ကိုဗစ်ကပ်ရောဂါ အန္တရာယ်ကို ထိန်းချုပ်ရန် အားထုတ်မှု တရပ်အနေဖြင့် မြန်မာ အပါအဝင် နိုင်ငံ ၃ နိုင်ငံမှ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများကို နိုင်ငံတွင်းတွင် ၂ နှစ်ကြာ နေထိုင်နိုင်မည့် မှတ်ပုံတင်ပြုလုပ်ပေးရေးကို ထိုင်း အစိုးရအဖွဲ့က ဒီဇင်ဘာလ ၂၉ ရက်နေ့ တွင် အတည်ပြုခဲ့ကြောင်း Bangkok Post သတင်းစာက ဖော်ပြသည်။
ဇန်နဝါရီ ၂၅ ရက်မှ ဖေဖော်ဝါရီ ၁၃ ရက်အထိ ပြုလုပ် ပေးမည့် အွန်လိုင်း မှ မှတ်ပုံတင်ခြင်းသည် ကမ္ဘောဒီးယား၊ လာအို နှင့် မြန်မာအလုပ်သမားများကို ၂ နှစ် သို့မဟုတ် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက် အထိ အလုပ်လုပ်ရန် ခွင့်ပြု ပေးလိမ့် မည်ဟု အစိုးရ၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ Traisuree Taisaranakul က ပြောသည်။
Covid-19 ဖြစ်ပွားမှုအသစ်များ နောက်တကြိမ် ဖြစ်ပွားလာမှုကို ဖြေရှင်းရန် ထိုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည် ဟု သူက ဆိုသည်။
အစိုးရ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ ကူးစက်မှုအသစ် ပေါ်ပေါက်ချိန်တွင် ရွှေ့ပြောင်းအလုပ်သမား အများ အပြား ကူးစက် ခံရသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ အန္တရာယ်များသော ဒေသများတွင် သူတို့ကို စမ်းသပ် စစ်ဆေးပေးရန် အစိုးရက ကြိုးစားခဲ့သည့် အချိန်တွင် တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများကို ငှားရမ်း ထားသော အလုပ်ရှင်များ ကအရေးယူခံရမည်ကို ကြောက်ရွံ့သဖြင့် အလုပ်သမားများကို အခြားဒေသများသို့ ပြောင်းရွှေ့ စေပြီး စွန့်ပစ် ထားခဲ့ကြသည်။
တရားစွဲဆိုခံရမည်ကို စိုးရိမ်သောကြောင့် တရားမဝင် ရွှေ့ပြောင်း အလုပ်သမား အများအပြား က သူတို့၏ သဘော ဆန္ဒ အလျောက် ထိုဒေသများမှ ထွက်ခွာ သွားခဲ့ကြသည်။ ထိုသို့ ပြုလုပ်ခြင်းက ရောဂါပျံ့နှံ့မှု ထိန်းချုပ်ရေး ကို ပိုမိုခက်ခဲစေခဲ့ သည်ဟု အစိုးရ၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ Traisuree Taisaranakul က ပြောသည်။
အသစ်ပြုလုပ်ပေးမည့် မှတ်ပုံတင်ခြင်း အတွက် အလုပ်ရှင်မရှိသည့် တရားမဝင် အလုပ်သမားတ ဦး အနေဖြင့် ရက်ပေါင်း ၉၀ အတွင်း အလုပ် ရှင်တဦး ရှာရမည် ဖြစ်သည်။
အွန်လိုင်း မှတ်ပုံတင်ပြီးနောက် ကျန်းမာရေးအရာရှိများက သူတို့ကို ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုနှင့် Covid-19 စစ်ဆေးမှုများ ပြုလုပ် ပေးမည် ဖြစ်သည်။ Covid-19 စစ်ဆေးမှု အတွက် ကုန်ကျစရိတ်နှင့် ၂ နှစ် စာအတွက် လိုအပ်သော ကျန်းမာရေး အာမခံ စုစုပေါင်း ဘတ် ၇၂၀၀ (ကျပ် ၃ သိန်းကျော်) ကို အလုပ်သမားများ သို့မဟုတ် သူတို့၏ အလုပ်ရှင်များက ကျခံရမည် ဖြစ်သည်။