ကမ္ဘာမှာ ကိုဗစ် ကာကွယ်ဆေးထိုးဖို့ ပထမဆုံး ခွင့်ပြုလိုက်တဲ့ ယူကေ
ယူကေမှာ Pfizer ဆေးဝါးကုမ္ပဏီနဲ့ ဂျာမန်ကုမ္ပဏီ BioNTech တို့ ပူးပေါင်း ထုတ်လုပ်မယ့် COVID-19 ကာကွယ်ဆေးကို အရေးပေါ်ဆေးဝါးအဖြစ် အသုံးပြုဖို့ ခွင့်ပြုလိုက်ပြီလို့ ကုမ္ပဏီဘက်ကနေ ကြေညာလိုက်ပါတယ်။ ဒါဟာ COVID-19 ကာကွယ်ဆေး ထိုးဖို့အတွက် ခွင့်ပြုပေးလိုက်တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာတာပါ။
MHRA ကနေ ဒီဇင်ဘာ ၂ ရက်မှာ အရေးပေါ် အသုံးပြုခွင့်ပေးလိုက်တဲ့ ကာကွယ်ဆေးကို နောက်အပတ်က စတင်ပြီး နိုင်ငံတွင်းမှာ ထိုးနှံမှုတွေ လုပ်ဆောင်တော့မယ်လို့ Health and Social Care ဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ အစီအစဉ်အရ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အသက်ရွယ် ကြီးရင့်သူတွေကို ဦးစားပေး ထိုးနှံပေးသွားမှာဖြစ်ပြီး အသေးစိတ်ကို မကြာခင် ထုတ်ပြန် ကြေညာမယ်လို့ ဆိုပါတယ်။
“ဒီကာကွယ်ဆေး အစီအစဉ် အောင်မြင်ဖို့အတွက်ဆိုရင် လူတိုင်းက သူ့နေရာနဲ့သူ ပူးပေါင်းပါဝင်ပေးဖို့ လိုပါတယ်။ ဗိုင်းရပ်စ် ကူးစက်မှုတွေကို အံတုနိုင်ဖို့အတွက် ကိုယ့်ဝန်းကျင်မှာ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာရဦးမှာဖြစ်သလို NHS ကလည်း အကောင်းဆုံး လုပ်ဆောင်ပေးသွားမယ်” လို့ Health and Social Care ဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
BioNTech ရဲ့ စီအီးအို Ugur Sahin ကလည်း ကာကွယ်ဆေး စမ်းသပ်မှု မဟုတ်ဘဲ ပထမဆုံးအကြိမ် တကယ့် အပြင်က ပြည်သူတွေကိုပါ ထိုးနှံပြီး COVID-19 ကာကွယ်ပေးနိုင်မယ့် အခြေအနေကို စောင့်ကြည့်ဖို့ အခွင့်ရေး ဖြစ်လာခဲ့ပြီလို့ ဆိုပါတယ်။
Pfizer နဲ့ BioNTech ပူးပေါင်းထုတ်လုပ်မယ့် COVID-19 ကာကွယ်ဆေးဟာ ၉၅ ရာခိုင်နှုန်း ထိရောက်မှုရှိပြီး ဘေးထွက်ဆိုးကျိုး ကင်းတယ်လို့ ထုတ်ပြန် ကြေညာထားတာပါ။ Pfizer ရဲ့ စီအီးအို Albert Bourla ကလည်း အရေးပေါ်အသုံးပြုခွင့် ပေးလိုက်တာဟာ COVID-19 တိုက်ဖျက်တဲ့ နေရာမှာ တကယ့်ကို သမိုင်းဝင် အဖြစ်အပျက်ပါပဲလို့ ဆိုပါတယ်။
ယူကေဟာ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တွေမှာ လူ သန်း ၂၀ ကျော်ကို ထိုးပေးနိုင်ဖို့ ကာကွယ်ဆေး သန်း ၄၀ ကို ဆေးဝါးထုတ်လုပ်မယ့် ကုမ္ပဏီတွေနဲ့ အရင်တည်းက သဘောတူညီမှု ရထားပြီးသားလည်း ဖြစ်ပါတယ်။ ကာကွယ်ဆေး ၁၀ သန်းကျော် ရရှိတော့မှာဖြစ်ပြီး ပထမသုတ်အနေနဲ့ ကာကွယ်ဆေး ၈၀၀,၀၀၀ မကြာမီ ရက်ပိုင်းအတွင်း ယူကေကို ရောက်ရှိလာတော့မှာပါ။
“အကူညီတွေက မကြာခင် ရောက်လာတော့မှာပါ။ ကာကွယ်ဆေး ထိုးပေးဖို့အတွက် ဆေးရုံ ၅၀ ကျော်ကို ပြင်ဆင်ထားပါတယ်” လို့ ကျန်းမာရေးဝန်ကြီး Matt Hancock က ဆိုပါတယ်။ ကာကွယ်ဆေးရပြီဆိုပေမယ့် ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းတွေကို ဖျက်သိမ်းလိုက်တာမျိုး မဟုတ်ဘဲ Social distancing ၊ နှာခေါင်းစည်း Mask တပ်တာမျိုးတွေနဲ့ ဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို တဦးတည်း သီးခြားခွဲနေတာမျိုးတွေက လုပ်နေရဦးမှာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
နောက်ထပ်လည်း ကမ္ဘာပေါ်မှာ ကူးစက်မှု အများဆုံးဖြစ်နေတဲ့ အမေရိကန် အပါအဝင် နိုင်ငံတချို့မှာ ကာကွယ် ဆေးတွေ ထိုးနှံပေးနိုင်ဖို့ ဒီနှစ်မကုန်ခင် ခွင့်ပြုသွားဖွယ် ရှိနေပါတယ်။
Ref: edition.cnn