Health

အထီးကျန်ခြင်းဟာ ဆေးလိပ် သောက်ခြင်းထက် ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင်

သုတေသန လေ့လာချက်တွေအရ အထီးကျန်ခြင်းဟာ တနေ့ကို ဆေးလိပ် ၁၅ လိပ်ခန့် သောက်တာ၊ လေ့ကျင့်ခန်း ပုံမှန်မလုပ်တာနဲ့ အရက်စွဲတာတွေထက် ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။

တယောက်တည်း နေတတ်ခြင်းဟာ သာမန်အားဖြင့် ပြောရမယ်ဆိုရင် ကောင်းတဲ့ အလေ့အကျင့်တခုလို့ ပြောလို့ရပေမယ့် လူတွေနဲ့ ခပ်ဝေးဝေးမှာနေပြီး အထီးကျန်တာ များလာရင်တော့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက ဆိုပါတယ်။

အမေရိကန်နိုင်ငံ စိတ်ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းရဲ့ သုတေသပြုချက်တွေအရ အထီးကျန်ခြင်း ဝေဒနာကို အများဆုံး ခံစားရတတ်တဲ့ အသက်အရွယ် အပိုင်းအခြားတွေဟာ ၄၅ နှစ်နဲ့ အထက် ဝန်းကျင် လူတွေလို့ ဆိုပါတယ်။

အထီးကျန်နေသူ အများစုကို ဘယ်သူ့ ဘယ်သူကမှ မွေးနေ့ အမှတ်တရ လုပ်ပေးတာမျိုးနဲ့ ကျန်းမာရေး အခြေအနေကို ဂရုတစိုက် မေးမြန်းမယ့်သူ မရှိတာကြောင့် သာမန်လူတွေထက် ကျန်းမာရေးကို ပိုမိုထိခိုက်စေတာလို့လည်း ဆိုပါတယ်။

အထီးကျန်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတခုဖြစ်တာနဲ့အညီ အထီးကျန်သူတွေမှာ စိတ်ဖိစီးမှု ဟော်မုန်း ပမာဏဟာလည်း သာမန်လူတွေထက် ပိုမိုမြင့်တက်တာကြောင့် စိတ်ကျရောဂါ ဖြစ်နိုင်ခြေကိုလည်း မြင့်တက်စေနိုင်ပါတယ်။

တယောက်တည်း အနေကြာသူတွေဟာ အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ အာရုံကြောတွေ နိုးကြား တက်ကြွမှု မရှိတော့တာကြောင့် မှတ်ဉာဏ်ပိုင်းဆိုင်ရာမှာလည်း ပုံမှန်ထက်ပိုပြီး ချို့ယွင်းလာတတ်ပြီး စိတ်ကျရောဂါနဲ့ စိတ်ဖောက် ပြန်မှုရောဂါ ဖြစ်နိုင်ခြေ ၇၀ ရာခိုင်နှုန်းခန့်ထိရှိတယ်လို့လည်း လေ့လာချက်တွေက ဆိုပါတယ်။

Bringham Young တက္ကသိုလ်ရဲ့ သုတေသနပြုချက်တွေအရ တကိုယ်တည်းသမား အများစုဟာ စားသောက် နေထိုင်မှုပုံစံမှာဆိုရင်လည်း ကျန်းမာရေးအတွက် မသင့်တော်တဲ့ အပြင်စာ အပါအဝင် အသင့်စား အစားအစာတွေ စားသောက်မှုနှုန်း များတာကြောင့် နာတာရှည်ရောဂါတွေ ခံစားရလေ့ရှိတယ်လို့ ဆိုပါတယ်။

အထီးကျန်နေသူ အများစုရဲ့ ခန္ဓာကိုယ် သုတေသနပြုချက်တွေအရ သာမန်ထက် ကိုယ်ခံအားစနစ် လျော့နည်းတာကြောင့် အရွယ် မတိုင်မီ သေဆုံးမှုကို ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်စေတယ်လို့လည်း သိရပါတယ်။

Ref ; thedailynet.com

Loading