Coronavirus Update

ဂျပန်မှာ နောက်ထပ် မျိုးဗီဇကွဲအသစ် ကူးစက်မှု တွေ့ရှိ

ဂျပန်မှာ ဘရာဇီးနိုင်ငံ၊ အမေဇိုးနားပြည်နယ်က လာတဲ့ ခရီးသွားဧည့်သည် ၄ ဦးထံ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် တမျိုး ကူးစက်ခံထားရတယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာလိုက်ပါတယ်။ အဆိုပါ မျိုးကွဲသစ်ဟာ ယူကေနဲ့ တောင်အာဖရိကနိုင်ငံတွေမှာ ပျံ့နှံ့နေတဲ့ မျိုးဗီဇကွဲတွေနဲ့ မတူဘဲ နောက်ထပ် မျိုးကွဲသစ်တမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ ထပ်မံတွေ့ရတဲ့ မျိုးကွဲသစ်အပေါ် လက်ရှိ ကာကွယ်ဆေးတွေနဲ့ ထိရောက်မှုရှိလား ဆိုတာကိုပါ ပညာရှင်တွေ လေ့လာနေကြပါပြီ။ “လက်ရှိအချိန်ထိ အဆိုပါ ဗိုင်းရပ်စ် မျိုးကွဲသစ် ဘရာဇီးမှာ ကူးစက်ပျံ့နှံ့နေလားဆိုတာ မသိရှိရသေးပါဘူး” လို့ နိုင်ငံအဆင့် ကူးစက်ရောဂါဌာန အကြီးအကဲ Takaji Wakita က ဆိုပါတယ်။

ဘရာဇီးကျန်းမာရေးဌာနကလည်း ဂျပန်နိုင်ငံက တာဝန်ရှိသူတွေ တွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်တမျိုးဟာ မူလနဲ့ ၁၂ နေရာ ကွဲပြားတဲ့နေရာ ရှိပြီး အဲဒီ့ထဲက ၁ မျိုးက ယူကေနဲ့ တောင်အာဖရိကမှာ တွေ့ရတဲ့ ဗီဇမျိုးကွဲတွေနဲ့ ဆင်တူတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တွေ့ရှိတဲ့ ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ ကူးစက်နိုင်ခြေ ပိုများနိုင်တယ်လို့ အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ ၂ ရက်က ဂျပန်နိုင်ငံ၊ ဟာနေဒါလေဆိပ်ကို ရောက်ရှိလာတဲ့ ဘရာဇီး ခရီးသွားဧည့်သည် ၄ ဦးထဲက အသက် ၄၀ ကျော်အရွယ် အမျိုးသားမှာ အသက်ရှုရ ခက်ခဲနေတဲ့ လက္ခဏာတွေ ပြသခဲ့ပြီး အသက် ၃၀ ကျော်အရွယ် အမျိုးသမီးမှာတော့ ခေါင်းကိုက်၊ လည်ချောင်းနာတဲ့ ရောဂါလက္ခဏာတွေ ပြခဲ့တယ်လို့ ဆိုပါတယ်။ ဆယ်ကျော်သက် ယောက်ျားလေးက အပူချိန်တက်နေပြီး နောက်ဆုံး ဆယ်ကျော်သက် မိန်းကလေးကတော့ ဘာလက္ခဏာမှ မပြဘူးလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပြောဆိုထားပါတယ်။

အဆိုပါ ဧည့်သည် ၄ ဦးကို လေဆိပ်ရှိ သီးသန့်ခွဲထားတဲ့ Quarantine စင်တာမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်ခံထားရကြောင်း ဆေးစစ် တွေ့ရှိခဲ့ကြတာပါ။ ဒါ့အပြင် ဗြိတိန်မှာ တွေ့ရတဲ့ ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ခံ ထားရသူ ၃ ဦးလည်း ထပ်မံတွေ့ရှိထားတယ်လို့ ဆိုပါတယ်။ အဆိုပါ ကူးစက်ခံထားရသူ ၃ ဦးဟာ ဗြိတိန်မျိုးဗီဇကွဲ ကူးစက်ခံထားရသူ အမျိုးသားနဲ့ ထိတွေ့ခဲ့သူတွေ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်း ကူးစက်မှုတွေကြောင့် တိုကျိုနဲ့ အနီးဝန်းကျင်ဒေသတွေကို အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။ ကြေညာခဲ့ပြီးနောက်ပိုင်း နိုင်ငံတဝှမ်း နေ့စဉ်ကူးစက်နှုန်း ၇,၀၀၀ အောက် ၃ ရက်ဆက်တိုက် ကျဆင်းလာပြီး၊ မြို့တော် တိုကျိုမှာတော့ နေ့စဉ် ကူးစက်နှုန်း ၁,၅၀၀ နီးပါး ရှိနေပါသေးတယ်။ လက်ရှိအချိန်ထိ ဂျပန်မှာ COVID-19 အတည်ပြုလူနာ ၂၈၀,၇၇၅ ဦးနဲ့ သေဆုံးသူ ၄,၀၀၀ နီးပါး ရှိပါတယ်။

Ref: Japan Times

You may also like these stories:

သြစတြေးလျမှာ ဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်မှု တွေ့ပြီးနောက် ပြည်ဝခွင့် တင်းကျပ်

အီရန်နိုင်ငံသားတွေနဲ့ ပြည်ပ ကိုဗစ် ကာကွယ်ဆေး စမ်းသပ်မှုကို သမ္မတ တားမြစ်

ကိုဗစ်-၁၉ ကာကွယ်ဆေး ဖေဖော်ဝါရီ ရောက်မည်

Loading