တခါတလေမှာ စာရေးသူတို့ အားလုံးဟာ ဘေးနားမှာ သူငယ်ချင်းတွေ အပေါင်းအသင်းတွေ ရှိရက်နဲ့ အထီးကျန်နေ တတ်ပါတယ်။ အထီးကျန်တာနဲ့ တယောက်တည်းဖြစ်တာဟာ မတူပါဘူး။ ဒီတခါမှာတော့ တယောက်တည်းလည်း ဖြစ်နေပြီး အထီးကျန်နေတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို ပျော်အောင် ဘယ်လိုထားရမလဲ ဆိုတဲ့ အချက်တွေကို ပြောပြပေးချင်ပါတယ်။
(၁) ချက်ပြုတ်ပါ
သင်တယောက်တည်း ဖြစ်နေချိန်မှာ ချက်ပြုတ်ရင်း အချိန်ကုန်သင့်ပါတယ်။ အချိန်သေချာ ယူပြီး သင်အကျွမ်းကျင်ဆုံး ဟင်းတွေကို ချက်ပြုတ်စားသောက်ပါ။ အေးအေးဆေးဆေး အချိန်အကြာကြီး ချက်ပြုတ်နေရင်းနဲ့ သင်ဟာ သင်တယောက်တည်း ဖြစ်နေတာကို မေ့ပြီး ပျော်ရွှင်လာပါလိမ့်မယ်။
(၂) တခုခု လုပ်ပါ
ပန်းချီဆွဲတာ၊ အရောင်ခြယ်တာ စသဖြင့် တခုခုကို လုပ်ပါ။ သင်ပုံဆွဲတာ ညံ့လည်း ကိစ္စ မရှိပါဘူး။ ဆွဲသာဆွဲပါ။ ဂျာနယ်တွေမှာရှိတဲ့ ပုံတွေကို ဓာတ်ပုံရိုက်ပြီး သင်ဆွဲချင်တာသာ ဆွဲလိုက်ပါ။ ဒီလို လျှောက်ဆွဲရင်းနဲ့ သင်ပျော်လာမှာ သေချာပါတယ်။
(၃) လမ်းလျှောက်ထွက်ပါ
တယောက်တည်း လမ်းလျှောက်ရတယ်လို့ မတွေးဘဲ သင့်ကိုယ်သင် အချိန်ပေးတယ်လို့ တွေးပြီး လမ်းလျှောက်ပါ။ အဆင်ပြေရင် ပန်းခြံ၊ ကမ်းခြေ၊ တောင်ပေါ်ဒေသ စတဲ့ နေရာတွေကို သွားရောက် လည်ပတ်ပြီး လမ်းလျှောက်ပါ။ သဘာဝအလှကို ခံစားပါ။
(၄) ရုပ်ရှင်ရုံ သွားပါ
ရုပ်ရှင်ရုံမှာ ရုပ်ရှင်သွားကြည့်ရင် လူတွေ အများကြီးနဲ့ ကြည့်ရတာဖြစ်လို့ အိမ်မှာ အခန်းတံခါးပိတ်ပြီး တယောက်တည်း ဇာတ်ကား ကြည့်တာထက် သင့် အထီးကျန်မှုကို ပြေပျောက်စေမှာ သေချာပါတယ်။ တကယ်လို့ သင်ဟာ ဟာသကား သွားကြည့်တယ်ဆိုရင် လူအများကြီးနဲ့ အတူတူ ရယ်မောရမှာ ဖြစ်ပြီး ငိုရတယ်ဆိုရင်လည်း သင်တယောက်တည်း မငိုရတော့ပါဘူး။
(၅) တိရိစ္ဆာန်လေးတွေ မွေးပါ
ဒီနည်းဟာ သင့်အထီးကျန်မှုကို ပြေပျောက်စေမယ့် အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။ သင်မွေးထားတဲ့ အကောင်လေးတွေဟာ သင်အပြင်က ပြန်လာရင် တံခါးဝကနေ ကြိုဆိုနေမှာ ဖြစ်ပြီး သင်အထီးကျန်တဲ့ အချိန်မှာလည်း သူတို့တွေဟာ သင်ရင်ဖွင့်သမျှကို နားထောင်ပေးတတ်ကြပါတယ်။
ဒါတွေအပြင် သင်ဟာ ပြတိုက်သွားတာ၊ ဓာတ်ပုံရိုက်တာ၊ သီချင်းအော်ဆိုတာ၊ ကတာ၊ စာအုပ် ဖတ်တာ၊ စာရေးတာတွေ အပြင် ဂိမ်းဆော့တာတွေကိုပါ လုပ်နိုင်ပါသေးတယ်။
Ref; lifehacks.com