အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ကမ္ဘာကျော် ရက်ပ်အဆိုတော် နစ်ကီမီနာ့ဂျ် (Nicki Minaj )ဟာ Anaconda, Super Bass, Bang Bang အပါအဝင် သီချင်းကောင်းပေါင်းများစွာကို ပိုင်ဆိုင်ထားသူတဦးဖြစ်တဲ့အပြင် Billboard Music Award, MTV Video Music Award, People’s Choice Award စတဲ့ ဆုပေါင်းမြောက်မြားစွာ ကိုလည်း ရရှိထားသူဖြစ်ပါတယ်။
မေလ ၆ ရက်နေ့မှာ သူ့ကိုချစ်တဲ့ ပရိသတ်တွေအတွက် လူမှုကွန်ရက် မီဒီယာတခုဖြစ်တဲ့ တွစ်တာကနေ တဆင့် ပရဟိတဆန်ဆန် ငွေကြေးကူညီမှု ပြုလုပ်ဖို့စီစဉ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒါကတော့ ကျောင်းဘာသာရပ်အားလုံးမှာ “အေ” အဆင့်ရရှိကြောင်း အထောက်အထား ခိုင်ခိုင်လုံလုံ ပြနိုင်သူများကို ရွေးချယ်ပြီး ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ဒါကို “ဘယ်သူတွေ ပါဝင်ယှဉ်ပြိုင်ချင်ပါသလဲ” ဆိုပြီး သူ့ရဲ့ တွစ်တာအကောင့်မှာ ရေးသားခဲ့ပါတယ်။
သူ့ရဲ့ရေးသားမှုအပြီးမှာတော့ ကျောင်းဘာသာရပ်အားလုံးမှာ “အေ” အဆင့် ရရှိထားတဲ့ အထောက်အထား ပါဝင်သော ဓာတ်ပုံများနဲ့ ပါဝင်ယှဉ်ပြိုင်ကြသူများလည်း တွေ့ရသလို အပျော်အပျက်၊ လှောင်ပြောင် သရော်မှုများလည်း တွေ့ခဲ့ရပါတယ်။
နစ်ကီမီနာ့ဂျ်ဟာ ပါဝင်ယှဉ်ပြိုင်သူများထဲမှ အယောက် ၃၀ ရွေးချယ်ပေးခဲ့ပြီး ထောက်ပံ့မှုများ ပြုလုပ်ခဲ့ပါတယ်။
သူ့ရဲ့တွစ်တာစာမျက်နှာမှာလည်း “ဒါဟာ အင်မတန်မှ ပျော်ဖို့ကောင်းပါတယ်။ ကျွန်မ ဒီငွေပေးချေမူတွေကို မနက်ဖြန်မှာ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ပြီးရင် ကျမလက်ထဲမှာ ပိုက်ဆံပိုသေးလားဆိုတာ ပြန်စစ် လိုက်အုန်းမယ်။ ရှိသေးတယ်ဆိုရင်တော့ နောက် ၂ လအကြာမှာ အခုလိုမျိူး ပြန်ပြီး လုပ်ပေးဖို့လည်း ရည်ရွယ်ထားပါတယ်” ဆိုပြီး မေလ ၇ ရက်နေ့က ရေးသားခဲ့ပါတယ်။
နစ်ကီမီနာ့ဂျ်ဟာ တခါတရံမှာ သူ့ကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်သူတွေအပေါ် ပြန်လည် စောင်းမြောင်း သီဆိုတတ်သော်လည်း ယခု သူ့ရဲ့လုပ်ရပ်ကြောင့် စိတ်သဘောထား ကောင်းသူတဦးအဖြစ် ချီးကျူးခြင်းခံခဲ့ရပါတယ်။
မည်သို့ပင်ဆိုစေ နစ်ကီမီနာ့ဂျ်ဟာ အဆိုတော်တဦးဖြစ်ပေမယ့် ပညာရေးကို အားပေးတတ်သူတဦး ဖြစ်တယ်ဆိုတာကို သူ့ရဲ့တွစ်တာမှာ တင်ခဲ့တဲ့စာသားတွေကို ကြည့်ရင်သိနိုင်ပါတယ်။
Ref: hollywoodlife
ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။