လူသားတွေကို ခြိမ်းခြောက်နေတဲ့ ဆိုးဆိုးရွားရွား ကျန်းမာရေး ပြဿနာတွေထဲမှာ အထီးကျန်ခြင်း ဝေဒနာလည်း တခုအပါအဝင် ဖြစ်ပါတယ်။ အဝလွန်ခြင်းနဲ့ ဆေးလိပ်သောက်သုံးခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ နောက်ဆက်တွဲ ရောဂါတွေလိုပဲ အထီးကျန်ခြင်းဟာဆိုရင်လည်း ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တယ်လို့ လေ့လာသူတွေရဲ့ လေ့လာချက်တွေအရ သိရပါတယ်။
ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတော့ အထီးကျန်ခြင်း ဝေဒနာဟာ ကျန်းမာရေး ပြဿနာတခုလို ခြိမ်းခြောက်လာနေပြီး လူတွေနဲ့ ရေရှည် အဆက်အသွယ် ပြတ်တောက်ပြီး အဖော် ကင်းမဲ့နေတဲ့အခါမျိုးမှာ ခံစားရလေ့ ရှိတယ်လို့ လေလာသူတွေက ဆိုပါတယ်။
ဂျပန်နိုင်ငံမှာတော့ အရွယ်ရောက်ပြီးသူတွေရဲ့ ၉ ရာခိုင်နှုန်းခန့်ဟာ အထီးကျန် ဝေဒနာကို ခံစားနေရပြီး အမေရိကန်မှာတော့ ၂၂ ရာခိုင်နှုန်း၊ ဗြိတိန်မှာတော့ ၂၇ ရာခိုင်နှုန်းခန့်ဟာ အထီးကျန်ခြင်း ဝေဒနာကို ခံစားနေရတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။
ဂျပန်နိုင်ငံမှာ နောက်ထပ် ခြိမ်းခြောက်လာတဲ့ ပြဿနာ တခုကတော့ အထီးကျန်ခြင်း ဝေဒနာနဲ့ဆက်စပ်နေတဲ့ အထီးကျန်စွာ သေဆုံးခြင်း (Kudokushi) လို့ခေါ်တဲ့ တယောက်တည်းနေရင်း သေဆုံးသွားခဲ့တာကို အချိန်အတော်ကြာမြင့်မှ သေဆုံးတာကို သိရှိတာမျိုးပါ။
ဒီလို အထီးကျန် သေဆုံးမှုကို စစ်တမ်းတွေ ကောက်ယူကြည့်တဲ့အခါ အသက် ၂၀ ကနေ ၃၉ နှစ်အရွယ် အပိုင်းအခြားတွေ များပြီး လုပ်ငန်းခွင် အဆင်မပြေမှုနဲ့ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ဖြတ်ကာ တကိုယ်တည်းနေသူတွေမှာ ဖြစ်လေ့ ရှိကြောင်းကို တွေ့ရှိခဲ့ပါတယ်။
ဆေးပညာရှင်တွေရဲ့လေ့လာမှုတွေအရ အထီးကျန်ခြင်းဟာ အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေကို ၃၂ ရာခိုင်နှုန်းခန့် ပိုများစေပြီး အထီးကျန်ခြင်းကြောင့် စိတ်ကျန်းမာရေး ပြဿနာတွေ အပြင် နှလုံးရောဂါ၊ အိပ်မပျော်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါနဲ့ စိတ်ကျရောဂါ တို့ကိုလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ကာလတွေတုန်းက လေ့လာမှုတွေမှာဆိုရင် အထီးကျန်မှုဝေဒနာဟာ အသက်ကြီးပိုင်းတွေမှာသာ ခံစားရလေ့ရှိတယ်လို့ သိရပေမယ့် အခုနောက်ပိုင်း ပြုလုပ်တဲ့ လေ့လာမှုတွေမှာတော့ အထီးကျန်မှုဟာ အသက်အရွယ် အပိုင်းအခြားနဲ့ ဆက်စပ်မှု မရှိကြောင်းကို တွေ့ရှိခဲ့ရတာကြောင့် ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေထဲမှာ ပါဝင်လာနေတာ ဖြစ်ပါတယ်။
Ref. thehill.com
You may also like these stories:
အချိန်ဆွဲခြင်းက ခန္ဓာကိုယ်ကျန်းမာရေးနဲ့ ဦးနှောက်ကို ထိခိုက်စေနိုင်
အတွေးလွန်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ
တဦးနဲ့တဦး ပွေ့ဖက်ခြင်းရဲ့ အံ့အားသင့်ဖွယ် ကျန်းမာရေး ကောင်းကျိုး ၅ ခု
စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ နေ့စဉ်ပြုလုပ်နေကျ အပြုအမူများ