ယခင်အပတ်မှ အဆက်
မော်စီတုန်း (၁၈၉၃ – ၁၉၇၆)
Mao Zedong (1893 – 1976)
အမျိုးသားရေး သမားတွေနဲ့ နှစ်အကြာကြီး ပြိုင်ဆိုင်နေကြရစဉ်က မော်ရဲ့အာဏာမြစ်ခြေက တောနယ် ဖြစ်ပါတယ်။
နိုင်ငံရဲ့အကြီးအကဲဘဝ တလျှောက်လုံးမှာ ဒီအတွေးအခေါ်ကိုပဲ လက်ကိုင်ထားပြီး ကျင့်သုံးခဲ့တယ်။
ဥပမာ ရုရှက စတာလင် ဆိုရင် စောစောက စက်မှု ထွန်းကားရေးကို ဖိပြီး အားပေးနေတယ်။
အဲဒီတုန်းက မော်ဆိုရင် စိုက်ပျိုးရေးနဲ့ ကျေးလက် ဖွံ့ဖြိုးရေးကိုပဲ ပိုပြီး ဂရုတစိုက် လုပ်စေတယ်။ ဒီလိုသာပြောရတယ်။ တရုတ်ရဲ့စက်မှုလုပ်ငန်းဟာ မော် ခေါင်းဆောင်ချိန်က သိသိသာသာ တိုးတက်ခဲ့ပါတယ်။
နိုင်ငံရေးမှာ မော်က အာဏာရှင် စနစ်ကို ပိုင်ပိုင်ကြီး ဆုပ်ကိုင်ထားတယ်။
မော်လက်ထက်မှာ သူက သတ်စေလို့ ခိုင်းတဲ့ အတွက် လူ သန်း ၂၀၊ သန်း ၃၀ အထက်တောင် ရှိမလား၊ အသက် ဆုံးရှုံး ခဲ့ရပါတယ်။
ဒီတော့ လူ့ဇာတ်ခုံမှာ မော်လောက် သွေးချောင်းစီးအောင် သတ်နိုင်သူ မရှိဘူးပါ။
(ဒီလို ဆိုးဂုဏ်မှာ မော်ထက်သာလေ မလားလို့ ယှဉ်ကြည့်စရာ ဟစ်တလာ၊ စတာလင် နဲ့ ဂျဲန်ဂျစ်ခန်တို့ ရှိပါတယ်။)
မော် သေဆုံးပြီးတဲ့ အခါ နည်းနည်းလိုက်လျောတဲ့ အစိုးရပေါ်လာပြီး တရုတ်ကို ဒီမိုကရေစီ ဘက်ကို ရောက်အောင် လုပ်မယောင်ယောင် ရှိပေမယ့် ဒဲန်ရှောက်ပင်က ဘေဂျင်းရဲ့ တိယန်မဲန် ရင်ပြင်မှာ ၁၉၈၉ ဇွန်က လူသတ်ပွဲကြီးနဲ့ ပိုင်ပိုင်နိုင်နိုင် ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နင်းခဲ့ပါတယ်။
ကွန်မြူနစ် အစိုးရကို မော်စီတုန်း တဦးတည်း ကြိုးကိုင်တာ မဟုတ်ပါ။ ဆိုဗီယက် ယူနီယံမှာ စတာလင်လို ငါတယောက် တည်း အုပ်ချုပ်မယ် ဆိုတာမျိုး သူက မလုပ်ပါ။

ဒါပေမယ့် တရုတ် အစိုးရမှာ မော်ဟာ ၁၉၄၉ ကနေ သူသေဆုံးတဲ့ ၁၉၇၆ အထိ အင်မတန် တန်ခိုးသတ္တိ ကြီးမားတာ ထင်ရှားပါတယ်။
အရေးအခင်း တခုမှာ သူက ထိပ်တန်း တာဝန်အရှိဆုံး ဖြစ်တာကို ရှေ့ကိုခုန်တိုး (The Great Leap Forward) ပွဲကြီးမှာ ၁၉၅၀ ကျော် ၁၉၆၀ ပြည့်လောက်က တွေ့ခဲ့ရပါတယ်။
ဒီစီမံကိန်းကို စောင့်ကြည့်သူ အတော်များများက လုပ်ငန်းသေးသေးကို အထူး အာရုံစိုက်ပြီး များများကြီး လုပ်နိုင်၊ လုပ်သား အားကို ဖိပြီးသုံးနိုင်ရင် ကျေးတောက ဘုံစခန်းတွေမှာ လုပ်ခဲ့တာ အရှုံးသာ အဖတ်တင်တယ်လို့ တွေးထင်ကြတယ်။
ထင်တိုင်းလည်း ဖြစ်လာလို့ ဒီစီမံကိန်းကို လက်လွှတ်ရတယ်။
မော်ထောက်ခံတဲ့ နောက်စီမံကိန်း တခုက နိုင်ငံရေး ခေါင်းဆောင် အများက ကန့်ကွက်ပေမယ့် ၁၉၆၀ ကျော် ၁၉၇၀ ပြည့် နီးနီးမှာ လုပ်တဲ့ ဆင်းရဲသားဓလေ့ တော်လှန်ရေးကြီး ဖြစ်ပါတယ်။
ဒီပွဲဟာ ကြီးမားတဲ့ ဆူပွက်မှု ဆိုနိုင်တယ်။ မော် ဘက်တော်သားတွေနဲ့ အဝိုင်းခံရသလို ဖြစ်နေတဲ့ ကွန်မြူနစ်ပါတီ အရာရှိ အဆင့်ဆင့်တွေ အချင်းချင်းတွေ ခွပ်တဲ့ (ပြည်တွင်းစစ်) လို့ တောင် ထင်ရတတ်တယ်။
အဲဒီ အချိန်က မော် အသက်က ၆၅ နှစ်ပိုင်းမှာ ဖြစ်နေပြီ။ ဓလေ့တော်လှန်ရေး ဆိုတဲ့ ရှေ့ကို ခုန်တိုးပွဲကြီးစတဲ့ အခါ သူက အသက် ၇၀ က တော်တော်ကလေး ကျော်နေပြီ။
ပြီးတော့ ပေါ်လစီကို သိသိသာသာ လမ်းပြောင်းမယ်လို့ ဆိုပြီး အမေရိက ပြည်ထောင်စုကို ပုတ်ခတ်ပွဲ စတဲ့အချိန်မှာ သူက အသက် ၈၀ နား ကပ်နေပြီ။
အခုခေတ်နဲ့ သိပ်မကွာသေးတဲ့ နိုင်ငံရေးသမား တဦးရဲ့ သြဇာ ဘယ်လောက်ထိ ကြီးမားခဲ့ပါသလဲလို့ တွက်ဆရတာ သိပ်ခက်တယ်။
ဒီစာအုပ် ပထမ စထွက်တဲ့ အခါက မော်ကို နေရာမြင့်မြင့်မှာ ထားခဲ့တယ်။
ဘာပြုလို့လဲဆိုတော့ မော်ရဲ့သြဇာဟာ နှစ်ကာလ အကြာကြီး တည်ရှိနေမယ် ထင်မိလို့ ဖြစ်ပါတယ်။ အခု ဒီလို မဟုတ်ကြောင်း သိနေကြပါပြီ။

တရုတ်က ဆိုရှယ်လစ် ဝါဒကို စွန့်မယ့်ကိန်း ဆိုက်နိုင်တယ်။
မော်က တရုတ်ကို အာဏာရှင်စနစ် အမွေပေးခဲ့ပေမယ့် ဆက်လက် ရှင်သန်တယ် ထင်ရပေမယ့် ထင်သလောက် မဟုတ်ဘူးလို့ သိသာနေပါပြီ။ ဆက်လက် ပွားများ တည်တံ့ဖို့လည်း မမြင်ပါ။
မော် အသက် ထင်ရှားရှိစဉ်က သူလည်း ရှီဟွန်တိ လို အရေးပါတဲ့ ပုဂ္ဂိုလ် တယောက်လို့ ထင်ပါတယ်။
ဒီပုဂ္ဂိုလ် နှစ်ဦးစလုံးဟာ တရုတ်လူမျိုး နိုင်ငံမှာ ကြီးကြီးကျယ်ကျယ် ပြောင်းလဲမှုပေါ်အောင် ဖန်တီးနိုင်သူတွေ ဖြစ်ပါတယ်။
ဒါပေမယ့် ရှီဟွန်တိ ရဲ့ သြဇာဟာ တရုတ်နိုင်ငံမှာ အနှစ် ၂၂၀၀ ခံတယ်။
မော် ရဲ့ သြဇာကတော့ အခုပဲ အလျင်အမြန် တိမ်မြုပ် ကွယ်ပျောက်လု ရှိသွားပါပြီ။
၂၀ ရာစု နှစ်ထဲက လူအချင်းချင်းကို ယှဉ်မယ်ဆိုရင် မော်နဲ့ လီနင်ကို ယှဉ်ကြည့်သင့်ပါတယ်။
မော်က မာ့က်စ်ဝါဒကို တရုတ်မှာ ခိုင်မြဲအောင် လုပ်သလို လီနင် ကလည်း ရုရှားမှာ အလားတူ ဆောင်ရွက်ခဲ့တယ်။

ဒီနှစ်ယောက်မှာ အမှတ်တမဲ့ ပြောမယ်ဆိုရင် မော်က ပိုပြီး တွင်ကျယ်သလို ရှိပါတယ်။ နည်းနည်းပိုပြီး အလေးအနက် စဉ်းစားရင် တရုတ်က လူဦးရေမှာ ဆိုဗီယက်ထက် သုံးဆသာတယ်။
ဒါပေမယ့် လီနင်က မော် အတွက် စံထားစရာ ပုဂ္ဂိုလ်၊ မော် အတွက် ရှေ့ဆောင်၊ မော် အတုယူဖို့ စံပြ မဟုတ်ပါလား။
မော် ရဲ့ တွေးခေါ်ပုံကို လမ်းပြသူ ဖြစ်ပါတယ်။
အဲဒါအပြင် ကမ္ဘာမှာ ပထမဆုံး ကွန်မြူနစ် နိုင်ငံကို ထူထောင်သူ ဖြစ်လို့ လီနင်က ကမ္ဘာအနှံ့ သြဇာ အင်မတန်ကြီးသူ ဖြစ်တယ်။
မော် လို့ သူ့ပြည်တွင်းမှာသာ လူအထင်ကြီးသူ များတာမျိုး မဟုတ်ပါ။ အဲဒီ အချက်ကို ချုပ်ကိုင်ပြီး စဉ်းစားရင် မော်ကို ဒီစာအုပ်မှာ လီနင်အောက်က ထားရပါတော့တယ်။ ။
20, January, 2002.
(သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း မြန်မာပြန် ရေးသားသည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာအုပ်တိုက် က ၂၀၁၀ ပြည့်နှစ် မတ်လတွင် ထုတ်ဝေသော “ကျော်စွာ ၁၀၀” ဒုတိယအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်းမှာ The 100 A Ranking of the Most Influential Person in History by MICHAEL H. HART စာအုပ်ဟု သိရပါသည်။ ဆရာကြီး မြန်မာပြန်ထားသည့် ဆောင်းပါးများထဲက ယခု တပုဒ်ကို ထုတ်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီး ဒေါက်တာ သန်းထွန်းသည် ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် အသက် ၈၂ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ ပါသည်။)














