စစ်ကောင်စီ အလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်းမှ နိုဝင်ဘာ ၂၅ ရက်က နေပြည်တော် ခြောက်လပတ် အစည်း အဝေး၌ အနည်းဆုံး လုပ်ခလစာ တိုးမြှင့်ပေးရေး စီစဉ်နေကြောင်း ပြောဆိုမှုအပေါ် အလုပ်သမားများက အယုံအကြည် မရှိဟု သိရသည်။
လတ်တလောတွင် ကမ္ဘာကျော် Adidas ဖိနပ်များ ချုပ်လုပ်ပေးနေသည့် ရန်ကုန်ုတိုင်း ရွှေပြည်သာမြို့နယ်ရှိ မြန်မာ ပေါင်ချိန်ဖိနပ်စက်ရုံ၌ အနိမ့်ဆုံး လစာနှုန်းထား တိုးပေးရန် ဆန္ဒပြတောင်းဆိုသော အလုပ်သမား ၂၀၀၀ ကျော်အနက် ၂၆ ဦးမှာ အလုပ်ထုတ်ခံထားရသည်။
အထည်ချုပ်လုပ်သား တဦးက “လုပ်ခလစာ တိုးပေးဖို့ မပြောနဲ့ တောင်းဆိုမှုလုပ်တဲ့ အချိန်မှာတောင် အလုပ်သမား တွေကို အလုပ်ရပ်နားလိုက်ပြီး အလုပ်ပြန်ဝင်ဖို့ ဌာနဆိုင်ရာတွေနဲ့ ဆွေးနွေးတိုင်ပင်နေတာတောင်မှ ဘာမှ တုတ် တုတ်မလှုပ်သေးတာ လစာတိုးဖို့ ကိစ္စကတော့ ထိရောက်မှု မရှိနိုင်ဘူးလို့ ထင်တာပဲ” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိ အလုပ်သမားများ ရရှိနေသည့် လုပ်ခလစာမှာ ၁ ရက်လျှင် ၄,၈၀၀ ကျပ် ဖြစ်ပြီး အဆမတန်မြင့်လာသည့် ကုန်ဈေးနှုန်းကြောင့် စားဝတ်နေရေး အဆင်မပြေသည့်အတွက် အနည်းဆုံး ၇,၅၀၀ ကျပ်မှ ၈,၀၀၀ ကျပ်ကြား တိုးပေးရန် အလုပ်သမားများက တောင်းဆိုနေကြခြင်း ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုများ ပိုမိုဆိုးလာသည့်အပြင် လုပ်ခလစာ မတိုးသော်လည်း လူသုံးကုန်၊ စားသောက်ကုန်မှစ၍ အခြေခံအိမ်သုံးဆေးပါမကျန် အဆမတန်မြင့်လာနေပြီး ငှားရမ်းနေထိုင်သည့် အဆောင်ခများမှာ ကျပ် ၆ သောင်းမှ ၈ သောင်းထိ တက်လာသဖြင့် အာဏာရှင် လက်အောက်၌ပင် အရဲစွန့်ပြီး တောင်းဆိုရခြင်း ဖြစ်ကြောင်း အလုပ် သမားများက ဆိုသည်။
အထည်ချုပ် လုပ်သားတဦးက “အခုရနေတဲ့ လစာက မလောက်ငတဲ့အပြင် အကြွေးတောင် တင်နေသေးတယ်။ မိသားစု ထောက်ပံ့ဖို့ နေနေသာသာ တနေ့လုံး ပင်ပင်ပန်းပန်းလုပ်ပြီး တနေ့စာ စားဖို့အတွက် မလောက်ငဘူး။ ။ လုပ်ငန်းရှင်ကတော့ သူတို့ဘက်က ပြောမှာပဲ။ အလုပ်သမား ဖြစ်မှ ကိုယ်ချင်းစာတတ်မယ်” ဟု ပြောသည်။
ယင်း အခြေအနေမျိုးတွင် စစ်ကောင်စီက လုပ်ခလစာနှုန်းထားပြောင်းလဲရန် စီစဉ်နေသည်ဟု လေသံပစ်ခဲ့ခြင်း ဖြစ်ပြီး မည်သည့်အချိန်၌ မည်သို့ ပြောင်းလဲမည်ဆိုသည့် အချက်များနှင့် ပတ်သက်၍မူ ဝန်ကြီးဦးပွင့်ဆန်းက အသေးစိတ် ရှင်းလင်းပြောဆို ခြင်း မရှိပါ။
ယင်းအပေါ် စီးပွားရေးလုပ်ငန်းရှင်တဦးကလည်း ပြည်တွင်းအခြေစိုက် လုပ်ငန်းများ အနေဖြင့် လက်ရှိ စီးပွားရေး အကျပ်အတည်းများ ဖြစ်ပေါ်နေချိန် တိုးပေးရန် မလွယ်ကူသည့်အပြင် ပြည်ပတင်ပို့သည့် လုပ်ငန်း အများစုမှာလည်း အော်ဒါကျဆင်းခြင်း အပါအဝင် ဝင်ငွေရရှိမှု နည်းပါးနေခြင်းကြောင့် အခက်အခဲများ ရှိနေကြောင်း သုံးသပ်ပြော ဆိုသည်။
၎င်းက “လုပ်ငန်းတွေပေါ်မှာ မူတည်တယ်။ တချို့လုပ်ငန်းက မပေးနိုင်ဘူး။ ဝင်ငွေကျဆင်းတဲ့ အပိုင်းတွေရှိတဲ့ လုပ်ငန်း တွေဆိုရင် လုပ်ခလစာ ထပ်တိုးပေးဖို့ အခက်အခဲ ရှိတယ်။ ဝင်ငွေက ဒေါ်လာနဲ့ ဝင်နေတဲ့လုပ်ငန်း ဆိုရင်တော့ ညှိလို့ရ နိုင်တယ်။ ဆိုတော့ အားလုံးကို တပြေးညီ လုပ်ဖို့ကတော့ အခက်အခဲ ရှိနိုင်မယ်လို့ ထင်ပါတယ်။ တဖက်မှာလည်း စား သောက်ကုန်ဈေးနှုန်းတွေ တက်လာတာရှိတော့ ဝန်ထမ်းတွေအတွက် အခက်အခဲဖြစ်တော့ သူတို့လည်း ကျပ်တည်းမှု ရှိနေတာ။ ဒါတွေ ပြေလည်ဖို့ဆိုရင် အလုပ်အကိုင်ပေါလာမှပဲ အဆင်ပြေမယ်” ဟု ပြောသည်။
အနည်ဆုံး အခကြေးငွေနှုန်းထား ပြောင်းလဲသတ်မှတ်မှုသည် အစိုးရတရပ်ကသာ လုပ်ရမည်ဖြစ်ပြီး စစ်ကောင်စီမှာ တရားဝင်အစိုးရ မဟုတ်သည့်အတွက် လုပ်ပိုင်ခွင့် မရှိကြောင်း၊ စစ်ကောင်စီ အနေဖြင့် အမှန်တကယ် စေတနာရှိ သည်ဆိုပါက မြန်မာ့နိုင်ငံရေးလောကထဲမှ အပြီးအပိုင် ထွက်သွားရန်သာ လိုအပ်ကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ၏ လက်ထောက် အထွေထွေအတွင်းရေးမှူး မဖြိုးစန္ဒာစိုးက ဆိုသည်။
၎င်းက “သူတို့က မတရားသဖြင့် အာဏာသိမ်းထားလို့သာ စီးပွားရေးကျဆင်းမှု ဂယက်တွေ၊ ကုန်ဈေးနှုန်းကြီးမြင့်မှု တွေ လူမှုစီးပွားရေးတွေကို အလုပ်သမားတွေက ခံစားနေရတာ ဖြစ်တယ်။ တကယ့်ကို စစ်မှန်တဲ့ အလုပ်သမား၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးတွေကို လုပ်မယ်ဆိုရင် အကြမ်းဖက်စစ်တပ်က မြန်မာ့နိုင်ငံရေး လောကကနေ အပြီးအပိုင် ထွက်သွားဖို့သာ လိုတယ်။ တကယ် စေတနာရှိတယ်ဆိုရင် အဲဒီ စေတနာကို ပြသဖို့ မြန်မာနိုင်ငံရေးကဏ္ဍ ကနေ အပြီးအပိုင် ပျောက်သွားပေးပါလို့” ဟု ပြောသည်။
Adidas နှင့် Nike ကဲ့သို့သော အားကစားကုမ္ပဏီကြီးများမှ ကမ္ဘာဖလားအထိမ်းအမှတ် အင်္ကျီတထည်လျှင် အမေရိ ကန် ဒေါ်လာ ၈၀မှ ၁၅၀ အကြား ရောင်းချနေချိန် ယင်းအင်္ကျီများ ချုပ်လုပ်သည့် ရန်ကုန်မြို့မှ စက်ရုံဝန်ထမ်းများ၏ လစာမှာ တနေ့လျှင် ၄၈၀၀ကျပ်(အမေရိကန် ဒေါ်လာ ၂.၂၇)သာ ရရှိကြောင်း အမေရိကန်အခြေစိုက် The New York Times သတင်းစာကြီးလည်း ဝေဖန်ထောက်ပြခဲ့သည်။
“စစ်ကောင်စီက အလုပ်သမားအပေါ်မှာလည်း တကယ် စေတနာ မရှိပါဘူး။ ဟိုအရင် စစ်တပ်လက်အောက် မှာ တုန်းကလည်း အလုပ်သမားတွေ ဘယ်လိုနေခဲ့ရတယ်ဆိုတာ ကိုယ်ကိုယ်တိုင် အလုပ်သမား ဖြစ်တဲ့ အခါကျတော့ သိတယ်။ ဘယ်လောက်ဆိုးရွားတဲ့ လုပ်ငန်းခွင်ထဲမှာ လုပ်အားခ နည်းနည်းနဲ့ မသေရုံတမယ် စားဖို့အတွက်သာ လုပ်ခဲ့ရတဲ့ အနေအထားကို သိတယ်။ သူတို့က ဘယ်တုန်းကမှ ပြည်သူလူထုအပေါ်၊ အလုပ်သမား ထုအပေါ် စေတနာရှိခဲ့တဲ့လူတွေလည်း မဟုတ်ဘူး” ဟု မဖြိုးစန္ဒာစိုးက ဆိုသည်။
သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်က အနည်းဆုံး အခကြေးငွေဥပဒေကို ၂၀၁၃ ခုနှစ် မတ် ၂၂ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေများအား ၂၀၁၃ ခုနှစ် ဇူလိုင် ၂၂ ရက်၌ ပြဋ္ဌာန်းခဲ့ကာ ၂ နှစ် တကြိမ် သုံးသပ် ပြင်ဆင်ရမည် ဟု သတ်မှတ်ပြဋ္ဌာန်းထားသည်။
ထို့ကြောင့် အနည်းဆုံး အခကြေးငွေ နှုန်းထားကို ၂၀၁၅ စက်တင်ဘာ ၁ ရက်တွင် ပထမဦးဆုံးအကြိမ် သတ်မှတ်နိုင် ခဲ့ပြီး နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ ၁ နာရီလျှင် ၄၅၀ ကျပ်နှုန်းဖြင့် တနေ့ အလုပ်ချိန် ၈ နာရီအတွက် ကျပ် ၃,၆၀၀ နှုန်း သတ်မှတ်ထုတ်ပြန်ခဲ့သည်။
ထို့နောက် တရက်လျှင် ကျပ် ၄,၈၀၀ ဖြင့် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ပြင်ဆင်သတ်မှတ်ခဲ့ခြင်း ဖြစ်ကာ တတိယအကြိမ် နှုန်းထား ပြင်ဆင်မှုအား ၂၀၂၀ မေလတွင် ပြောင်းလဲရမည် ဖြစ်သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြင်ဆင် ရေးကို ယာယီရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။
အာဏာမသိမ်းခင်က ကုန်ဈေးနှုန်း အခြေအနေမှာပင် အလုပ်သမား ၁ ဦး၏ စားဝတ်နေရေးဆိုင်ရာ ကုန်ကျစရိတ်မှာ ပျမ်းမျှအားဖြင့် တနေ့တာလျှင် ကျပ် ၇,၀၀၀ မှ ၉,၀၀၀ ကြား ရှိကြောင်း အနိမ့်ဆုံးလုပ်ခလစာ နှုန်းထားသစ် ပြောင်းလဲ သတ်မှတ်နိုင်ရေးအတွက် ပြည်နယ်နှင့်တိုင်း အသီးသီးတွင် အလုပ်သမားအဖွဲ့များ ကောက်ယူထားသည့် စစ်တမ်း၌ ဖော်ပြထားသည်။
လက်ရှိ ရရှိနေသည့် မြန်မာနိုင်ငံ၏ အနိမ့်ဆုံး လုပ်ခလစာမှာ ၁ ရက်လျှင် ၂ ဒေါ်လာအောက် ရောက်ရှိနေချိန်တွင် အနီးဆုံး အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် ထိုင်းနိုင်ငံ၌ ၁၀ ဒေါ်လာနှင့်အထက် ရရှိနေသည်။
You may also like these stories:
Adidas ဖိနပ်စက်ရုံမှ အလုပ်ထုတ်ခံရသူများ နေပြည်တော်အထိ တက်၍ ဖြေရှင်းမည်
လုပ်ခတိုးရေး ဆန္ဒပြသည့် ခေါင်းဆောင်များ Adidas ဖိနပ်ချုပ်စက်ရုံက အလုပ်ထုတ်
ကမ္ဘာ့ဖလား ဂျာစီအင်္ကျီတွေ ဘယ်သူချုပ်သလဲ
အထည်ချုပ်လုပ်ငန်းများ နွေရာသီအပ်ထည် အမှာစာ လျော့ကျလာ