MRTV-4 ရုပ်သံလိုင်းမှာ လက်ရှိပြသနေတဲ့ “ဂျီဟောသူ” ဇာတ်လမ်းတွဲမှာ မမခင် နေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ ဈူးဈူးဈာန်ကတော့ ထိထိရောက်ရောက်ဖြစ်မယ့် ကာရိုက်တာမျိုးကို ရိုက်ချင်သေးတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ဈူးရဲ့ဆန္ဒကတော့ တကယ့်ကို လုပ်ကွက်ရှိရှိနဲ့ လူမုန်းရင်မုန်းပါစေ၊ တကယ့်ကို လုပ်ကွက်များမယ်၊ ဆင်းန်များတဲ့ ကာရိုက်တာကို ရိုက်ချင်တယ်။ အခု ကိုယ်ရိုက်ခဲ့တဲ့ ဆင်းန်တွေလည်း များတယ်။ လုပ်ကွက်တွေလည်း ရှိတယ်။ ဒါပေမဲ့ တကယ့်ကို ထိထိရောက်ရောက် ဖြစ်မှာမျိုးလည်း ရိုက်ချင်သေးတာပေါ့။ ရှေ့လျှောက်ရိုက်ရပါစေလို့တော့ ဆုတောင်းပါတယ်”လို့ ဈူးဈူးဈာန်က ပြောပါတယ်။
သရုပ်ဆောင်တာနဲ့ ပတ်သက်လို့ လောဘတွေ ရှိနေသေးပြီး ကိုယ့်ကိုယ်ကိုယ် အားမလို အားမရဖြစ်တဲ့ထဲမှာ ပါတဲ့အတွက် အများကြီးသင်ယူရဦးမှာလို့ ဆိုပါတယ်။
“ဖြည့်ဖို့ကတော့ အများကြီး လိုအပ်သေးတာပေါ့။ သရုပ်ဆောင်နဲ့ ပတ်သက်ပြီးတော့ လောဘတွေ ရှိနေသေးတယ်။ ကိုယ်က ဇာတ်လမ်းတခု ရိုက်လိုက်တယ်။ ရိုက်တုန်းတော့ ဟုတ်နေပြီ။ လွှင့်လို့ ပြန်ကြည့်ရင် အားမရဘူး။ ငါအဲ့တုန်းက ဒီလိုလုပ်လိုက်ရမှာဆိုပြီး အားမလို အားမရဖြစ်တဲ့ထဲမှာ ဈူးပါတယ်။ အများကြီး သင်ယူရဦးမှာပါ” လို့ ဈူးဈူးဈာန်က ပြောပါတယ်။
သရုပ်ဆောင်ပညာအတွက် MRTV 4 မှ ပေးတဲ့ သင်တန်းများကို တက်နေပြီး ကိုရီးယားကားတွေကြည့်ပြီးလည်း ပညာတွေရတယ်လို့ ဆိုပါတယ်။
“ကိုရီးယားကားတွေ ကြည့်တယ်။ ရုံးကသင်တန်းတွေ ပေးတာ တက်တယ်။ အဲ့ကနေပဲ ပညာတွေရတယ်။ သင်ယူနေဆဲပေါ့။ ကိုယ်တိုင် ကြိုက်ခဲ့တဲ့ ဇာတ်ကောင်ဆိုရင် အရိပ်၊ အဲ့ထဲက ခင်ဦးဆိုတဲ့ ကာရိုက်တာလေးကို အရမ်းကြိုက်တယ်။ ရိုက်ကွင်းပေါ်မှာ ဒရာမာတွေ များတယ်၊ ငိုရတယ်။” လို့ ဈူးဈူးဈာန်က ပြောပါတယ်။
ကိုဗစ်ကာလ မတိုင်ခင်က “My Dear Heart” ဆိုတဲ့ ဇာတ်လမ်းတွဲ ရိုက်ကူးနေတာဖြစ်ပြီး ဒီဇာတ်လမ်းတွဲထဲမှာတော့ အကယ်ဒမီ မို့မို့မြင့်အောင်ရဲ့ အတွင်းရေးမှူးနေရာက သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
“My Dear Heart ဆိုတဲ့ကားလေးရိုက်နေတာ ၂ ဆင်းန် လောက်ပဲ ရိုက်ရသေးတယ်။ အခုလို ဒီကာလဖြစ်တော့ နားလိုက်ရတယ်။ ရိုက်ကူးခွင့်တွေရရင် ဆက်ရိုက်ဖို့ ရှိပါတယ်။ အတွင်းရေးမှူး ကေသီပေါ့။ တီမို့ (မို့မို့မြင့်အောင်) ရဲ့ အတွင်းရေးမှူးပေါ့။ အဲ့ကားလေး ရိုက်ရတာ အရမ်းပျော်တာပဲ။ တီမို့နဲ့ ဆုံဖို့ကလည်း မလွယ်ဘူးလေ။ တီမို့ရဲ့အတွင်းရေးမှူးဆိုတော့ တချိန်လုံး သူ့အနားမှာ နေရတာဆိုတော့ အများကြီးသင်ပေးတယ်။ အဲဒီအတွက် အများကြီး ဂုဏ်ယူတယ်” လို့ ဈူးဈူးဈာန်က ပြောပါတယ်။
ဈူးဈူးဈာန်ကတော့ ၂၀၁၂ ခုနှစ်ကတည်းက MRTV-4 မှာ ပြသခဲ့တဲ့ “ထာဝရမန္တလေး” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ အခုအချိန်ထိ ဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ တဦး ဖြစ်ပါတယ်။
You may also like these stories:
ဂဠုန်ဦးစော နေရာ သရုပ်ဆောင်မယ့် ခင်ပွန်းကို ပံ့ပိုးပေးမယ့် ဆုပန်ထွာ
ဖားကန့်မှာ အသက်တွေ ဆုံးရှုံးရတဲ့အပေါ် ကိုယ်ချင်းစာမိတဲ့ J Naw