တရုတ်နိုင်ငံတွင်း ဒေသတွင် အခြေခံအဆောက်အအုံ စီမံကိန်း၏ အစိတ်အပိုင်းအဖြစ် မြန်မာနိုင်ငံမှ စီးပွားရေးအချက်အခြာနေရာ ၂ ခု တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၏ မြို့တော် ကူမင်းတို့ကို ဆက်သွယ်မည့် တရုတ်-မြန်မာ မြန်နှုန်းမြင့် ရထားလမ်းအတွက် မြေပြင်လေ့လာမှု လုပ်ငန်းများ ဇန်နဝါရီလ ၆ ရက်နေ့က စတင်လိုက်သည်။
“ရထားလမ်းကြောင်း အတွက် ပူးတွဲအဖွဲ့တခုက ကွင်းဆင်း လေ့လာမှုတွေ စတင်နေပါပြီ” ဟု သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
နိုင်ငံပိုင်လုပ်ငန်းများဖြစ်သော တရုတ်မီးရထား အာယွန် အင်ဂျင်နီယာအုပ်စု (တရုတ်မီးရထားလုပ်ငန်းအုပ်စု) – CREEG နှင့် မြန်မာ့မီးရထားလုပ်ငန်းတို့သည် တရုတ်-မြန်မာ စီးပွားရေး စြင်္ကန် (CMEC) ၏ အစိတ်အပိုင်းအဖြစ် ဖြစ်နိုင်ခြေများကို လေ့လာရန် နားလည်မှု စာချွန်လွှာကို လွန်ခဲ့သော အောက်တိုဘာလက လက်မှတ်ရေးထိုးခဲ့သည်။ CMEC သည် တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးမားသော ရပ်ဝန်းတခု၊ လမ်းတခု အစီအစဉ် (BRI) ၏ အစိတ်အပိုင်းလည်းဖြစ်သည်။
မန္တလေး-မူဆယ် ရထားလမ်းစီမံကိန်းသည် ၄၃၁ ကီလိုမီတာ ( ၂၆၈ မိုင်) ရှည်လျှားပြီး ရှမ်းပြည်နယ်မှ လက်နက်ကိုင် ပဋိပက္ခဒေသများကို ဖြတ်သန်းရသည်။
“ရှမ်းပြည်နယ်ထဲက တချို့နေရာတွေမှာ လုံခြုံရေး စိုးရိမ်ရလို့ လေ့လာမှုတွေ မလုပ်နိုင်သေးဘူး” ဟု ဦးဝင်းခန့်ပြောသည်။
“အဲဒီနေရာတွေကိုလေ့လာဖို့ ပြည်နယ်ဝန်ကြီးတွေ၊ ပြည်ထဲရေး ဝန်ကြီးဌာန အရာရှိတွေနဲ့ ကျနော်တို့ဆွေးနွေးနေဆဲပဲ ရှိပါသေးတယ်” ဟု ဦးဝင်းခန့်ပြောသည်။
သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ လေ့လာမှုလုပ်ငန်းများကို ထိုရထားလမ်း၏ နောင်ချို-လားရှိုးလမ်းပိုင်းတွင် ဇန်နဝါရီလ ၆ ရက်နေ့မှ ဧပြီလ ၁၃ ရက်နေ့အထိ လုပ်ကိုင်မည်ဖြစ်ပြီး လားရှိုး-မူဆယ်လမ်းပိုင်းတွင် ဇန်နဝါရီလ ၁၅ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့အထိ လုပ်ကိုင်မည်ဟု သိရသည်။
ယူနန်ပြည်နယ်နှင့် နယ်စပ်မြန်မာနိုင်ငံဖက်မှ မူဆယ်သည် ၂ နိုင်ငံအကြား အကြီးမားဆုံးကုန်သွယ်ရေး အချက်အခြာဖြစ်သည်။ မန္တလေးသည် မြန်မာနိုင်ငံအလယ်ပိုင်း၏ စီးပွားရေး အချက်အခြာဖြစ်ပြီး နိုင်ငံတွင် ဒုတိယ အကြီးဆုံး မြို့လည်းဖြစ်သည်။ ထိုရထားလမ်းသည် တရုတ်မြန်မာကုန်သွယ်ရေးတွင် အသက်သွေးကြောဖြစ်လာမည်ဟု မျှော်လင့်ရသည်။
မူဆယ်-မန္တလေးရထားလမ်းသည် တရုတ်နိုင်ငံကတည်ဆောက်ရန် စီစဉ်နေသည့် ယူနန်ပြည်နယ် ရွှေလီမှ ရခိုင်ပြည်နယ် ကျောက်ဖြူအထိအဝေးပြေးလမ်းနှင့် အပြိုင်တည်ဆောက်မည့် သေနင်္ဂဗျူဟာရထားလမ်း၏ ကနဦးအဆင့်လည်းဖြစ်သည်။ ထိုအဝေးပြေးလမ်းသည် သီးခြားလမ်းတခုခွဲထွက်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့်လည်း ဆက်သွယ်မည်ဖြစ်သည်။
ရွှေလီမှ မူဆယ်ကို ဖြတ်သန်းပြီး ကျောက်ဖြူအထိ ရထားလမ်းတည်ဆောင်ရန် နားလည်မှုစာချွန်လွှာကို တရုတ်နှင့် မြန်မာအစိုးရများ ၂၀၁၁ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည်။ ရထားလမ်းတခုလုံးအနေဖြင့်ဆိုပါက အရှည် ကီလိုမီတာ ၈၁၀ ရှိမည်ဖြစ်သည်။ သို့သော် ထိုစဉ်က ဦးသိန်းစိန်အစိုးရသည် ဒေသခံများ၏ ပြင်းထန်သော ကန့်ကွက်မှုကြောင့် ထိုစီမံကိန်းကို ဆိုင်းငံ့ခဲ့ပြီး ထိုနားလည်မှုစာချွန်လွှာသည် ၂၀၁၄ ခုနှစ်တွင် သက်တမ်းကုန်ဆုံးသွားခဲ့သည်။
နားလည်မှု စာချွန်လွှာသစ်အရ CREEG သည် အဆိုပြုရထားလမ်း၏ သဘာဝပတ်ဝန်းကျင်နှင့်လူမှု ထိခိုက်မှုများကို လေ့လာမှုကုန်ကျစရိတ်များအားလုံးကို ကျခံရမည်ဖြစ်သည်။ သဘောတူညီချက်အရ လေ့လာမှုကာလ ၂ နှစ် သတ်မှတ်ထားသော်လည်း လေ့လာမှုသည် ၆ လမှ ၁ နှစ်အတွင်း ပြီးစီးရန်မျှော်လင့်သည်ဟု ဦးဝင်းခန့်ပြောသည်။
လက်ရှိအချိန်တွင် မန္တလေးနှင့်မူဆယ်ကို လားရှိုးမှတဆင့် ပြည်ထောင်စုလမ်းမကြီးဖြင့် ဆက်သွယ်ထားပြီး ခရီးကြာချိန် ၈ နာရီကျော်ရှိသည်။ အထက်ပါဝန်ကြီးဌာန၏ အဆိုအရ လျှပ်စစ်ရထားဖြင့် တနာရီလျှင် ကီလိုမီတာ ၁၆၀ ခန့်အထိမောင်းနှင်နိုင်သောကြောင့် ခရီးကြာချိန်မှာ ၃ နာရီခန့်အထိသာရှိသည်ဟု သိရသည်။ လမ်းကြောင်းတလျှောက်တွင် ကုန်တင်ဘူတာ ၇ ခုနှင့် ခရီးသည်ဘူတာ ၅ ခုတည်ဆောက်မည်ဟု ဝန်ကြီးဌာနက ခန့်မှန်းထားသည်။
တံတား၊ လှိုဏ်ခေါင်း အရေအတွက်နှင့် ဘူတာရုံနေရာ အတိအကျကို ပထမအဆင့် လေ့လာမှုအပြီးတွင် ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာမည်ဟု ဦးဝင်းခန့်ပြောသည်။
ထိုစီမံကိန်းကြောင့် မြန်မာနိုင်ငံသည် မပေးဆပ်နိုင်သော ကြွေးမြီပြဿနာဝန်ထုတ်ဝန်ပိုးဖြစ်စေပြီး စီမံကိန်းဒေသတွင် လက်နက်ကိုင် ပဋိပက္ခများပိုမိုဖြစ်ပွားမည်ဟု ကျွမ်းကျင်သူများကသတိပေးသော်လည်း သယ်ယူပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီး ဦးသန့်စင်မောင်က ထိုရထားလမ်းသည် ဦးစားပေးစီမံကိန်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ အမျိုးသားသယ်ယူပို့ဆောင်ရေး မဟာစီမံကိန်း၏ အစိတ်အပိုင်းဖြစ်ကြောင်းပြောသည်။
လတ်တလောတွင် မြန်မာနိုင်ငံသည် ဦးစားပေး သယ်ယူပို့ဆောင်ရေး စြင်္ကန် ၅ ခု အကောင်အထည်ဖေါ်နေသည်။ မူဆယ်-မန္တလေးရထားလမ်းသည် အာရှပိစိဖိတ်ဆိုင်ရာ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကော်မရှင်က အကောင်အထည်ဖေါ်နေသည့် စီမံကိန်းဖြစ်သည့် အာရှရထားလမ်းကွန်ရက် (TAR) ၏ အစိတ်အပိုင်းဖြစ်သော တောင်ပိုင်းသယ်ယူပို့ဆောင်ရေးစြင်္ကန်တွင်ပါဝင်သည်။
(အင်္ဂလိပ်ဘာသာဖြင့် Surveying Begins on Muse-Mandalay Railway တွင် ဖတ်ပါ။)