေး အခြေအနေများ အပြင် မြန်မာနိုင်ငံ၏ တိုးတက်မှု မရှိသော အခြေခံ အဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင် ဖြင့်လည်း ရင်ဆိုင်နေရသည်။ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို မြန်မာ့တပ်မတော်က တိုက်ခိုက်ခဲ့မှုကြောင့်လည်း နိုင်ငံတကာ ရေနံလုပ်ငန်းများသည် နိုင်ငံရေး ဖိအားများနှင့်လည်း ရင်ဆိုင်နေရသည်။

၂၀၁၇ ခုနှစ် နှောင်ပိုင်းအထိ ၂၀၁၄ ခုနှစ်က သဘောတူခဲ့သော ကမ်းလွန်လုပ်ကွက်များအနက် ၁၀ ခုကို စွန့်လွှတ်ခဲ့ကြသည်။ နိုင်ငံပိုင် MOGE ၏ စွန့်လွှတ်မလား၊ တူးမလား သတိပေးချက်ကြောင့်လည်း လုပ်ငန်းများ ပြန်လည် ထွက်ခွာမှု ပိုမိုမြန်ဆန်လာသည်။ ပြန်လည်ထွက်ခွာသွားသော ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း များတွင် အိန္ဒိယ နိုင်ငံမှ Reliance Industries ၊ သြစတြေးလျမှ Tap Oil နှင့် Shell တို့သည် ၎င်းတို့၏ ကမ်းလွန် လုပ်ကွက်တချို့ကို စွန့်လွှတ်ခဲ့ကြသည်။

ထင်သလိုဖြစ်မလာ

ထိုအချက်များကို ကောင်းစွာသိရှိပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကို ပြန်လည်အသက်သွင်းရန် ကြိုးစားနေသော မြန်မာအတွက် အကြီးမားဆုံးသော ပြဿနာမှာ နိုင်ငံတကာ စွမ်းအင်လုပ်ငန်းများအပေါ် ချမှတ်ထားသော ဘဏ္ဍာရေးဆိုင်ရာ ပြဌာန်းချက်များ၊ အခွန်စနစ်နှင့် ပတ်သက်သော အစိုးရ၏ အမြင်များ ဖြစ်သည်။

“လက်ရှိ ထုတ်လုပ်မှု ခွဲဝေရေး သဘောတူညီချက်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ ပြဌာန်းချက်တွေဟာ လတ်တလော တွက်ခြေမကိုက်နိုင်တဲ့ လုပ်ကွက်တွေ၊ ရေနက်ပိုင်း လုပ်ကွက်တွေအတွက် စီးပွားရေးအရကြည့်ရင် အရမ်းကို တင်းကျပ်တယ်” ဟု ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝန်ဆောင်မှုအသင်း (MOGSS) ဥက္ကဋ္ဌ ဦး ကျော်ကျော်လှိုင်က ပြောသည်။

အခြား အဓိက အခက်အခဲများတွင် အစိုးရထံမှ ရေနံနှင့် သဘာဝတ်ဓာတ်ငွေ့ ရှာဖွေရေးဆိုင်ရာ အချက်အလက် ရရန် ခက်ခဲခြင်း၊ အဂတိလိုက်စားမှုနှင့် စီးပွားရေး လုပ်ငန်းများလုပ်ဆောင်ရန် လွယ်ကူမှု မရှိခြင်းတို့ ပါဝင်သည် ဟုလည်း သူက ဆက်ပြောသည်။

ကုန်ကျစရိတ်နည်းပါသည့် အခြေအနေတွင် စံ အပူချိန်နှင့် ဖိအားရှိ ဓာတ်ငွေ့ ကုဗပေ တထောင်လျှင် ၈ ဒေါ်လာနှုန်း ရှိသော ဓာတ်ငွေ့ ၁ ထရီလျှံ ကုဗပေရှိ ရေနက် လုပ်ကွက်တွင် အစိုးရ၏ ခံစားခွင့်မှာ ၉၃.၀၅ ရာခိုင်နှုန်းရှိသည်ဟု Wood Mackenzie က ၎င်းတို့၏ ဘဏ္ဍာရေးစံနှုန်းများအရ တိုင်းတာသော လေ့လာမှု အရ သိရသည်။ စံအပူချိန်နှင့် ဖိအားရှိ သဘာဝဓာတ်ငွေ့ ကုဗပေ ၁၀၀၀ လျှင် ၆ ဒေါ်လာ တန်ကြေးရှိ တန်ဖိုးနည်း အခြေအနေတွင် ရှိသော ဓာတ်ငွေ့ ၅၀၀ ဘီလျှံကုဗပေရှိ ရေတိမ် လုပ်ကွက်အတွက် အစိုးရ၏ ခံစားခွင့်မှာ ၈၇.၂ ရာခိုင်နှုန်းဖြစ်သည်။

ထုတ်လုပ်မှုခွဲဝေရေး သဘောတူစာချုပ် ချုပ်ဆိုထားသော ပြည်တွင်းနှင့် ပြည်ပမှ လုပ်ငန်များအားလုံးသည် ဝင်ငွေခွန် ဥပဒေအရ အမြတ်ငွေ၏ ၂၅ ရာခိုင်နှုန်းကိုလည်း အခွန်ဆောင်ကြရသည်။ သြစတေးလျနိုင်ငံကမူ ၎င်းတို့၏ လုပ်ကွက်များမှ ရရှိသော ဝင်ငွေ၏ ထက်ဝက်မျှကိုသာ ယူသည်။

အစိုးရသည် စစ်အစိုးရခေတ်က ရေးဆွဲခဲ့သော ထုတ်လုပ်မှု ခွဲဝေရေး သဘောတူ စာချုပ်များ ပြန်လည် ပြင်ဆင်ရေးကို စီစဉ်နေသည်ဟု အာဏာပိုင်များက ယခုနှစ်အစောပိုင်းတွင် အတည်ပြုပြောကြားခဲ့ပြီး ပုဂ္ဂလိက ကဏ္ဍက ကြီးမားသော အပြောင်းအလဲများကို မျှော်လင့်နေကြသည်။

“ဒီလိုပြန်လည် ပြင်ဆင်တာကနေ ဘာဖြစ်လာမယ်ဆိုတာကို ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းက စိတ်အား ထက်သန်စွာ စောင့်ကြည့်နေတယ်။ အထူးသဖြင့် အခွန်တွေ၊ အခကြေးငွေတွေပေါ့။ ထုတ်လုပ်မှုကို တွန်းအား ပေးနိုင်စေမယ့် နည်းလမ်းအားဖြင့် အခွန်နှုန်းကို အစိုးရက ချိန်ညှိပေးမယ်လို့ မျှော်လင့်ပါတယ်” ဟု Myanmar Energy Monitor ၏ သုတေသန ဒါရိုက်တာ ဂျရမီ မူလင်း ကပြောသည်။

“ထုတ်လုပ်မှုခွဲဝေရေး သဘောတူစာချုပ်တွေဟာ လက်ရှိအခြေအနေကို ထင်ဟပ်နိုင်ဖို့ အရမ်းအရေးကြီးတယ်။ တချို့ လုပ်ကွက်တွေကို ခွဲထုတ်တာမျိုး၊ အစိုးရဆီက သတင်းအချက်အလက်ကို ပိုမိုအသုံးပြုနိုင်တာမျိုးလို အစိုးရရော၊ ပုဂ္ဂလိကပါ အကျိုးရှိမယ့် တခြားချိန်ညှိမှုတွေ လုပ်လို့လည်း ရသေးတယ်” ဟု သူက ဆက်ပြောသည်။

အစိုးရအတွက် အမြတ်ခွဲဝေမှု နှုန်းကို လျှော့ချခြင်း၊ သို့မဟုတ် မြင့်မားသော ကုန်ကျစရိတ် ပြန်လည်ရရှိနှုန်း မြှင့်ပေးရန် စဉ်းစားနိုင်ကြောင်း Wood Mackenzie မှ အထက်တန်း သုတေသီ အက်ဒရီယမ် ပို့ရှ်က ပြောသည်။

ရေနက် လုပ်ကွက်များသည် ရေတိမ်လုပ်ကွက်များထက် စရိတ်ပိုမို ကုန်ကျသောကြောင့် အစိုးရအနေဖြင့် ရေနက်ပိုင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး ဆိုင်ရာ ထုတ်လုပ်မှုခွဲဝေရေး သဘောတူ စာချုပ်များတွင် ပိုမိုကောင်းမွန်သော ပြဌာန်းချက်များ ပြုလုပ်ပေးသည့် နည်းလမ်း ရှိသည်ဟုလည်း သူက ရှင်းပြသည်။

ရေနံဈေးနှုန်း ပြန်တက်လာပြီး အလားအလာရှိသော ထုတ်လုပ်မှု ဖိအားတို့ကြောင့် ရေနံနှင့် သဘာ၀ ဓာတ်ငွေ့လုပ်ငန်းကြီးငယ်များသည် ကမ်းလွန်လုပ်ကွက်များ၏ အလားအလာကို ပြန်လည် အကဲဖြတ် လာကြရာ ထုတ်လုပ်မှုခွဲဝေရေး သဘောတူစာချုပ်များကို မှန်ကန်စွာနှင့် အချိန်မီ ပြန်လည်ရေးဆွဲခြင်းသည် အရေးပါသည်ဟု ဆိုရမည်။

“မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းမှာ ကြီးမားတဲ့အလားအလာတွေ ရှိနေတယ်။ အများအားဖြင့် ဘာမှ စူးစမ်း ရှာဖွေတာ မလုပ်ရသေးဘူး။ အခုထုတ်လုပ်တဲ့ အရင်က ရှာတွေ့ထားတာတွေက ထရီလျှံ ကုဗပေ များစွာ ရှိတယ်” ဟုလည်း ပို့ရှ်က ပြောသည်။

တခေတ်ဆန်းပြီလား

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနှင့် ထိုင်းနိုင်ငံစသည့် လက်ရှိ အဓိကဈေးကွက် ၂ ခုကို တင်ပို့နေသော မြန်မာနိုင်ငံ၏ တည်နေရာသည်လည်း သေနင်္ဂဗျူဟာ ကျသည်ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံ တိုးတက်မှုနှုန်းမှာ အလျှင်အမြန် မြင့်မားလာသောကြောင့် လက်ရှိဓာတ်ငွေ့ထုတ်လုပ်မှုသည် ၂၀၂၀ နောက်ပိုင်း ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည် မဟုတ်ပေ။

အရှေ့တောင်အာရှဒေသသည် စုစုပေါင်း ရေနံစိမ်း ပေပါ ၄ ဘီလျံ ထုတ်လုပ်နိုင်မည့် ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ လုပ်ကွက် ၅၀ ကို ခွင့်ပြုမည်ဟု ခန့်မှန်းပြီး ၂၀၂၀ အထိ ဒေါ်လာ ၂၈ ဘီလျံ ရင်းနှီးမြှုပ်နှံမှု လှိုင်းကို ကြုံတွေ့ရမည်ဟု Rystad Energy မှ သုတေသီများက ပြောသည်။

“၂၀၁၄ ခုနှစ်က ဈေးကျကာ စရိတ်ဖြတ်တောက်ခဲ့ရသော ရှာဖွေထုတ်လုပ်ရေး ကဏ္ဍသည် ပြန်လည် နာလန် ထူလာသောကြောင့် လာမည့်နှစ်တွင် ချမှတ်သည့် မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ၏ ရှာဖွေ ထုတ်လုပ်ရေး ကဏ္ဍတိုးတက်မှုအတွက် အရေးပါသည်” ဟု ထိပ်တန်း သုတေသနလုပ်ငန်း တခုဖြစ်သော GlobalData က မတ်လတွင် ရေးသားခဲ့သည်။

သို့သော် ရှင်းလင်းထိရောက်သော မူဝါဒရေးဆွဲခြင်းဆိုသည်မှာ တိုင်းပြည်၏ မခိုင်မာသော ဒီမိုကရေစီ အကူးအပြောင်းတွင် အပြောလွယ်သော်လည်း အလုပ်ခက်လှသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အပြတ်အသတ် အနိုင်ရသောကြောင့် မြင့်မားလာသော မျှော်လင့်ချက်များမှာ ရိုဟင်ဂျာ အကျပ်အတည်း၊ လွတ်လပ်စွာပြောဆိုခွင့်နှင့် လူမှုအခြေပြုအဖွဲ့များအား ဖြိုခွဲမှုများကြောင့် မှေးမှိန်လာနေခဲ့သည်။

(http://www.petroleum-economist.com ပါ Craig Guthrie ၏ Myanmar faces energy crossroads ကို ဆီလျော်အောင် ဘာသာပြန်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading