နောင်ချိုကို ပြန်ရရေး စစ်တပ်က ဗုံးများတောက်လျောက်ကြဲကာ အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသော်လည်း တရုတ်အစိုးရ ကြားဝင်စေ့စပ်မှုနှင့် ဆွေးနွေးရေးလမ်းကြောင်းမှာ အတော်လေးခရီးရောက်နေပြီး အပစ်အခတ်ရပ်စဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်မှုများရှိနေကြောင်း ပလောင် (တအာင်း)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
တရုတ်သည် ယခုရက်ပိုင်းအတွင်း TNLA နှင့် စစ်ကောင်စီတို့အား သီးခြားစီးတွေ့ဆုံမှုများလည်းရှိခဲ့ပြီး ဒေသတည်ငြိမ်ရေး၊ အပစ်အခတ်ရပ်စဲရေးနဲ့ အရပ်သားများအား အကာအကွယ်ပေးရေးတို့ကို အလေးပေးပြောဆိုမှုများရှိခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
လွေးယေဦးက “ တရုတ်အစိုးရရဲ့ ကြားဝင်မှုကတော့ တော်တော်လေးခရီးရောက်ပါတယ်၊ ကျမတို့ တဖက်နဲ့တဖက် အပစ်ရပ်နိုင်ဖို့လည်း ကြိုးပမ်းဆောင်ရွက်နေတာမျိုးတွေရှိပါတယ်။ အဓိကကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေကြောင့်ရော ဒေသတွင်းတည်ငြိမ်ရေးနဲ့ ဒေသခံပြည်သူလူထုတွေရဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ဖြစ်ပါတယ်” ဟု ပြောသည်။
တရုတ်၊ TNLA နှင့် စစ်ကောင်စီတို့ကြား သုံးပွင့်ဆိုင်တွေ့ဆုံမှုကို လာမည့် ဩဂုတ်လကုန်ပိုင်းတွင် ပြုလုပ်ရန်စီစဉ်ထားပြီး တရုတ်၏ကြားဝင်မှုဖြင့် တဖက်တွင် ဆွေးနွေးရေးလမ်းကြောင်းဖြင့် သွားနေသကဲ့သို့ မြေပြင်မှာလည်း စစ်ရေးပြင်ဆင်မှုများ ပြုလုပ်ထားကြောင်းနှင့် နောင်ချိုမြို့ပြန်မပေးရရေးအတွက်လည်း အတတ်နိုင်ဆုံးခုခံကာကွယ်လျက်ရှိနေကြောင်း TNLA က ဆိုသည်။
လက်ရှိတွင် နောင်ချိုမြို့အား ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်းနှင့် တောင်းခမ်း-နောင်ချိုလမ်းပိုင်းတို့မှ နှစ်ဖက်ခွဲကာ ထိုးစစ်ဆင်နေသည့် စစ်တပ်စစ်ကြောင်းများမှာ နောင်ချိုမြို့အနီး ၃ မိုင်ခန့်အကွာအထိ ထိုးဖောက်တိုက်ခိုက်နေပြီး လက်နက်ကြီး၊ လေကြောင်းနှင့် ဒရုန်းများအသုံးပြုကာ နေ့စဉ်တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း မြေပြင်စစ်ရေး သတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့ကလည်း နောင်ချိုမြို့အနီး နောင်လင်၊ ကျောက်တော်စသည့်ကျေးရွာများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သကဲ့သို့ ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်းရှိ အုမ္မခါး၊ အုမ္မသီးနှင့် ဆမ္မဆယ်ကျေးရွာကြားတွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည်နောင်ချိုမြို့အား ထိုးစစ်ဆင်နေချိန်နှင့်တပြိုင်နက် လားရှိုးမြို့တွင်လည်း စစ်အင်အားတိုးမြှင့်ခြင်းနှင့် သီးပေါမြို့ဘက်သို့ ဦးတည်ကာ လက်နက်ကြီးတပ်ဆင်ခြင်းများ ပြုလုပ်ကာ စစ်ရေးပြင်ဆင်မှုများရှိနေသည့်အပြင် ယမန်နေ့ညပိုင်းကလည်း သီပေါမြို့၊ ဆေးရုံဝင်းအတွင်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီနှင့် TNLA တို့အပစ်အခတ်ရပ်စဲကြောင်းကြေညာချက်သည် ဇွန်လ ၃၀ ရက်နေ့တွင် ကုန်ဆုံးခဲ့ပြီဖြစ်သော်လည်း ယနေ့အထိ အပစ်အခတ်ရပ်စဲရေးသက်တမ်းတိုးကြောင်း ထပ်မံကြေညာခြင်း မရှိကြသေးပေ။
နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီ၏ နေ့စဉ်ထိုးစစ်ဆင်မှုများအား မိမိကိုယ်ခုခံကာကွယ်မှုအနေဖြင့် ဆက်လက် တိုက်ခိုက်မည်ဖြစ်ပြီး ပြီးခဲ့သည့်ဆွေးနွေးပွဲအတွင်း စစ်ကောင်စီတောင်းဆိုခဲ့သည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့များမှ ပြန်လည်ဆုတ်ခွာပေးမည်မဟုတ်ကြောင်း TNLA က ထပ်မံပြောသည်။
စစ်ကောင်စီအနေဖြင့် အပစ်ရပ်ကြေညာထားသည့် ကာလအတွင်း၌ပင် နောင်ချိုမြို့အား အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည့်အတွက် ယခုကဲ့သို့ နှစ်ဖက်စလုံးက အပစ်ရပ်ကြေညာခြင်းမရှိသည့်အချိန်တွင် TNLA ဘက်က တန်ပြန်ထိုးစစ်ဆင်လာနိုင်သည့်အခြေအနေအား စောင့်ကြည့်ရမည်ဖြစ်ကြောင်း စစ်ရေးလေ့လာသူတဦးက ပြောသည်။
နှစ်ဖက်အပစ်ရပ်ကြောင်းကြေညာထားသည့် ဇွန်လအတွင်း၌ စစ်တပ်က နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ နမ္မတူမြို့နယ်များ အတွင်းသို့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦးသေဆုံးကာ ၃၁ ဦးဒဏ်ရာရခဲ့ပြီး နေအိမ်၊အဆောက်အဦ ၇၄ လုံးပျက်စီးခဲ့ကြောင်း TNLA ထံက သိရသည်။
နောင်ချိုမြို့နယ်တွင် တလအတွင်းတိုက်ပွဲ ၈၁ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၁၇၅၉ လုံးရှိခဲ့ပြီး အဆိပ်ငွေ့ဗုံး ၃၉ လုံး၊ ဒရုန်းဗုံး ၆၃၈ လုံးအသုံးပြုတိုက်ခိုက်ခဲ့သည့်အပြင် နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်နှင့် နမ္မတူမြို့နယ်တို့တွင် လေကြောင်းဗုံးကြဲမှု ၄၀ ကြိမ်(ဗုံး ၁၅၄ လုံး)အထိ ရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
You may also like these stories:
စစ်တပ်ထိုးစစ် နောင်ချိုမြို့အနီး ချဉ်းကပ်လာ
စစ်တပ်ထိုးစစ် နောင်ချိုမြို့အနီး ချဉ်းကပ်လာ
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်
TNLA နှင့် စစ်တပ် ဆွေးနွေးမှု သဘောတူညီချက်မရ














