တိုးတက်လာတဲ့ နည်းပညာတွေနဲ့အတူ လူတွေရဲ့ စိတ်ကူးစိတ်သန်းတွေကလည်း ပိုမိုဆန်းကြယ်လာခဲ့ပါတယ်။ ဆန်းကြယ်တဲ့ စိတ်ကူးအတိုင်းလည်း လူတွေက တီထွင်ဖန်တီးခဲ့ကြပါတယ်။ အခုဆိုရင်လည်း အာကာသထဲ တည်းခိုနိုင်တဲ့ ဟိုတယ်ဒီဇိုင်းကို The Gateway Foundation က ရေးဆွဲခဲ့ပါတယ်။
ရေးဆွဲထားတဲ့ ဒီဇိုင်းအရ အဲဒီ ဟိုတယ်မှာ လူ ၄၀၀ တည်းခိုနိုင်မှာဖြစ်ပြီး တခြား ဟိုတယ်ကြီးများနည်းတူ စားသောက်ဆိုင်၊ဘားနဲ့ ရုပ်ရှင်ရုံစတဲ့ ဇိမ်ခံ အသုံးအဆောင်တွေလည်း ပါဝင်ပါတယ်။ ဟိုတယ်ကို လှည်းဝန်ရိုးပုံစံတည်ဆောက်မှာဖြစ်ပြီး အချင်း ၁၉၀ မီတာ ရှိပါတယ်။
ဟိုတယ်ကို “Von Braun Space Station” လို့နာမည်ပေးထားပြီး International Space Station တည်ဆောက်တုန်းက အသုံးပြုထားတဲ့ နည်းလမ်းကိုသုံးပြီး တည်ဆောက်သွားမယ်လို့ သိရပါတယ်။ ဒီဟိုတယ်ကြီးအတွင်းမှာတော့ ပညာရပ်ဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးနိုင်မှာဖြစ်သလို ဇိမ်ကျကျ တည်းခိုနိုင်မှာလည်ဖြစ်ပါတယ်။ လာရောက် တည်းခိုသူတွေအတွက် Cocktail ဘားတွေလည်း ပါဝင်ပါတယ်။
ဒီဇိုင်းထုတ်ထားတဲ့ ဟိုတယ်အတွင်းမှာ ကမ္ဘာ့ မြေဆွဲငင်အား အတုကို အသုံးပြုထားတဲ့အတွက် အာကာသအတွင်း တည်းခိုသူတွေဟာ ကိုယ့်အခန်းလေးထဲမှာ လမ်းလျှောက်နိုင်ပါသေးတယ်။ ဒါကြောင့်လည်း သက်သောင့်သက်သာ တည်းခိုလို့ရအောင် စီစဉ်ထားပါတယ်။ တည်းခိုနိုင်တဲ့ အခန်းပေါင်း ၂၄ ခန်း ပါဝင်ပါတယ်။
အခန်းတွင်း အပြင်အဆင်ကိုတော့ နူးညံ့ပျော့ပြောင်းတဲ့ ပရိဘောဂတွေနဲ့ ပြင်ဆင်ထားပြီး အိမ်မှာ နေ့စဉ်မြင်တွေ့နေကျ အရောင်တွေကိုပဲ ရွေးချယ်သုံးပေးထားပါတယ်။
The Gateway Foundation အနေနဲ့ ကမ္ဘာ့ပထမဆုံး အာကာသဟိုတယ်ကို ၂၀၂၅ ခုနှစ်မှာ စတင်နိုင်ဖို့ စီစဉ်ထားပါတယ်။ တပတ်ကို လူ ၁၀၀ လိုက်ပါ တည်းခိုနိုင်ဖို့ စီစဉ်ထားပြီး နောက်ပိုင်းမှာတော့ ဒီထက်ပိုကြီးမားတဲ့ အာကာသ ဟိုတယ်ကို တည်ဆောက်နိုင်ဖို့ စီစဉ်ထားပါတယ်။ နောက်ပိုင်း တည်ဆောက်မယ့် ဟိုတယ်ကတော့ လူပေါင်း ၁၄၀၀ တည်းခိုနိုင်အောင် စီစဉ်ထားတယ်လို့ သိရပါတယ်။
Ref. News.com.au
You may also like these stories:
NASA မှာ အလုပ်လုပ်နေတဲ့ မြန်မာပြည်ဖွား သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်
လ၏ တောင်ဝင်ရိုးစွန်းကို အိန္ဒိယ အာကာသယာဉ် လေ့လာနိုင်မည်ဟု မျှော်လင့်
အာကာသထဲကို ရောက်ဖူးခဲ့ကြတဲ့ တိရစ္ဆာန်လေးများ
လပေါ်သွားမယ့် နာဆာ ခရီးစဉ်အတွက် သီချင်းစာရင်းမှာ BTS အဖွဲ့ သီချင်း ၃ ပုဒ် ပါဝင်