မန္တလေးမြို့၏ ရိုးရာယဉ်ကျေးမှု ပန်းတမော့ ကျောက်ဆစ်လုပ်ငန်းမှာ စကျင်ကျောက် ကုန်ကြမ်းရရှိရန် ခက်ခဲလာသဖြင့် လုပ်ငန်းတချို့ ရပ်နားထားရကြောင်း ကျောက်ဆစ်လုပ်ငန်းရှင် အသိုင်းအဝိုင်းမှ သိရသည်။
မတ္တရာမြို့နယ်၊ စကျင်ဒေသတွင် ကျောက်ထွက်ရှိသည့် တောင် ၉ လုံးထိရှိပြီး ယင်းတောင်များအနက် ဧက ၇၀၀ ခန့်ကို PP Marble ကုမ္ပဏီ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် MEC ကုမ္ပဏီများအပါအဝင် ကုမ္ပဏီ ၅ ခုခန့်ကသာ စက်ယန္တ ရားများ ဖြင့် ကျောက်ကောင်းများကို ထုတ်ယူခွင့်ရထားကြသည့် တပိုင်တနိုင် လုပ်ငန်း အသေးများကို ပြီးခဲ့သည့် အောက်တိုဘာ မှစ၍ သက်တမ်းတိုးခွင့်၊ ကျောက်ထုတ်ခွင့် မပြုတော့ကြောင်း လုပ်ကိုင်သူ များထံက သိရသည်။
စကျင်ဒေသမှ လုပ်ငန်းရှင်တဦးက “အခုက တနေ့ရွှေ တနေ့ငွေ အခြေအနေမျိုးဆိုတော့ အလုပ်လုပ်ရတာ မလွယ်တော့ ဘူး၊ ဒေသခံတွေ ကျောက်ထုတ်ဖို့အတွက် သတ္ထုတွင်းဝန်ကြီးဌာနက လာပြီး စစ်ဆေးတာတွေတော့ လုပ်သွားပြီ။ အခုထိ တရားဝင်ခွင့်ပြုမိန့်တော့ မပေးသေးဘူး၊ ခွင့်ပြုမိန့် မပေးသေးတော့ ကျောက်ထုတ်နေတယ် ဆိုပေမယ့်လည်း အရင်လိုမျိုး တော့ မလုပ်ရဲကြသေးဘူးပေါ့။ တရားမဝင်သဘောမျိုး ထုတ်နေကြတာ” ဟု ပြောသည်။
စက်ယန္တရားများဖြင့် ထုတ်ယူနေသည့် ကုမ္ပဏီများက စကျင်ကျောက်များ ရောင်းချရာတွင် ၁ တန်လျင် ငွေကျပ် ၂၅ မှ သိန်း ၃၀ ဝန်းကျင်ပေါက်ဈေးရှိသဖြင့် ကျောက်ဆစ်လုပ်ငန်းရှင်အများစုက မဝယ်နိုင်ကြဘဲ ဒေသခံများထံမှ စကျင် ကျောက်ကိုသာ ဝယ်ယူ၍ အချောထည်များ ထုဆစ်ပြုလုပ်ကြကြောင်း သိရသည်။
အဆိုပါ စကျင်ကျောက် ကုန်ကြမ်းများကို ဝယ်ယူပြီး မန္တလေးမြို့နှင့် မတ္တရာမြို့၊ စကျင်ဒေသတို့တွင် ပန်းတမော့ ကျောက် ဆစ်လုပ်ငန်း အများဆုံးလုပ်ကိုင်လျက်ရှိကာ စကျင်ကျေးရွာရှိ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ ပန်းတမော့ ကျောက်ဆစ် လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြရာမှာ ယခုအခါ ၄၀ ရာခိုင်နှုန်း ခန့်အထိ လုပ်ငန်းများ ရပ်နားလာကြ ကြောင်း ဒေသခံများထံက သိရသည်။
စကျင်ဒေသခံ တဦးက “လက်ရှိဖြစ်နေတာက ဒေသခံတွေက လက်နဲ့တူးကြပြီး အညံ့စားတွေထဲက ကောင်းတာလေးတွေ ရှာပြီး လုပ်နေကြရတာကနေ နိုင်ငံရေးပယောဂတွေကြောင့် စကျင်ကျောက်ထုတ်တာတွေ ရပ်ခဲ့ကြရတာ၊ စကျင်တောင် တွေကနေ ကုမ္ပဏီတွေက စက်ယန္တရားတွေနဲ့ တူးတယ်၊ အဲဒီအတွက် စကျင်ကျောက် ကုန်ကြမ်း ရှားပါးလာတယ်” ဟု ပြောသည်။
ဒေသခံလုပ်ကွက်များတွင် အညံ့ကျောက်များသာ ထွက်ရှိပြီး ကျောက်ဆစ်လုပ်ငန်း လုပ်ကိုင်သူများမှာ ဈေးသက်သာသည့် အဆိုပါ အညံ့စား ကျောက်များကိုသာ အများဆုံး ဝယ်ယူ အသုံးပြုနေရကြောင်း၊ ပန်းတမော့ လုပ်ကိုင်သူများအနေဖြင့် အရည်အသွေးကောင်းသော ပထမတန်းစား စကျင်ကျောက်များကို သုံးခွင့်မရသည်မှာ ကြာပြီဖြစ်ကြောင်း ကျောက်ဆစ် လုပ်ငန်းရှင်တဦးက ဆိုသည်။

ကျောက်ဆစ် လုပ်ငန်းရှင်တဦးက “ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကျောက်ပြားတွေ ထုတ်မယ်ဆိုပြီးတော့ တပိုင်တနိုင် လုပ် ကွက်တွေ အကုန် နားပေးရတာ။ သူတို့ လိုချင်တာ ရနိုင်တဲ့နေရာ ရသွားတော့ ရွာသားတွေကို ထုတ်ခွင့်ပေးတယ်၊ အဲဒီလို ထုတ်ခွင့်ပေးတာကလည်း အရင်ကလိုမျိုး တော့ မဟုတ်ဘူးပေါ့၊ အရင်ကတည်းက ကုမ္ပဏီတွေက စကျင်ကျောက် ကောင်းတွေကို ရွေးပြီး စက်ကြီးတွေနဲ့ ထုတ်ခဲ့ကြတာကြောင့် ရွာသားတွေက ကျောက်ကောင်းမရတာ အတော်ကြာပြီ”ဟု ပြောသည်။
ထိုကုန်ကြမ်း အခက်အခဲများအပြင် ဒေသခံများအတွက် အလုပ်အကိုင်ရှားပါးလာခြင်းနှင့်၊ လုပ်ငန်းများအတွက်လည်း လျှပ်စစ်မီးမကြာခဏ ပြတ်တောက်ခြင်းကြောင့် အပိုသုံးစွဲရသည့် လောင်စာဆီဖိုး ကုန်ကျသည့်အတွက် အရင်းအနှီးများမှာ ပို၍ များလာကြောင်း လုပ်ငန်းရှင်တချို့က ဆိုသည်။
မန္တလေးမြို့ခံ ကျောက်ဆစ်လုပ်ငန်းရှင်တဦးကလည်း “လျှပ်စစ်မီးကတော့ တနိုင်ငံလုံးဖြစ်နေတာဆိုတော့ ထွေထွေထူးထူး ပြောစရာမရှိပါဘူး၊ တခုပဲ ကျနော်တို့ လက်ခံထားပြီးသား အလုပ်တွေ အချိန်မီ ပြီးအောင်လို့ အလုပ်သမားတွေကို အရန် သင့် စောင့်ပြီး မီးလာတဲ့အချိန် လုပ်၊ အရေးကြီးလာရင် မီးစက်နှိုးပေါ့၊ မီးစက်နှိုးရတော့ ကုန်ကျစရိတ် အပိုထွက်တော့ မကိုက်ကြတော့ဘဲ အရှုံးတွေ ရှိလာတယ်” ဟု ပြောသည်။
ပန်းတမော့ ကျောက်ဆစ်လုပ်ငန်း၏ အဓိက စကျင်ကျောက် ကုန်ကြမ်းကို မတ္တရာမြို့နယ်၊ စကျင်ဒေသရှိ ကံမတောင်၊ ရသေ့တောင်၊ ရွှေဆံတော်ရှင်တောင်၊ ကျောင်းတော်တောင်၊ ဂဲတောင်၊ မြိုင်တောင်၊ မိကျောင်းတောင်၊ ရေချမ်းတောင်၊ ဆီးဖြူတောင်တို့မှ ထုတ်ယူကြောင်း၊ ယင်းတောင် ၉ လုံးအနက် ရွှေဆံတော်ရှင်တောင်ကို သာသနာ့နယ်မြေ သတ်မှတ် ထားပြီး ကံမတောင်တွင် PP Marble ကုမ္ပဏီက ဧက ၁၃၀ ခန့်၊ ရသေ့တောင်တွင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် MEC ကုမ္ပဏီက ဧက ၄၀ ကျော်ခန့်ထိ စက်ယန္တရားများဖြင့် ထုတ်လုပ်နေဆဲဖြစ်ကာ ဂဲတောင်နှင့် မြိုင်တောင် ဧက ၆၀ ကျော် တွင် ဒေသခံများက တနိုင်တပိုင် လုပ်ကိုင်ကြကြောင်း ဒေသခံများထံမှ သိရသည်။
ထိုသို့ ဒေသတွင်း တပိုင်တနိုင် ကျောက်ထုတ်လုပ်ခွင့် ရရှိထားသူများကို ရပ်နားခိုင်းထားသော်လည်း လက်ရှိ အချိန်ထိ PP Marble ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက် MEC ကုမ္ပဏီများက စက်ယန္တရားများဖြင့် အသေးဆုံး ၇ ပေပတ် လည်မှ ၁၂ ပေ ပတ်လည် အရွယ်အစား အမျိုးမျိုးကို လေးထောင့်ပုံ ဖြတ်၍ ထုတ်လုပ်ကာ တရုတ်၊ ဗီယက်နမ်၊ ထိုင်း၊ သီရိ လင်္ကာ၊ ကမော္ဘဒီယားနိုင်ငံများနှင့် အနောက် ဥရောပနိုင်ငံအချို့အထိ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ယခုအခါ စကျင်ဒေသတွင် အရည်အသွေးကောင်းသည့် စကျင်ကျောက် ကုန်ကြမ်း ရှားပါးလာခြင်းသည် ပန်းတမော့ ကျောက်ဆစ်လုပ်ငန်းအတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်လာသလို ကုမ္ပဏီများက စက်ယန္တရားကြီးများဖြင့် စကျင် ကျောက်များ ထုတ်လုပ်နေခြင်းသည် နောင်အနာဂတ် မျိုးဆက်လက်ထက်အထိ စကျင်ကျောက်တောင်ကြီးများ ဆက် လက်ရှိနေရန် မသေချာတော့ကြောင်း သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးအဖွဲ့များက ပြောသည်။
မန္တလေးမြို့ခံ သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူတဦးက “လက်ရှိ ထုလုပ်နေတဲ့ ရုပ်တုတွေ၊ ကျောက်ပြားတွေ ရနိုင်တဲ့ စကျင်ကျောက်အမျိုးအစားဖြစ်ဖို့ဆိုတာက နှစ်ပေါင်း သန်း ၆၀ ကျော် သက်တမ်းကြာမြင့်ပြီးမှ ဖြစ်ပေါ်လာတဲ့ ကျောက်မျိုးမှ ရနိုင်တာမျိုးပေါ့၊ စကျင်ကျောက်ရဲ့ သဘောသဘာဝက အဲဒီလိုမျိုး ရှိနေတာကို အခုလို စက်ယန္တရာကြီးတွေနဲ့ ထုတ်ပြီး သုံးစွဲနေတယ်ဆိုရင် သဘာဝသယံဇာတအရင်းအမြစ်တွေက တဖြည်းဖြည်း ပြုန်းတီး ပျောက်ကွယ်သွားမှာပဲ၊ နောက်ပြီး မြန်မာ့ရိုးရာလက်မှုပညာရပ် မိရိုးဖလာလုပ်ငန်းဖြစ်တဲ့ ပန်းတမော့ ကျောက်ဆစ် လုပ်ငန်းပါ အခြားပန်းပညာရပ်တွေလို ပျောက်ကွယ်သွားနိုင်တယ်” ဟု ပြောသည်။
စကျင်ဒေသမှ ထွက်ရှိသော စကျင်ကျောက်များဖြင့် ပြည်တွင်း၌သာမက အိမ်နီးချင်း ပြည်ပနိုင်ငံများအတွက်လည်း ကိုးကွယ်ရာ ဘာသာအလိုက် ဆင်းတုရုပ်ပွားတော်များ၊ ရုပ်လုံးရုပ်ကြွများ၊ သိမ်တိုင်၊ ကမ္ဗည်းတိုင်၊ ကျောက်စာတိုင်များ၊ အလှဆင် ပန်းပုရုပ်များ၊ ကျောက်ပြားများ အစရှိသည့် မြန်မာ့ပန်းဆယ်မျိုးဝင် ပန်းတမော့ကျောက်ဆစ်လုပ်ငန်းကို ရှေးနှစ်ပေါင်းများစွာကပင် လုပ်ကိုင်ခဲ့ကြကြောင်း သိရသည်။
You may also like these stories:
မီးပျက်ချိန် များသဖြင့် မန္တလေးရှိ အသေးစားလုပ်ငန်းအချို့ ရပ်နား
လျှပ်စစ်မီး မကြာခဏပျက်သဖြင့် မန္တလေးစက်မှုလုပ်ငန်းများ လည်ပတ်ရန် ခက်လာ