Lifestyle

ဒီတပတ် ဖတ်စရာ

Want create site? Find Free WordPress Themes and plugins.

စာရေးသူ     – မောင်ကျော်ညွန့် (မြန်မာ့အလင်း သတင်းစာ အယ်ဒီတာ)

စာအုပ်အမည်         – ဝေဘူဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိနှင့်ကျင့်စဉ်

အမျိုးအစား         – ဘာသာရေး

ဆဋ္ဌသင်္ဂါယနာတင်ပွဲ အတွက် ရန်ကုန်ကြွလာချိန်မှာပရိတ်သတ်များလွန်းလို့ မိုးညှင်းဆရာတော်ကြီးက “ငါ တန်ခိုးကြီး လှပြီလားလို့ အောက်မေ့နေတာ လက်စသတ်တော့ မောင်ဝေဘူရဲ့ မီးဖိုချောင်လောက် ရှိပါသေးလား” လို့ ရယ်ရယ်မောမော မိန့်ကြားခဲ့ပါတယ်။

ဝေဘူဆရာတော်ကြီးဟာ ကျောင်းပေါ်က ပစ္စည်းခိုးတဲ့ လူကိုတောင် “ဟဲ့ ဒကာ…ဒီကဆင်း” လို့ အပြန် လမ်းပြတော်မူသေးတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။ ပစ္စည်းတွေ မကြာခဏ ပျောက်လို့ သူခိုးစောင့်ဖမ်းမယ့် တပည့်တွေကို တရားအားထုတ်ခြင်းကိုပဲ အာရုံစိုက်ကြဖို့ တွင်တွင် ဟောပြောခဲ့ပါတယ်။

ဒီစာအုပ်မှာ ဆရာတော်ကြီးနဲ့ ပတ်သက်လို့ ပထမပိုင်း (ထေရုပ္ပတ္တိ) နဲ့ ဒုတိယပိုင်း (ကျင့်စဉ်) ခွဲခြားထားပြီး ပထမပိုင်းမှာ ဆရာတော်ကြီး ဖွားမြင်တာကစလို့ သာသနာပြု ခရီးအလယ် ခန္ဓာဝန်ချအဆုံး ဖတ်ရှုနိုင်မှာ ဖြစ်ပြီး ဒုတိယပိုင်း မှာတော့ ၁၉၅၅ ခုနှစ်၊ ရန်ကုန်တက္ကသိုလ် ဓမ္မာရုံမှာ ရက်ဆက်ဟောကြားခဲ့တဲ့ တရားတော်တွေ၊ ဆရာတော်ကြီးရဲ့ ကျင့်စဉ်တွေ၊ တရားတော်များ ထဲက ကောက်နုတ်ချက်တွေ၊ ဝိပဿနာသြဝါဒတွေကို ဖတ်ရှု့ရမှာဖြစ်ပါတယ်။

“စာအုပ်ထဲပါတာတွေ မကျင့်ကြံ အားမထုတ်နိုင်ရင်လည်း စာအုပ်က စာအုပ်ပါပဲ ဗျ။ လက်တွေ့ ကျင့်ကြံ အားထုတ်မှသာ အကျိုးများမှာဗျ” လို့ မိန့်တော်မူပါတယ်။ စိတ်ကူးချိုချိုကတန်ဖိုး ၆၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

စာရေးသူ     – မောင်ခင်မင် (ဓနုဖြူ)

စာအုပ်အမည်         –  လက်တွေ့အတ္ထဗေဒနိဒါန်း

အမျိုးအစား         – ဘာသာဗေဒ

“ညဉ့်နက်ပြီ” လို့ပြောတဲ့စကားဟာ “အိပ်ချင်ပြီ”၊ “ဧည့်သည်ပြန်ဖို့ကောင်းပြီ” ၊ “မနက်စောစောထရမှာမို့ အိပ်တော့မယ်” ဆိုတဲ့ အနက်အဓိပ္ပါယ် အမျိုးမျိုး ဖြစ်ပေါ်နိုင်ပါတယ်။ လက်တွေ့အတ္ထဗေဒက ပြောသူက ဆိုလိုတဲ့ အနက်ကို စူးစမ်းလေ့လာပါတယ်။

ဒီစာအုပ်မှာ အခန်း ၁။ လက်တွေ့အတ္ထဗေဒ၏နယ်ပယ်၊ အခန်း ၂။ ပြောသူနာသူတို့၏အခန်းကဏ္ဍ၊ အခန်း ၃။ အတ္ထဗေဒမှ လက်တွေ့အတ္ထဗေဒသို့ ၊ အခန်း ၄။ လက်တွေ့အတ္ထဗေဒကိုဖွင့်ဆိုချက်များ၊ အခန်း ၅။ တိုက်ရိုက် အညွန်းစကား (ပုဂ္ဂိုလ်)၊ အခန်း ၆။ တိုက်ရိုက် အညွန်းစကား (နေရာအချိန်)၊ အခန်း ၇။ အညွန်းနှင့် ကောက်ချက်၊ အခန်း ၈။ အနက်ကြိုတင်သက်ရောက်မှု၊ အခန်း ၉။ အဆက်အစပ်၏ အခန်းကဏ္ဍ ၊ အခန်း ၁၀။ အချက်အလက် ဖွဲ့စည်းတည်ဆောက်ပုံ၊ အခန်း ၁၁။ ပြောသူနာသူအပေးအယူ ၁၊ အခန်း ၁၂။ ပြောသူနာသူ အပေးအယူ ၂ ၊ အခန်း ၁၃။ စကားလုပ်ဆောင်ချက်များ၊ အခန်း ၁၄။ စကားလုပ်ဆောင်ချက် အမျိုးအစား ၊ အခန်း ၁၅။ ယဉ်ကျေးချေငံမှု၊ အခန်း ၁၆။ နည်းပရိယာယ်များ၊ အခန်း၁၇။ ယဉ်ကျေးချေငံမှု ဆိုင်ရာနှင့် လမ်းညွန်များ ၊ အခန်း ၁၈။ စကားပြောစိစစ်မှု၊ ၁၉။ မျက်နှာသဘောတရား ၊ အခန်း ၂၀။ လက်တွေ့ အတ္ထဗေဒနှင့် ဝင်္ကဝုတ္တိသဘော၊ အခန်း ၂၁။ ဝင်္ကဝုတ္တိသဘောနှင့် အကောက်ယူမှုစတဲ့ လက်တွေ့ အတ္ထဗေဒ ပညာရပ်ရဲ့ နယ်ပယ်တွေကို ဖတ်ရှုလေ့လာနိုင်မှာ ဖြစ်ပါတယ်။

“ယနေ့ ကမ္ဘာ့ တက္ကသိုလ်များတွင် ပို့ချဆည်းပူးလျက်ရှိသော လက်တွေ့ အတ္ထဗေဒ နယ်ပယ်ထဲသို့ ခြေတလှမ်း ဝင်ကြည့်လိုသော ရည်ရွယ်ချက်ဖြင့်…တတ်စွမ်းသမျှ အားထုတ်ကြည့်ခြင်း ဖြစ်ပါသည်” လို့ ဆရာ မောင်ခင်မင် (ဓနုဖြူ) က ဆိုပါတယ်။ the key colloction က တန်ဖိုး၂၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

ဘာသာပြန်သူ         – စိုးအိမ်

စာအုပ်အမည်         –  ပေါကလီး သို့မဟုတ် အိပ်စ်ပရက်ရှင်းနစ် ခရီးသည်

အမျိုးအစား         – အနုပညာ

စာရွက်နဲ့ ဘောပင်တွေ့ရင်တောင် ခြေကျဉ်းခတ် တိုက်ပိတ်နေတဲ့ ထောင်ထဲမှာ ရင်တထိတ်ထိတ်နဲ့ ပြန် ဆိုခဲ့ ရတဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာ အိပ်စ်ပရက်ရှင်းနစ် ပန်းချီဆရာကြီး ပေါကလီးရဲ့ အကြောင်းကို အာရပ်ကလေး၊ မှောင်နက်မည်းမည်း သုံးနှစ်တာ၊ ထိန်းထိန်းကျောင်းကျောင်း ဘဝ၊ အထီးကျန် ပန်းချီဆရာ၊ ဘွန်းအာတုဖဲရ်၊ ပါရီနဲ့ ကုဗဝါဒ၊ အာဖရိက၊ စစ်ကြီး၊ ဖန်တီးမှုဖြောင့်ချက်၊ ဘောက်ဟောက်စ်၊ မျဉ်း၊ အလင်းအမှောင်၊ အထူအပါး၊ အရောင်၊ ကေကေဂေဇဲလ်ရှာ့ဖ်ထ်၊ ခရစ္စတယ်ပန်းချီ၊ ဘန်းသို့ အပြန်၊ တမန်တော်များ၊ သူတော်စင်များနှင့် မကောင်းဆိုးရွားများနှင့်  မကောင်းဆိုးရွားများ၊ နောက်ဆုံးနေ့များ၊ ဖန်တီးမှု၏ နှလုံးသား၊ သမားရိုးကျ မဟုတ်သော သူတော်စင် စတဲ့ အခန်းတွေမှာ ဖတ်ရှုရမှာ ဖြစ်ပါတယ်။

“စာတတန် ပေတဖွဲ့ ဖြစ်အောင် ကြိုးစားပေးခဲ့သော၊ စာမူထိန်းသိမ်းပေးခဲ့သော လင်းတည်ဦး၊ အေးကို ကဲ့သို့ သော အရင်းခံ မိတ်ဆွေများကိုတော့ ကျေးဇူးတင်ရသည်။ သူတို့က ကျနော့် စာများကို ကျနော့်ထက် ပို၍ အလေးထား ဆောင်ရွက်ခဲ့ကြသောကြောင့် ဖြစ်သည်” လို့ ဆရာစိုးအိမ်က အမှာစကား ပါးထားပါတယ်။ ဆန်းစသော်တာ စာအုပ်ထုတ်ဝေရေးက တန်ဖိုး ၂၅ြ၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

စာရေးသူ     – စံဝင်းမောင်၊ မင်းမျိုးနိုင်

စာအုပ်အမည်         – ဒေါမန်ဟုန် ဗမာပြည် ဒီမိုကရေစီတိုက်ပွဲ

အမျိုးအစား         – ဘာသာပြန်

စာရေးသူ ဘာတီးလ်လင့်တနာက “၁၉၈၈ ခုနှစ် မတ်လတွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ် ကြို့ကုန်း ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်ငယ်လေးတွင် ဖြစ်ပွားခဲ့သောရန်ပွဲ တပွဲသည် ခေတ်သစ်အာရှသမိုင်းတွင် အကြီးကျယ်ဆုံး သော ဒီမိုကရေစီအုံကြွမှု အရေးအခင်းကြီးကို စတင်မီးမွှေးပေးခဲ့သည်” လို့ ဆိုပါတယ်။

ဒီစာအုပ်မှာ ရန်ကုန်ကို ကိုင်လှုပ်သော ထို ၇ ရက်၊ ရွှေပြည်တော်၊ ကလေးများ၏ ဒေါသမာန်၊ သားသတ်သမား၊  ရုပ်သေး၊ နိုင်ငံတော် ငြိမ်/ပိ၊ နယ်စပ်ဒေသများ၊ မြန်မာပြည် ဘယ်ဆီသို့  စတဲ့ အခန်းအခန်း ၈ ခန်းနဲ့ နောက်ဆက်တွဲတွေ အဖြစ် ဖြစ်ရပ်များ ပြက္ခဒိန်၊ ၁၉၈၈ ခုနှစ် ဗမာပြည် ဒီမိုကရေစီ တိုက်ပွဲ ကာလ အတွင်း ထုတ်ဝေခဲ့သော သတင်းစာများကိုလည်း လေ့လာဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

“၁၉၈၈ ခုနှစ် ဗမာပြည် ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် အနစ်နာခံ အသက်စွန့်လွှတ်ခဲ့ကြသူများ၊ မိမိတို့၏ ယုံကြည်ချက်ကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ပြီး နယ်စပ်ဒေသများတွင် ကျဆုံးသွားသော ကျောင်းသားတော်လှန်ရေး တပ်ဦးမှ ရဲဘော်ကျောင်းသား များနှင့် အကျဉ်းထောင်များထဲတွင် နှစ်ကာလ ရှည်ကြာစွာ မိမိတို့၏ နုပျို သစ်လွင်သော ဘဝများကို ပေးဆပ်ခဲ့ရသော ကျောင်းသားများ အားလုံးအတွက် ဤစာအုပ်ကို ဂုဏ်ပြု ထုတ်ေ၀ လိုက်ပါသည်” လို့ လွင်ဦးစာပေက ဆိုပါတယ်။ လွင်ဦးစာပေက တန်ဖိုး ၅၀၀၀ ကျပ်နဲ့ ဖြန့်ချိထား ပါတယ်။      ။

Did you find apk for android? You can find new Free Android Games and apps.
Loading