မန္တလေးတိုင်းအတွင်းမှာ တည်ရှိတဲ့ ပတ္တမြားမြို့တော်လို့ တင်စားခေါ်ဝေါ်ကြတဲ့ မိုးကုတ်မြို့တွင် ပတ္တမြား ထွက်ရှိခြင်း နှစ် ၈၀၀ ပြည့်အထိမ်းအမှတ်အဖြစ် မိုးကုတ် နှစ် ၈၀၀ ပြည့်ပွဲတော်ကို မိုးကုတ်မြို့ မှုံကွင်းတွင် မတ်လ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၃ ရက်တိုင် ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ကျမတို့ မိုးကုတ် နှစ် ၈၀၀ ပြည့်ပွဲတော်ကတော့ ပျော်ပွဲရွှင်ပွဲ သက်သက်လုပ်မှာမဟုတ်ပါဘူး။ ရည်ရွယ်ချက်များ ထားပြီးတော့ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ကျမတို့ မိုးကုတ်ကတော့ မြန်မာသာမက ကမ္ဘာက သိကြတဲ့အတိုင်း ပတ္တမြား၊ နီလာနဲ့ ကျောက်မျက်ရတနာတွေ ထွက်ရှိတဲ့မြို့ဖြစ်ပါတယ်။ အဲဒါကြောင့် ကျောက်မျက်ရတနာလုပ်ငန်းနဲ့ ကျမတို့ မိုးကုတ်က နှစ် ၈၀၀ တိုင်ခဲ့ပါပြီ” လို့ မိုးကုတ် နှစ် ၈၀၀ ပြည့် ကျင်းပရေး ရန်ကုန်ကော်မတီမှ ဒေါက်တာ သက်သက်ခိုင်က ပြောပါတယ်။
အဆိုပါ ၃ ရက်တိုင်ကျင်းပပြုလုပ်သွားမယ့် မိုးကုတ်နှစ် ၈၀၀ ပြည့်ပွဲတော်တွင် တိုင်းရင်းသားများရဲ့ အကအလှများဖြင့် ဖျော်ဖြေခြင်း၊ တေးသံရှင် ထွန်းအိန္ဒြာဗို၊ R ဇာနည်၊ အောင်ထက်တို့က မိုးကုတ်မြို့ အတွက် Theme Song ဖြင့် သီဆိုဖျော်ဖြေခြင်း၊ မိုးကုတ်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းနဲ့ မိုးကုတ်ပေါက်ပေါက်ရဲ့ Fashion Show အစီအစဉ်စတဲ့ ဖျော်ဖြေရေးအစီအစဉ်များ ပါဝင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
မိုးကုတ်နှစ် ၈၀၀ ပြည့်ပွဲတော်ကို ကျင်းပရတဲ့ရည်ရွယ်ချက်များကတော့ ကျောက်မျက်ရတနာနဲ့ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုတက်စေရန်၊ ဒေသတွင်း ငြိမ်းချမ်းစွာနေထိုင်ကြသော တိုင်းရင်းသားများရဲ့ ရိုးရာယဉ်ကျေးမှုများကို မြန်မာနိုင်ငံတွင်သာမက ကမ္ဘာကပါသိရှိစေရန်၊ သမိုင်းအစဉ်အလာကြီးမားသော မိုးကုတ် (Ruby Land) ဖြစ်တဲ့အတွက် နောင်လာနောက်သားများအား သမိုင်းအမွေ လက်ဆင့် ကမ်းပေး နိုင်ရန်၊မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကဏ္ဍတွင် အရေးပါသော ဒေသတခုဖြစ်လာစေရန်နဲ့ ဒေသခံ တိုင်းရင်းသားများရဲ့အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်တို့ဖြစ်ပါတယ်။
မိုးကုတ်မြို့ကို မိုးကုတ်သူမိုးကုတ်သားများရှာဖွေတွေ့ရှိခဲ့တဲ့ မြန်မာ့စွယ်စုံကျမ်းကြီး အမှတ် ၉ တွင် ဖော်ပြထားတဲ့ သမိုင်းအထောက်အထားများအရ မြန်မာသက္ကရာဇ် ၅၇၉ ခုနှစ်က စတင်ပြီး ပတ္တမြားထွက်ရှိခဲ့ပြီး ပတ္တမြားမြို့တော်လို့ ခေါ်ဝေါ်ခဲ့ကာ ရွာတည် မြို့တည်လာခဲ့ကြသည်မှာ ယခုနှစ် မြန်မာ သက္ကရာဇ် ၁၃၇၉ ခုနှစ်တွင် နှစ် ၈၀၀ ပြည့်မြောက်ခဲ့တယ်လို့ မိုးကုတ်မြို့နယ်အသင်းရန်ကုန် ဒုဥက္ကဌ ဦးအောင်နိုင်မြင့်က အဆိုပါပွဲတွင် ပြောဆိုခဲ့ပါတယ်။
မိုးကုတ်မြို့ဟာ မန္တလေးမြို့ရဲ့ မြောက်ဘက် (၁၂၈) မိုင်အကွာ ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၃၈၀၀ တွင်တည်ရှိပြီး ပေ ၅၀၀၀ ကျော်အမြင့်ရှိတဲ့ တောင်တန်းများနဲ့ ဝန်းရံထားသော မြို့တမြို့ဖြစ်ပါတယ်။
ကမ္ဘာကျော် သဘာဝတွင်းထွက် ကျောက်မျက်ရတနာများထွက်ရှိရာဒေသဖြစ်ပြီး ဒေသခံလူမျိုးများ ဖြစ်ကြတဲ့ မြန်မာ၊ ရှမ်း၊ ပလောင်၊ လီဆူ၊ ပအို့ဝ်၊ ချင်း၊ ကိုးကန့်၊ ဂေါ်ရခါး အစရှိတဲ့ တိုင်းရင်းသားများနဲ့ လူဦးရေ ၁၆၆,၀၀၀ ဦးခန့် နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။