နိုင်ငံတောင်ပိုင်းဒေသက အရေးပါတဲ့ ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းကို အာဏာသိမ်းစစ်တပ် လက်လွှတ်ရပြီးနောက် စစ်တပ်အတွက် အဓိကဝင်ငွေရလမ်းတခုဖြစ်တဲ့ ထိုင်းနိုင်ငံသို့ပို့လွှတ်ရာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတလျှောက်က နယ်မြေတွေပါ ခြိမ်းခြောက်ခံနေရပြီဖြစ်ပါတယ်။
နှစ်စဉ်အမေရိကန်ဒေါ်လာသန်းရာချီဝင်ငွေရနေတဲ့ မုတ္တမကမ်းလွန်လုပ်ကွက် ရတနာ၊ ဇောတိက၊ ရဲတံခွန်စီမံကိန်းတို့က ထွက်ရှိတဲ့ သဘာဝ ဓာတ်ငွေ့တွေကို ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ-၄ နယ်မြေဖြစ်တဲ့ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ကနေ ထိုင်း-မြန်မာနယ်စပ် နတ်အိမ်တောင်စခန်းကတဆင့် ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်ထဲကို ပိုက်လိုင်းတွေနဲ့ ပို့လွှတ်ရောင်းချနေတာ ဖြစ်ပါတယ်။
စစ်တပ်အတွက်သာမက ထိုင်းနိုင်ငံရဲ့ လျှပ်စစ်လိုအပ်ချက်အတွက်ပါ အရေးပါတဲ့ဓာတ်ငွေ့ပိုက်လိုင်းနယ်မြေတွေကို KNU ဦးဆောင်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေက တဖြည်းဖြည်း နယ်မြေသိမ်းပိုက်ထိန်းချုပ်လာတာနဲ့အမျှ ပိုက်လိုင်း လုံခြုံရေး အတွက် စစ်တပ်ရဲ့ အာမခံနိုင်မှုအပေါ်မှာလည်း စိန်ခေါ်မှုတွေရှိလာနေပြီဖြစ်ပါတယ်။
KNU တပ်မဟာ-၄၊ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက “ ဓာတ်ငွေ့ပိုက်လိုင်းနဲ့ပတ်သက်ပြီး ပြောမယ် ဆိုရင် ဒီဧရိယာတဝိုက်က ကျနော်တို့ KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်မှာရှိတာပေါ့နော်၊ စစ်ကောင်စီက ပိုက်လိုင်းလုံခြုံရေးကိုလည်း ဘာမှမလုပ်ပေးနိုင်တော့ဘူး၊ KNU နဲ့ အခြားတော်လှန်ရေးအဖွဲ့အစည်းတွေပဲ ထိန်းချုပ်ထားတာ ဖြစ်တယ်”လို့ ဧရာဝတီကိုပြောပါတယ်။
ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာ နယ်မြေတွေအပါအဝင် ထားဝယ်ခရိုင်အရှေ့ခြမ်း ထိုင်း-မြန်မာနယ်စပ်တကြောက ထီးခီးနယ်စပ်ကုန် သွယ်ရေးစခန်း၊ ထီးထာဗျူဟာ၊ ဗောဓိစခန်း၊ ငရံ့နီစခန်း၊သုခစခန်းတို့ကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးတဲ့နောက် ဓာတ်ငွေပိုက်လိုင်းထိန်းချုပ်ရေးစခန်းဖြစ်တဲ့ နတ်အိမ်တောင်စခန်းတခုသာ ကျန်ရှိတော့တာပါ။
လက်ရှိမှာ နတ်အိမ်တောင်စခန်းကို KNLA ပူးပေါင်းတပ်တွေက လမ်းကြောင်းပိတ်ဆို့ထားပြီး စစ်ကူလာတဲ့ စစ်ကြောင်း တွေကိုလည်း ပိုက်လိုင်းအနီးလမ်းကြောင်းတလျှောက်မှာ ဖြတ်တောက်တိုက်ခိုက်လျက်ရှိပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်က နတ်အိမ်တောင်စခန်းကို စစ်ကူထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ရတနာဓာတ်ငွေ့ပိုက်လိုင်းနဲ့ ဇောတိကဓာတ်ငွေ့ပိုက်လိုင်းတို့ရဲ့ ဗားခလုတ် YDN BV2 နဲ့ ZBV2 တို့အနီး သုံးကီလိုမီတာခန့်အကွာ ရေဖြူမြို့နယ် ကော့လှိုင်ရွာအနီးမှာ KNLA ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ပွဲမှာ စစ်တပ်ဘက်က ၁၇ ဦးခန့်သေဆုံးပြီး ၇ ဦးထက်မနည်းဒဏ်ရာရခဲ့သလို ပူးပေါင်းတပ်ဘက်က ရဲဘော်အချို့ လည်း ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ကော်သူးလေတပ်တော်(KTLA)၊ ကြယ်လင်းရောင်(ဆာကပေါ) တပ်ရင်းက ဆိုပါတယ်။

ကြည်လင်းရောင်(ဆာကပေါ)တပ်ရင်း ပြောခွင့်ရှိသူ ရဲဘော်ကိုချမ်းက “ နတ်အိမ်တောင်စခန်းကို စစ်ကူပို့ချင်လို့ သူတို့က တိုးလာတာပါ၊ အဲဒါကို ကျနော်တို့မဟာမိတ်အဖွဲ့တွေက တိုက်တာပါ၊ နတ်အိမ်တောင်စခန်းကျရင် ဓာတ်ငွေ့ပိုက်လိုင်း နေရာကို သွားဖို့၊လာဖို့မလွယ်ကူတော့ဘူး၊ အဲဒါကြောင့် သူတို့အသည်းအသန်လုံးပမ်းနေကြတာ၊ ကျနော်တို့ မဟာမိတ်တပ်တွေရှိနေတဲ့နေရာကိုတော့ ရန်သူကတိုးလို့ မရသေးဘူး” လို့ ပြောပါတယ်။
အရေးပါတဲ့ နတ်အိမ်တောင်စခန်း လက်မလွှတ်ရရေးအတွက် ကလိန်အောင်အခြေစိုက် ခလရ- ၂၇၃၊ ခလရ-၂၈၂ ၊ ခမရ-၄၀၈၊ ခမရ-၄၀၉၊ ခမရ-၄၁၀ တပ်ရင်းတွေက ထုတ်နုတ်အင်အားတွေနဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပြီး မြေပြင်တိုက်ပွဲ တွေမှာ မောရဝတီ ရေတပ်စခန်းကနေ လက်နက်ကြီးပစ်ကူပေးတာတွေလည်းရှိတယ်လို့ သိရပါတယ်။
ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းဟာ စစ်အုပ်စုအတွက် ကြီးမားတဲ့နိုင်ငံခြားဝင်ငွေအရင်းအမြစ်ဖြစ်ပြီး ထိုင်းနိုင်ငံကို ပို့လွှတ်ရောင်းချနေတဲ့ ရတနာ၊ ဇောတိက၊ ရဲတံခွန် ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းတွေကနေလည်း နှစ်စဉ် အမေရိကန်ဒေါ်လာသန်းရာချီ ရရှိနေတာ ဖြစ်ပါတယ်။
မုတ္တမကမ်းလွန်မှာရှိတဲ့ ရတနာနဲ့ ဇောတိကသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတွေဟာ ကမ်းရိုးတန်း တိုင်းစစ်ဌာနချုပ် စတင်ဖွဲ့စည်းတဲ့ ၁၉၉၆ ခုနှစ်ဝန်းကျင်ကာလတွေကတည်းက စတင်ပို့လွှတ်နေတာဖြစ်ပြီး နေ့စဉ်ပျှမ်းမျှ သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၅၀၀ ကျော် ထိုင်းနိုင်ငံကို ပို့လွှတ်နေတာဖြစ်ပါတယ်။
စီမံကိန်းစတင်စဉ် Total လို စွမ်းအင်လုပ်ငန်းကြီးတွေက အဓိကရင်းနှီးမြှုပ်နှံပေမယ့် စစ်တပ်အာဏာသိမ်းမှုကြောင့် နုတ်ထွက်သွားတဲ့အခါ ရတနာနဲ့ ဇောတိကစီမံကိန်းမှာ ထိုင်းအစိုးရပိုင် PTTEP- PTT က အဓိကရင်းနှီးမြှုပ်နှံသူဖြစ်လာပြီး ရဲတံခွန် စီမံကိန်းမှာလည်း ထိုင်းအခြေစိုက် Northern Gulf Petroleum ကုမ္ပဏီကလုပ်ကိုင်နေတာ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် ပြည်သူအပေါ် ကြီးမားတဲ့စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်အုပ်စုအပေါ် ငွေကြေး အထောက်အပံ့ ပေးနေတဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ ပါဝင်နေကြတဲ့ PTTEP အပါအဝင် နိုင်ငံတကာကုမ္ပဏီတွေကို စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါအဖြစ် ဆက်လက်မပါဝင်ကြဖို့ Justic For Myanmar အပါအဝင် အရပ်ဖက်အဖွဲ့အစည်း များစွာက ဆက်တိုက်တောင်းဆိုနေပေမယ့် စစ်တပ်အနေနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကနေ ဝင်ငွေများစွာရရှိနေဆဲ ဖြစ်ပါတယ်။
PTTEP ဘက်ကလည်း မြန်မာနိုင်ငံကရရှိတဲ့ သဘာဝဓာတ်ငွေ့ဟာ ထိုင်းနိုင်ငံရဲ့ ဓာတ်အားပေးစက်ရုံ ၁၁ ရုံအတွက် ဓာတ်ငွေ့တွေရရှိနေသလို ထိုင်းနိုင်ငံလျှပ်စစ်လိုအပ်ချက် ၁၇ ရာခိုင်နှုန်းကိုဖြည့်ဆည်းပေးနေတဲ့အတွက် စီမံကိန်းရပ်ဖို့ မဖြစ်နိုင်ဘူးလို့ တုံ့ပြန်ပြောဆိုမှုတွေရှိခဲ့ပါတယ်။
ဒေါ်လာသန်းရာချီတန်ကြေးရှိပြီး ထိုင်းနိုင်ငံရဲ့အကျိုးစီးပွားနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ ရတနာနဲ့ ဇောတိက ဓာတ်ငွေ့ ပိုက်လိုင်းနယ်မြေတွေမှာ စစ်တပ်ရဲ့လုံခြုံရေးအာမခံနိုင်မှုအပေါ် စိန်ခေါ်မှုတွေရှိလာတာနဲ့အမျှ ထိုင်းဘက်ကလည်း စိုးရိမ်မှုတွေ ထုတ်ဖော်ပြသလာပါတယ်။
PTTEP လုပ်ကိုင်နေတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဝင်ငွေဟာ မြန်မာစစ်တပ်အတွက် အကျိုးဖြစ်ထွန်းနေတာကြောင့် ပိုက်လိုင်းကိုပိတ်ရန် သို့မဟုတ် ဖျက်ဆီးရန်စဉ်းစားနေကြောင်း KNU မှခွဲထွက်အဖွဲ့ဖြစ်တဲ့ ကော်သူးလေအာမီ(KTLA) ခေါင်းဆောင် ဗိုလ်မှူးချုပ်နယ်ဒါးမြပြောဆိုချက်ကိုကိုးကားပြီး ထိုင်းနိုင်ငံနဲ့စီးပွားရေးလုပ်ငန်းတွေအပေါ် သက်ရောက်မှု ရှိလာမှာကို စိုးရိမ်မှုတွေမြင့်တက်လာတယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနက ဩဂုတ် ၉ ရက်မှာ ဖော်ပြခဲ့ပါတယ်။
ဗိုလ်ချုပ်နယ်ဒါးမြရဲ့ ခြိမ်းခြောက်ပြောဆိုမှုနဲ့ပတ်သက်လို့ KNU နဲ့သက်ဆိုင်မှုမရှိကြောင်း မြေပြင်တပ်မှူးများက တုံ့ပြန်ခဲ့ကြပြီး ဓာတ်ငွေ့ပိုက်လိုင်းနယ်မြေတွေ ထိန်းချုပ်တာက ထိုင်းနိုင်ငံနဲ့ ပြည်သူတွေအပေါ် ခြိမ်းခြောက်မှု ရှိစေမှာ မဟုတ်ဘူးလို့လည်း KNU ကဆိုပါတယ်။
ပဒိုစောအယ်နားက “ ကျနော်တို့ထိန်းချုပ်မှုအောက်မှာရှိတယ်ဆိုရင် ထိုင်းနိုင်ငံအတွက် ခြိမ်းခြောက်မှုရှိတယ်ဆိုတာ မဟုတ်ပါဘူး၊ ပိုက်လိုင်းကြောင့်နစ်နာခဲ့ရတဲ့ ပြည်သူလူထုနဲ့ KNU အဖွဲ့အစည်းကို ကျနော်တို့က ရေရှည်တည်တံ့ခိုင်မြဲတဲ့ အကျိုးခံစားခွင့်သော်လည်းကောင်း၊ တခုခုတော့ KNU ဗဟိုကနေစဉ်းစားပြီးတော့ ပေါ်လစီကိုချမှတ်လိုက်မယ်၊ ဓာတ်ငွေ့ပိုက်လိုင်းရှိတဲ့ နတ်အိမ်တောင်စခန်းကို ကျနော်တို့ထိန်းချုပ်တဲ့အတွက်ကြောင့် ထိုင်းအကျိုးစီးပွားကို ထိခိုက်မှာ မဟုတ်ဘူး” လို့ ပြောပါတယ်။
ယခင်စစ်အစိုးရလက်ထက် ဖော်ဆောင်ခဲ့တဲ့ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွေကြောင့် ပိုက်လိုင်းဖြတ်သန်းရာတလျှောက်က ဒေသခံတိုင်းရင်းသားပြည်သူတွေဟာ စစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုတွေနဲ့အတူ မြေသိမ်းခံရတာတွေ၊ အဓမ္မ ရွှေ့ပြောင်း စေတာတွေ၊ အဓမ္မလုပ်အား ခိုင်းစေခံခဲ့ရတာစတဲ့ အမျိုးမျိုးသော ထိခိုက်နစ်နာမှုတွေကို ကြုံတွေ့ ခံစားခဲ့ကြရပါတယ်။

ရတနာဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတလျှောက် ကျေးရွာ ၂၅ ရွာက ဒေသခံတွေဟာ စီမံကိန်းဖော်ဆောင်နေတဲ့ကာလမှာ အဓမ္မ လုပ်အားပေးခိုင်းစေတာ၊ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရတာ၊ ညှဉ်းပန်းနှိပ်စက်ခံရတာ၊ သတ်ဖြတ်ခံရတာနဲ့ မြေသိမ်းခံရတာစတဲ့ လူ့အခွင့်အရေးမျိုးစုံ ချိုးဖောက်ခံရမှုတွေကြောင့် ဒုက္ခသည်တွေအဖြစ် အိမ်နီးချင်းထိုင်းနိုင်ငံဘက် ထွက်ပြေးခိုလှုံခဲ့ရပါတယ်။
၁၉၉၂ ခုနှစ်မှာ ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းကို ပြင်သစ်နိုင်ငံ Total ရေနံကုမ္ပဏီက မြန်မာစစ်အစိုးရနဲ့ စတင် စာချုပ် ချုပ်ဆိုခဲ့ပြီး ၁၉၉၃ ခုနှစ်မှာ Total ကုမ္ပဏီနဲ့ ပြိုင်ဖက်ဖြစ်တဲ့ အမေရိကန် ရေနံကုမ္ပဏီ Unocal ကလည်း စီမံကိန်းမှာ ပူးပေါင်းဖို့ စစ်အစိုးရနဲ့ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
၂၀၀၅ ခုနှစ်မှာတော့ ကမ္ဘာကျော်အမေရိကန်ရေနံကုမ္ပဏီ Chevron က စီမံကိန်းမှာမူလပါဝင်ခဲ့တဲ့ Unocal ကို ဝယ်ယူလိုက်ပြီး ပါဝင်လာတာဖြစ်ပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးနဲ့ သဘာဝ ပတ်ဝန်းကျင်အရေး အကာအကွယ်ပေးနေတဲ့ အဖွဲ့တခုဖြစ်တဲ့ ERI (Earth Rights International)က ကွင်းဆင်းသုတေသနတွေ ပြုလုပ်ကာ ၁၉၉၄ ခုနှစ်ကတည်းက စုဆောင်းထားတဲ့ သက်သေအချက်အလက်တွေနဲ့အတူ နစ်နာခဲ့ရတဲ့ ဒေသခံတွေကိုယ်စား အဲ့ဒီအချိန်က သဘာဝဓာတ်ငွေ့စီမံကိန်းမှာ အဓိကပါဝင်တဲ့ အမေရိကန်ကုမ္ပဏီတွေကို ၂၀၀၄ ခုနှစ်တလျောက်လုံး အမေရိကန်တရားရုံးမှာ Doe.v. Unocal အမှုအနေနဲ့ တရားစွဲခဲ့ပါတယ်။
တရားစွဲဆိုမှုနဲ့ ပတ်သက်လို့ ၂၀၀၅ ခုနှစ်မှာ ကြေအေးချက် လျော်ကြေးပေးဆောင်ရန် အမိန့်ချခဲ့ပေမယ့် တရားလိုတွေရဲ့ တောင်းဆိုချက် အနည်းငယ်ကိုသာ ဖြည့်ဆည်းပေးနိုင်ခဲ့တယ်လို့ ERI က ဆိုပါတယ်။
ဖိနှိပ်ရက်စက်မှုတွေနဲ့အတူ စစ်တပ်က နှစ်ပေါင်း ၃၀ ကျော် ကြီးစိုးထိန်းချုပ်ထားခဲ့တဲ့ ထားဝယ်ခရိုင်အရှေ့ခြမ်းဒေသကို ယနေ့မှာတော့ KNLA ဦးဆောင်တဲ့တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ နယ်မြေစိုးမိုးမှုတွေနဲ့အတူ ပြန်လည်သိမ်းပိုက်နိုင်ဖို့ လက်တကမ်းအလိုကို ရောက်ရှိနေပြီဖြစ်သလို ထိုင်းနိုင်ငံကို တင်ပို့ရောင်းချနေတဲ့ ဓာတ်ငွေ့ပိုက်လိုင်းတလျောက် အလုံးစုံ ထိန်းချုပ်နိုင်ဖို့ရာ မဝေးတော့တဲ့ အခြေအနေပဲ ဖြစ်ပါတယ်။
This article is supported by the Transition Promotion Programme, the Ministry of Foreign Affairs of the Czech Republic.
You may also like these stories:
နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်
KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု
ရေး-ထားဝယ်လမ်းပိုင်း ပြန်ထိန်းချုပ်ရန် စစ်ကောင်စီ ထိုးစစ်ဆင်
Chevron က ရှယ်ယာများကို စစ်ကောင်စီနှင့် ထိုင်း PTTEP သို့ လွှဲပေး














