“အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားမှာ ဂဠုန်ဦးစော ဇာတ်ရုပ်နေရာ ရွေးချယ်ခံထားရတဲ့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်နဲ့ ပတ်သက်ပြီး သရုပ်ဆောင် ဆုပန်ထွာက အခုလိုပဲ ပြောပါတယ်။
“ဂဠုန်ဦးစော ကာရိုက်တာအတွက် ရွေးချယ်ခံရပြီးတော့ အမျိုးသားကို ပုံတွေ အများကြီး ရိုက်ထားတယ်။ ကိုဥက္ကာကို မိတ်ကပ်တွေ လိမ်းကြည့်တယ်။ အင်္ကျီတွေ ဝတ်ခိုင်းကြည့်တော့ တော်တော် တူတယ်။ ဦးစိုးမိုးရော၊ ကိုလူမင်းရော ကြည့်ပြီး မင်း တော်တော်တူတယ်ကွလို့ ပြောတယ်။ ဘာကြောင့် ရွေးချယ်လဲဆို အကျိုးအကြောင်း အားလုံးစုံသွားလို့သာ ရွေးချယ်ခံရတာလို့ ကျမ ထင်တယ်”
“ကိုလူမင်းကတော့ ကိုဥက္ကာကို ဘုရားတရားလေး ပိုလုပ်ခိုင်းပါလို့ ပြောတယ်။ သရုပ်မဆောင်ဖူးတော့ သူ အိုက်တင် မကောင်းရင် ရုပ်ဘယ်လောက်တူတူ အလကားပဲ။ အိုက်တင် လုပ်နိုင်ဖို့လည်း လိုတယ်။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး သေချာ သင်ပေးမယ် ပြောတယ်။ မရိုက်ခင် ဇာတ်ညွှန်းတွေလည်း ပေးမယ်။ သေချာ ကျက်ထားရမယ်”လို့ ဆုပန်ထွာက ပြောပါတယ်။
ဇာတ်ရုပ်နေရာက ဗီလိန်နေရာ ဖြစ်တဲ့အတွက်လည်း အိုက်တင် မကောင်းမှာ စိုးတာကြောင့် ပထမက သရုပ်ဆောင်မစေချင်ဘူးလို့ ဆုပန်ထွာက ဆိုပါတယ်။
“ကျမကတော့ သူ့ကို စိတ်ပူတယ်။ အိုက်တင် မကောင်းသွားမှာ စိုးတယ်။ အနုပညာသမားတယောက်အနေနဲ့ ကြည့်ရင် ဗီလိန်နေရာ အိုက်တင် အရမ်းလုပ်ရမယ့်နေရာ၊ ကျမက မလုပ်စေချင်ဘူး။ ဒီနေရာက လူမုန်းမယ့် နေရာလည်း ဖြစ်တယ်။ သမိုင်းမကောင်းတဲ့ နေရာဆိုတော့ မလုပ်ပါနဲ့လို့ ပြောခဲ့တယ်”
“တကားလုံးကောင်းပြီး ကိုဥက္ကာ အိုက်တင် မကောင်းရင် ပျက်သွားမှာစိုးလို့ ကျမ ခွင့်မပြုခဲ့တာ။ ပရိသတ်တွေက အရမ်းအားပေးပြီး mention တွေ ခေါ်ကြ၊ ဂဠုန်ဦးစောနဲ့ တူတယ် ရိုက်သာရိုက်လို့ ပြောလာတဲ့ ပရိသတ်တွေ များလာတော့ လျှောက်လွှာတင်ဖို့ ခွင့်ပြုလိုက်တာ”လို့ ဆုပန်ထွာက ပြောပါတယ်။
အခုလို “အောင်ဆန်း” ရုပ်ရှင်မှာ ပါဝင်ခွင့်ရတဲ့အတွက် ခင်ပွန်းဖြစ်သူကို ဂုဏ်ယူတယ်လို့ ဆိုပြီး နောက်ကနေ လိုအပ်တာ ပံ့ပိုးပေးမယ်လို့ ဆိုပါတယ်။
“ကျမကတော့ ဗိုလ်ချုပ်ရုပ်ရှင်မှာ နိုင်ငံတော်အတွက် တတပ်တအား ပါဝင်ခွင့်ရတာနဲ့ကို ဝမ်းသာရတယ်။ အခုလို အောင်ဆန်းရုပ်ရှင်မှာ ပါဝင်ခွင့်ရတာနဲ့ကို ဂုဏ်ယူနေတာပေါ့။ ကိုဥက္ကာကလည်း တူတယ်လို့ ပြောတာနဲ့တင် ပျော်နေတာ။ ပါရတဲ့အတွက် ပျော်တယ်။ သူပါရတဲ့ နေရာလေးအတွက် ကျမ နောက်ကနေ လိုအပ်တာအကုန် ကြိုးစားပြီး ပံ့ပိုးပေးပါမယ်”လို့ ဆုပန်ထွာက ပြောပါတယ်။
သရုပ်ဆောင် ဆုပန်ထွာကတော့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်နဲ့အတူ သားလေး တဦး မွေးဖွားထားပြီး ပျော်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားပါတယ်။
You may also like these stories:
ဗိုလ်ချုပ်အောင်းဆန်း အတ္ထုပ္ပတ္တိ မူကြမ်းစာအုပ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြ
ဂဠုန်ဦးစော ဇာတ်ရုပ် လူပြောင်းတဲ့အကြောင်း ပြောပြတဲ့ လူမင်း