စစ်တပ်၏ ထိုးစစ်နှင့် လေကြောင်းတိုက်ခိုက်မှုများ ရှိနေသော်လည်း တအာင်းဒေသတွင် ရင်းနှီးမြုပ်နှံမှုများ လာရောက် ပြုလုပ်နိုင်ကြောင်း ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) မှ ဗိုလ်မှူးကြီး တားပန်လက ဇူလိုင် ၅ ရက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဖိတ်ခေါ်သည်။
“နှစ်ဖက်စလုံးအကျိုးရှိတဲ့ ရင်းမြုပ်နှံမှုအားလုံးကို ဖိတ်ခေါ်ပါတယ်။ တရုတ်နိုင်ငံက လုပ်ငန်းရှင်တွေရော၊ ဒေသခံ လုပ်ငန်းရှင်တွေရော၊ အခြားဒေသကလာတဲ့ လုပ်ငန်းရှင်တွေရော ရင်းနှီးမြုပ်နှံလိုတဲ့ လုပ်ငန်းရှင်အားလုံးကို ကျနော်တို့ ကြိုဆိုလက်ခံပြီးမှ ကာကွယ်စောင့်ရှောက်မှုတွေ ပေးထားပါတယ်။ လာရောက်ပြီး ရင်းနှီးမြုပ်နှံကြဖို့လည်း ဖိတ်ခေါ်လိုပါ တယ်” ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။
TNLA သည် မဟာမိတ်များနှင့်ပူးပေါင်းကာ ၁၀၂၇ စစ်ဆင်ရေးအတွင်း နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့အား သိမ်းပိုက်နိုင်ခဲ့ပြီး ထိုဒေသတွင် အုပ်ချုပ်ရေးထူ ထောင်ကာ သတ္ထုတူးဖော်မှု အပါအဝင် စီးပွားရေးလုပ်ငန်းများကို စီမံလျက်ရှိသည်။
သို့သော် လတ်တလောအခြေအနေတွင် နောင်ချိုမြို့ကို စစ်တပ်က ပြန်သိမ်းရန် ထိုးစစ်ဆင်နေသလို မြိုရွာတချို့လည်း ဆက်တိုက်ဆိုသလို ဗုံးကြဲခံနေရသည်။
TNLA သိမ်းပိုက်ထားသည့် ဒေသများအတွင်း ကမ္ဘာကျော် အဖိုးတန်ပတ္တမြား ထွက်ရှိရာ မိုးကုတ်ကျောက်တွင်းများ အပြင် သတ္တုထွက်သည့် နမ္မတူဘော်တွင်းနှင့် နမ့်ဆန်ဒေသတဝိုက် လက်ဖက်ခြောက်နှင့် လက်ဖက်လုပ်ငန်း၊ မိုင်းငေါ့နှင့် နမ့်ဆန်မြို့နယ်တို့ရှိ ရွှေတူးဖော်မှုလုပ်ငန်းများနှင့် ဆီလီကွန်ကျောက်တူးဖော်မှုလုပ်ကွက်များ၊ တရုတ်-မြန်မာကုန်သွယ် ရေးတွင် အရေးပါသော ကုန်စည်စီးဆင်းရာဂိတ်များ လည်း ရှိသည်။

လက်ရှိတွင် ဘော်တွင်းသတ္တုမိုင်းနှင့် ရွှေလုပ်ကွက်အချို့ကို ယာယီပိတ်သိမ်းထားသော်လည်း မိုးကုတ်မြို့နယ်ရှိ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများအား အကြီးစားနှင့် အသေးစား လုပ်ကိုင်ခွင့်များ ချထားပေးကာ တူးဖော်လုပ်ကိုင် လျက်ရှိသည်။
TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “ကျောက်မျက်လုပ်ငန်း လုပ်ကွက်အကြီးစားဆိုတာ အများဆုံးမှ ၁ ဧကလောက် ပဲ ရှိပါတယ်။ လုပ်ငန်းရှင်အနေနဲ့ လက်ရှိ နည်းနေပါသေးတယ်။ သုံးလေးငါးဦးလောက်ပဲ ရှိပါတယ်။ ‘ဝ’ တို့၊ MNDAA တို့ ဆိုတာထက် အပြင်လုပ်ငန်းရှင်တွေပဲ ရှိပါသေးတယ်။ ရင်းနှီးမြုပ်နှံမှုက အရမ်းနည်းတဲ့ပမာဏပဲ ရှိပါသေးတယ်။ လုံခြုံရေး ကြောင့်၊ ဒေသမတည်ငြိမ်မှုကြောင့် အားလုံးကတော့ ဒီကိစ္စတွေနဲ့ ချိတ်ဆက်နေတာရှိပါတယ်” ဟု ပြောသည်။
မိုးကုတ်ဒေသခံတဦးကမူ TNLA ခေါင်းဆောင်များနှင့် ပတ်သက်ဆက်စပ်သူများက မိုးကုတ်ဂေါက်ကွင်း အပါအဝင် နေရာ အချို့၌ ကျောက်မျက်တူးဖော်မှု အလွန်အကျွံပြုလုပ်နေကြောင်း ထုတ်ဖော်ပြောဆိုထားပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အကြီးအကျယ်ဖြစ်စေကြောင်း ဆိုသည်။
မိုးကုတ်ကျောက်မျက်တူးဖော်မှုနှင့် ပတ်သက်၍ ကျောက်မျက်လုပ်ငန်း စီမံခန့်ခွဲရေးကော်မတီတရပ် ဖွဲ့စည်းထားပြီး လုပ်ငန်းရှင်များအနေဖြင့် လုပ်ကိုင်လိုပါက ကော်မတီသတ်မှတ်ချက်များနှင့် အခွန်ပေးဆောင်မှုများအတိုင်း လုပ်ဆောင်နိုင် သည်ဟု ဆိုသည်။
၂၀၂၁ က ထုတ်ပြန်သည့် Global Witness အစီအရင်ခံစာအရ မိုးကုတ်ရှိ ကျောက်မျက်လုပ်ကွက် ၁၇ ခုထက်မနည်းအား စစ်တပ်နှင့်ဆက်စပ်နေသော ကုမ္ပဏီများမှ တူးဖော်လုပ်ကိုင်ခဲ့ပြီး ၂၀၁၄ မှ ၂၀၁၇ ခုနှစ်ထိ တနှစ်လျှင် အမေရိကန်ဒေါ် လာ ၃၄၆ သန်းမှ ၄၁၅ သန်းထိ တန်ဖိုးရှိခဲ့ကာ တရားမဝင်ကုန်သွယ်မှု များ ပါဝင်ပါက နှစ်စဉ်အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၃ ဘီလီယံမှ ၂ ဒသမ ၀၇ ဘီလီယံထိရှိနိုင်ကြောင်း ဖော်ပြထားသည်။
တအာင်းဒေသအတွင်း သတ္ထုတူးဖော်ရေးလုပ်ငန်းများ၌ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများနှင့်ပတ်သက်ပြီး ဒေသခံများမှ တိုင်ကြားလာပါက မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ လုပ်ဆောင်မည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမှန်ကန်လျှင် မိုင်းငေါ့ရှိ ရွှေတူးဖော်မှုနှင့် နမ့်ဆန်ရှိ ဆီလီကွန်ကျောက်တူးဖော်မှုကဲ့သို့ လုပ်ငန်းယာယီပိတ်သိမ်းခဲ့သည့်ဖြစ်စဉ်များ ရှိကြောင်း လွေးယေဦးက ပြောသည်။
လက်ရှိ တအာင်းဒေသအတွင်း ရင်းနှီးမြုပ်နှံလိုသည့်လုပ်ငန်းရှင်များအတွက် အဓိကစိန်ခေါ်မှုသည် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်နေမှုများဖြစ်ပြီး လုပ်ငန်းရှင်များအပေါ် လုံခြုံရေးဆောင်ရွက်ပေးနိုင်မှု အခြေအနေများအား သေချာစွာရှင်းပြရနေရကြောင်းလည်း ၎င်းက ဆိုသည်။
၎င်းက “လုံခြုံရေးနဲ့ပတ်သက်ရင် မြေပြင်အခြေအနေမျိုးဆိုရင်တော့ ကျမတို့က စီမံပေးနိုင်တဲ့အခြေအနေမျိုးရှိတယ်။ ခက်တာက လက်ရှိမှာ ဝေဟင်အခြေအနေမျိုး ဖြစ်ပါတယ်။ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတော့ ကျမတို့ဘက်က လုံခြုံရေးပေးရတာ နည်းနည်းခက်ခဲပါတယ်” ဟု ပြောသည်။
လက်ရှိတွင်လည်း စစ်ကောင်စီက နောင်ချိုမြို့အား ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများပြင်းထန်နေသည့်အပြင် မိုးကုတ်၊ ကျောက်မဲ၊ သီပေါ စသည့် TNLA ထိန်းချုပ်မြို့များအား ဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေရာ ရင်းနှီးမြုပ်နှံမှု စီးပွားရေးလုပ်ကိုင်ရန် မဖြစ်နိုင်သေးသော အခြေအနေဖြစ်နေကြောင်း ကျောက်မဲမြို့ခံ အမျိုးသမီးတဦးက သုံးသပ်သည်။

၎င်းက “သူတို့ဖိတ်ခေါ်လည်း မဖြစ်နိုင်သေးဘူး။ နိုင်ငံရေးမတည်ငြိမ်သေးတာတကြောင်း၊ သူဌေးတွေလည်း မြို့ပေါ် သိပ်မနေကြတော့ဘူး။ ချမ်းသာတဲ့သူလည်း တော်ရုံဘယ်သူမှ မရင်းနှီးမြုပ်နှံကြဘူး။ လက်ထဲကျစ်ကျစ်ပါအောင်ပဲ ထားတာ” ဟု ပြောသည်။
ယနေ့ နံနက်ပိုင်း၌ပင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုးကုတ်မြို့ပေါ်နှင့် ကျောက်မဲမြို့ပေါ်တို့အား လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား ၄ ဦး သေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
နောင်ချိုမြို့အား ထိုးစစ်ဆင်နေသော စစ်ကြောင်းများမှာ မြို့အနီးသုံးမိုင်ခန့်အကွာထိ ရောက်ရှိနေပြီး နေ့စဉ်တိုက်ပွဲများ ပြင်းထန်နေသည့်အပြင် စစ်ကောင်စီ ပြန်လည်နေရာယူထားသော လားရှိုးမြို့တွင်လည်း စစ်တပ်အင်အားဖြည့်တင်း မှုများနှင့် စစ်ရေးလှုပ်ရှားမှုများရှိနေသဖြင့် TNLA ထိန်းချုပ်ဒေသများသို့ ထိုးစစ်ဆင်လာမည့် အခြေအနေအပေါ် ဒေသခံများကြား စိုးရိမ်မှုများရှိနေသည်။
You may also like these stories:
တရုတ်ကြားဝင်စေ့စပ်မှု ခရီးရောက်ဟု TNLA ပြော
TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား














