Google Chrome browser ရဲ့ နောက်ဆုံး beta ဗားရှင်း Chrome 70 မှာ စမတ်ဖုန်း အသုံးပြုသူတွေအတွက် အသုံးဝင်မယ့် စွမ်းဆောင်ရည်တခု ပါဝင်လာပြီ။
ဒါကတော့ Website developer တွေကို ဖုန်း (သို့မဟုတ်) ကွန်ပျူတာက လက်ဗွေရာ ဆန်ဆာနဲ့ Touch ID ဆန်ဆာတို့ကို ဝင်ရောက်အသုံးပြုခွင့် ပေးလိုက်ပြီး၊ website တွေကို အကောင့်နဲ့ဝင်ခါနီးမှာ လက်ဗွေရာဆန်ဆာနဲ့ လုံခြုံရေးတဆင့် ထပ်ခံလို့ရတော့မှာ ဖြစ်ပါတယ်။
Windows Hello လက်ဗွေရာဆန်ဆာ ပါဝင်တဲ့ Windows ကွန်ပျူတာတွေနဲ့ Touch ID ပါဝင်တဲ့ iOS မော်ဒယ် အဟောင်းတွေမှာကော ဒီစနစ်ကို အသုံးပြုလို့ရလာဖို့ ရှိလား ဆိုတာကိုတော့ Chrome က မပြောသွားခဲ့ပါဘူး။
အသစ် ထွက်ရှိမယ့် Chrome 70 မှာ လက်ဗွေရာဖတ်စနစ်အပြင် တခြား စိတ်ဝင်စားစရာ လုပ်ဆောင်ချက်တွေလည်း ပါဝင်လာပါတယ်။ ဒါတွေကတော့ Windows 10 မှာ Web Bluetooth support ရတော့မှာဖြစ်ပြီး၊ အနီးနားက Bluetooth စက်ပစ္စည်းတွေနဲ့ ချိတ်ဆက် လုပ်ဆောင်နိုင်စွမ်း ရှိလာမှာ ဖြစ်ပါတယ်။
နောက်ထပ် အသစ် ပါဝင်လာတာကတော့ မျက်နှာ၊ Barcode နဲ့ QR Code တွေ၊ ဓာတ်ပုံထဲက စာသားတွေကို ဖတ်နိုင်မယ့် Shape Detection API ပါ။
ဒါ့အပြင် Chrome ကို full-screen mode နဲ့ အသုံးပြုနေတုန်းမှာ အတည်ပြုစနစ်တွေ၊ ငွေပေးချေမှုစနစ်တွေစတဲ့ အချက်အလက်တွေ ပေါ်လာရင် full-screen mode ကနေ အလိုအလျောက် ထွက်သွားမယ့် လုပ်ဆောင်ချက်ကိုလည်း Chrome 70 beta မှာ ထည့်ပေးထားပါတယ်။
Ref: Engadget, The Verge