ပြင်သစ် စွမ်းအင်ကုမ္ပဏီ Total နှင့် သြစတြေးလျနိုင်ငံမှ Woodside Energy တို့က သူတို့၏ ပြည်တွင်းစီးပွားဖက်နှင့်အတူ ကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်းတခု အတွက် ဘဏ္ဍာရေးဆိုင်ရာစည်းကမ်းများကို မြန်မာအစိုးရနှင့် သဘောတူညီမှု ရရှိခဲ့သည်။
ဧရာဝတီတိုင်း အနောက်တောင်ဘက်ကမ်းရိုးတန်း အလွန် ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ကမ်းလွန်လုပ်ကွက်တခု ဖြစ်သော A-6 စီမံကိန်းက မြန်မာန်ိုင်ငံ၏ ပထမဆုံးသော ရေနက်သဘာဝဓာတ်ငွေ့ လုပ်ကွက် ဖြစ်လာလိမ့်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု အနေဖြင့် ဒေါ်လာ ဘီလီယံနှင့်ချီ၍ ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ရသည်။
အဆင့် ၂ ဆင့်ပါသည့် စီမံကိန်းတွင် ဓာတ်ငွေ့တွင်း ၁၀ တွင်း (ပထမအဆင့်တွင် ၆ တွင်းနှင့် ဒုတိယအဆင့်တွင် ၄ တွင်း) ကို အနက်မီတာ ၂၀၀၀ နှင့် ၂၃၀၀ မီတာ အတွင်းတွင် တူးဖော်မည်ဟု Woodside Energy က ပြောသည်။ ဓာတ်ငွေ့များကို Total က လက်ရှိလုပ်ကိုင်နေသည့် လုပ်ကွက်တခုသို့ ၂၄၀ ကီလိုမီတာရှည်သည့် ပိုက်လိုင်းတခုမှ တဆင့်ပို့ဆောင်မည်ဖြစ်သည်။ ထိုမှတဆင့် မြန်မာနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံများသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။
စီးပွားဖက် ၃ ဦးက အင်ဂျင်နီယာပိုင်းဆိုင်ရာ ဒီဇိုင်းရေးဆွဲသည့်အဆင့်ကို ပထမဆုံး စတင်လုပ်ဆောင်ရန် ရှိနေပြီး စီမံကိန်းနှင့် ပတ်သက်သည့် အသေးစိတ်များကို ၂၀၂၀ ခုနှစ် နှောင်းပိုင်းတွင် ဆုံးဖြတ်သွားမည် ဖြစ်သည်။
A-6 တွင် လုပ်ကိုင်ခွင့်ကို ပြည်တွင်း စီးပွားဖက်ဖြစ်သည့် ရန်ကုန်အခြေစိုက် MPRL E&P က ၂၀၀၇ ခုနှစ်တွင် ရရှိခဲ့ သည်။ သို့သော်လည်း ရေနက်ပိုင်းတွင် တူးဖော်ရေးအတွက် နည်းပညာနှင့် ကျွမ်းကျင်မှုများနှင့် အတူ စီးပွားဖက်များထံမှ အကူအညီ ရယူရန် ဆုံးဖြတ်ခဲ့သည်။ Woodside က ထိုစီမံကိန်းသို့ ၂၀၁၃ ခုနှစ်တွင် ပူးပေါင်းပါဝင်လာခဲ့ပြီး Total က ၂၀၁၅ ခုနှစ် တွင် ဝင်ရောက်လာခဲ့သည်။ နိုင်ငံခြား စီးပွားဖက်များက စီမံကိန်းတွင် ၄၀ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ထား၍ MPRL E&P က ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။
လိုအပ်မည့် ပစ္စည်းကိရိယာများ ရယူစုဆောင်းမှုများ စတင်စေလိမ့်မည်ဖြစ်သော အပြီးသတ် ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက် ချမှတ်သည့် အဆင့်သို့ သူတို့မရောက်ရှိသေးပါ။ သို့သော်လည်း Woodside ၏ အမှုဆောင် ဒုတိယ ဥက္ကဌ Meg O’Neill က ကြေညာချက်တစောင်တွင် ” သဘောတူညီချက်က မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ရေနက်အရင်းအမြစ်ရဲ့ ဝင်ငွေရရှိစေပါလိမ့်မယ်” ဟု ပြောသည်။ “အဲဒါက တိုင်းပြည်အတွက် များပြားတဲ့ ကာလရှည်ဝင်ငွေတခုကို ဖော်ဆောင်ပေးပါလိမ့်မယ်”ဟုလည်း ထပ်ပြောသည်။
စီမံကိန်းအတွက် ကုမ္ပဏီများနှင့် အစိုးရကြားတွင် ဆွေးနွေးညှိနှိုင်းမှုများ ကြာရှည်စွာ ပြုလုပ်ခဲ့ရပြီး နောက်ဆုံးတွင် အရေးကြီးသော လိုက်လျောမှုများပြုလုပ်ခြင်းဖြင့် ပြီးဆုံးခဲ့သည်။
စမ်းသပ်တူးဖော်မှုများပြုလုပ်ရာတွင် အပေါင်းလက္ခဏာဆောင်သည့် ရလဒ်များ ရရှိခဲ့ကြောင်း ကုမ္ပဏီ ၃ ခုက ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ကြေညာခဲ့သည်။ သို့သော်လည်း ကုမ္ပဏီများကို သူတို့၏ ရင်းနှီးမြှုပ်နှံမှု ပြန်လည်ရရှိခွင့်နှင့် ကျန်သည့် အကျိုးအမြတ်ကို အစိုးရနှင့် ခွဲဝေရယူမှု ပြုလုပ်နိုင်မည့် ထုတ်လုပ်ရေး ခွဲဝေမှု ကန်ထရိုက်စာချုပ်က ကြီးမားစွာ ရင်းနှီးမြှုပ်နှံရမည့် စွန့်စားရမှုများရှိသည့်တိုင် သူတို့အတွက် ပြန်လည်ရရှ်ိမှု အလွန်နည်းပါးနေသည်ဟု အချေအတင်ပြောဆိုရခြင်း များရှိခဲ့ပြီးနောက် သူတို့အတွက် ပိုမိုကြီးမားသည့် ရှယ်ယာရရှိရေးကို ကုမ္ပဏီများက တွန်းအားပေးလုပ်ဆောင်ခဲ့သည်။
မြန်မာနိုင်ငံမှ သမရိုးကျ ထုတ်လုပ်ရေး ခွဲဝေမှု ကန်ထရိုက်စာချုပ်များတွင် ထွက်ရှိသည့် သဘာဝဓာတ်ငွေ့၏ ၅၀ ရာခိုင်နှုန်း မှ ၇၀ ရာခိုင်နှုန်းအတွင်းကို ကုန်ကျစရိတ် ပြန်လည်ရရှိရေးအတွက် ထားရှိပြီး ထွက်ရှိမှု၏ ၁၂.၅ ရာခိုင်နှုန်း သို့မဟုတ် ၎င်းနှင့် ညီမျှသည့် ငွေကြေးကို အစိုးရသို့ မူပိုင်ခွင့်အဖြစ် ပေးရသည်။ ရေတိမ်တူးဖော်မှုများတွင် ကျန်ရှိသည့် အမြတ်မှ ၆၀ ရာ ခိုင်နှုန်းကို အစိုးရသို့ ခွဲဝေပေးရသည်။ ထို့ပြင် ကန်ထရိုက်စာချုပ်များတွင် ထွက်ရှ်ိသော ဓာတ်ငွေ့၏ ၂၅ ရာခိုင်နှုန်းအထိကို အစိုးရက ပြည်တွင်း စွမ်းအင်ထောက်ပံ့မှုအတွက် နိုင်ငံတကာ ဈေးနှုန်းထက် ၁၀ ရာခိုင်နှုန်းနည်းသည့် လျှော့ဈေးဖြင့် ဝယ်ယူခွင့်ရှိထားသည်။
ပြည်တွင်း စီးပွားရေးလုပ်ငန်း အုပ်စုဖြစ်သည့် Myint & Associates ကို တည်ထောင်သူ၏ သားဖြစ်ပြီး MPRL E&P ၏ country မန်နေဂျာအဖြစ် ဆောင်ရွက်နေသော ဦးစည်သူမိုးမြင့်က လျှို့ဝှက်ထားရမည့် ကဏ္ဍတခုကို ကိုးကား၍ သဘောတူညီချက်နှင့် ပတ်သက်၍ အသေးစိတ်ထောက် ဖော်ပြောဆိုရန် ငြင်းဆန်ခဲ့သည်။
သို့သော်လည်း ” အစောဆုံး ပထမဆုံးထွက်တဲ့ ဓာတ်ငွေ့တွေကို ပို့ပေးရေး အလဲအလှယ်အနေနဲ့ ပိုပြီး လက်ခံနိုင်လောက်စရာဖြစ်တဲ့ အခွန်ဆိုင်ရာ ကန်ထရိုက်စည်းကမ်းချက်တွေကို အစိုးရက ပေးခဲ့ပါတယ်။ ကျနော်တို့က လုပ်ကွက်မှာ (ရှာဖွေရေးအတွက်) အမြောက်အများ ရင်းနှီးမြှုပ်နှံခဲ့ပြီးပြီဆိုတာကို အသိအမှတ်ပြုတဲ့ အနေနဲ့ပါ ” ဟု သူက ပြောသည်။
ဆွေးနွေးမှုများတွင် အစိုးရက လိုက်လျောမှုများ ပြုလုပ်ပေးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အချိန်မရှိတော့သောကြောင့် ဖြစ်သည်။ A-6 နှင့် ပတ်သက်သည့် ညှိနှိုင်းဆွေးနွေးမှုများအတွင်းတွင် ထုတ်လုပ်မှုကို ၂၀၂၃ ခုနှစ်ကုန်ပိုင်းတွင် စတင်ရေးအတွက် ကုမ္ပဏီများက ကတိပြုရန် အစိုးရက ထပ်တလဲလဲ တောင်းဆိုခဲ့သည်။
တိုင်းပြည်က စစ်အုပ်ချုပ်ရေး အောက်တွင် ရှိနေခဲ့သည့် ၁၉၉၀ နှစ်များက စတင်၍ မြန်မာနိုင်ငံက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အကူအညီဖြင့် ကမ်းလွန်သဘာဝ ဓာတ်ငွေ့နယ်မြေ ၄ ခုကို ဖော်ထုတ်ခဲ့သည်။ ထွက်ရှိမှု၏ ၈၀ ရာခိုင်နှုန်းခန့်ကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပြီး တိုင်းပြည်ပို့ကုန်၏ ၂၀ ရာခိုင်နှုန်းခန့်ကို ဓာတ်ငွေ့မှ ရရှိကာ ပေါ်ထွန်းစ ကုန်ထုတ်လုပ်ရေး ကဏ္ဍအတွက် အထောက်အပံ့ ဖြစ်စေခဲ့သည်။
သို့သော်လည်း ၂၀၂၀ ခုနှစ်နောက်ပိုင်းတွင် လက်ရှိဓာတ်ငွေ့တွင်းများမှ ထွက်ရှိမှုက ကျဆင်းသွားမည်ဟု ခန့်မှန်းထား ပြီး ၂၀၂၅ ခုနှစ်တွင် လက်ရှိအဆင့်၏ ၆၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားရန် ရှိနေသည်။ ထိုအချိန်တွင် လျှပ်စစ်ဓာတ်အား သုံးစွဲမှုက မြင့်တက်လာသည်နှင့် အမျှ သဘာဝဓာတ်ငွေ့လိုအပ်ချက်က တိုးလာနေခဲ့သည်။
The Economic Research Institute for ASEAN and East Asia က “၂၀၂၃ ခုနှစ် ဝန်းကျင်တွင် မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ ရှင်းတမ်း၌ ထုတ်လုပ်မှုနှင့် လိုအပ်ချက်ကြားမှ ကွာဟချက် ပေါ်ထွက်လာမည်ဟု မျှော်လင့်ရသည် ” ဟု ၂၀၁၈ ခု နှစ် ဒီဇင်ဘာလတွင် ပြောကြားခဲ့သည်။ “ကုန်တွင်းနှင့် ကမ်းလွန်မှ အလားအလာရှိသည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ နယ်မြေများ ရှာဖွေဖော်ထုတ်မှု တိုးတက်ရေးအတွက် ထုတ်လုပ်ရေး ခွဲဝေမှု သဘောတူညီချက်တွင် ကန်ထရိုက်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို မလွဲမသွေ ပြန်လည်စိစစ်ရန် လိုအပ်လာနိုင်သည် ” ဟုလည်း သူတို့က ထပ်ပြောသည်။
“ဒါက စိန်ခေါ်မှုရှိတဲ့ ဖက်စပ်လုပ်ငန်း ဆိုတာကို သဘောပေါက်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီက အစိုးရရဲ့ ဆန္ဒနဲ့ အညီ ပထမဆုံးဓာတ်ငွေ့ထုတ်လုပ်မှုကို အစောဆုံး စတင်နိုင်ဖို့ ဖြစ်နိုင်တာ အားလုံးကို ဆောင်ရွက်ဖို့ ကတိပြုထားပါတယ် ” ဟု ဦးစည်သူ မိုးမြင့်က ပြောသည်။
A-6 က ရှိနှင့်ပြီး လုပ်ကွက်များကို လွှမ်းမိုးနိုင်မည် မဟုတ်သော်လည်း သဘာဝဓာတ်ငွေ့ ကုဗပေ၂ ထရီလီယံ မှ ၃ ထရီလီယံအတွင်း ရှိနေသည်ဟု ခန့်မှန်းရသည်။ နေ့စဉ် ထွက်ရှိမှုက ကုဗပေ သန်း ၄၀၀ ရှိလိမ့်မည်ဟုလည်း ခန့်မှန်းထားသည်။ ထိုပမာဏလက်ရှိ နေ့စဉ် ထုတ်လုပ်မှု၏ ၂၀ ရာခိုင်နှုန်းထက် များပါသည်။
အမေရိကန်၏ ထုတ်လုပ်မှုတိုးလာခြင်းကြောင့် ကမာ္ဘ့ သဘာဝဓာတ်ငွေ့ ဈေးကွက်က လှုပ်ခတ်နေခဲ့သည်။ “အမေရိကန် ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှုကနေ ပြန်လည်ရရှိငွေအပေါ် ပိုပြီး သတိထားလာပြီးတဲ့နောက်ပိုင်း LNG (သဘာဝ ဓာတ်ငွေ့ရည်) ဈေးနှုန်းတွေ ကျဆင်းလာခဲ့ပါတယ်” ဟု Japan Oil, Gas and Metals National Corp မှ လေ့လာဆန်းစစ်သူ တဦးဖြစ်သည့် Tatsuya Shoji က Nikkei Asian Review သို့ပြောသည်။
အရှေ့တောင် အာရှတွင် ဝယ်လိုအားက တိုးတက်နေခဲ့သည်။ ဈေးကွက်ပတ်ဝန်းကျင်က မိမိပိုင်နက်အတွင်း သဘာဝအရင်းအမြစ်များကို မိမိသာ အခိုင်အမာ ထိန်းချုပ်လိုသော ဝါဒကို သည်းခံမည် မဟုတ်တော့ပါ။ မြန်မာကဲ့သို့သော မဖွံ့ဖြိုးသေးသည့်နိုင်ငံများသည် တိုးတက်သည့် စီးပွားရေးများမှ ကုမ္ပဏီများက ပိုင်ဆိုင်သော နည်းပညာကို မှီခိုနေကြရသည်။
မြန်မာနိုင်ငံက ကမ်းလွန် လုပ်ကွက် ၁၅ ခုနှင့် ကုန်းတွင်းလုပ်ကွက် ၁၈ ခုအတွက် နိုင်ငံတကာမှ အဆိုပြုချက်ခေါ်ယူမှုများ မကြာမီ လုပ်ဆောင်သွားရန် စီစဉ်ထားသည်။ A-6 အတွက် အစိုးရသည် အလားအလာရှိသော အဆိုပြုသူများ ပါဝင်လာရေး မက်လုံးတခုပေးခြင်းအားဖြင့် ဆွေးနွေးညှိနှိုင်းရန် အသင့်ရှိနေကြောင်း ဖော်ပြနေသည်။
လုပ်ကွက်အသစ်မှ ထွက်ရှိလာမည့် သဘာဝဓာတ်ငွေ့ကို ပြည်တွင်း စွမ်းအင်ပြတ်လပ်မှုကို ဖြည့်ဆည်းရေးအတွက် အသုံးပြုမည်လား သို့မဟုတ် ကုန်သွယ်ရေး လိုငွေပြမှုကို လျှော့ချပေးမည့် ပို့ကုန်အတွက် ဖြစ်မည်လားဆိုသည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။ ပြည်တွင်းသုံးစွဲမှုကို ဦးစားပေးသင့်ကြောင်း အစိုးရအတွင်းမှ အများအပြားက ပြောဆိုနေကြသော်လည်း စီးပွားရေး အကျိုးအမြတ် အတွက်လည်း ဖြစ်နိုင်ပါသေးသည်။
(Nikkei Asian Review တွင်ပါရှိသော Total and Woodside ink deal with Myanmar for offshore gas project ကို ဘာသာပြန်ဆိုသည်။ )
You may also like these stories:
နိုင်ငံတကာစံနှုန်းနှင့် အညီဖြစ်စေမည့် ကုန်သွယ်မှု ဥပဒေသစ် ရေးဆွဲ နေ
မြဝတီဒေသဖွံ့ဖြိုးရေး ထိုင်းက ဘတ်၇၇၇သန်းချေး
အိန္ဒိယ၏ ပဲအဝယ် မတည်ငြိမ်မှု မြန်မာ စိုးရိမ်