ဗိုလ်ချုပ်ကြီး နေဝင်း၏ မြေး ဦးကျော်နေဝင်း ပိုင်ဆိုင်သည့် Omni Focus ကုမ္ပဏီအပါအဝင် ကုမ္ပဏီ ၄ ခုကို ဧရာဝတီ ဘဏ်က ငွေကြေးဆိုင်ရာ ကိစ္စဖြင့် တရားစွဲဆိုထားကြောင်း ရန်ကုန်တိုင်း တရားလွှတ်တော်မှ သိရသည်။
YBS Foton CNG Bus အစီး ၅၀၀ ဝယ်ရန် ချေးယူပြီး ပြန်မသွင်းသည့် ကိစ္စနှင့် ပတ်သက်ပြီး Omni Focus ကုမ္ပဏီ အပါအဝင် Central Yangon Network ကုမ္ပဏီ၊ Keen Sport ကုမ္ပဏီနှင့်အတူ ငွေချေးယူရာတွင် Foton ကားများအတွက် တာဝန်ခံပေးသည့် ခိုင်မြဲခိုင် ကုမ္ပဏီတို့ကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဧရာဝတီ ဘဏ်ဘက်မှ တရားလွှတ်တော်ရှေ့နေ ဦးနေလ က “တရားစွဲဆိုလိုက်တာ မှန်ပါတယ်။ ငွေကြေး ဘယ်လောက်ဆိုတာကတော့ ကျနော်အတိအကျ အခုချိန် မပြောလိုသေးပါဘူး။ ကျနော်တို့ တရားစွဲဆိုတဲ့ဆီမှာ တရားရုံးမှာ စာချုပ်စာတမ်း အထောက်အထား အပြည့်အစုံ တင်ထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
Omni Focus ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်နေဝင်း က ၎င်းတို့ အပေါ် ဧရာဝတီဘဏ်ဘက်မှ တရားစွဲဆိုသည် ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ အကြောင်းကြားလာခြင်း မရှိသေးသဖြင့် ထိုအခြေအနေနှင့် ပတ်သက်၍ မသိသေးကြောင်း သို့သော်လည်း ကြိုတင်ပြင်ဆင်မှုများကိုတော့ ပြုလုပ်ထားသည်ဟုဆိုသည်။
ဦးကျော်နေဝင်းက “တရားရုံးမှာတော့ တရားရုံးရဲ့ အဆုံးအဖြတ်ကို ကြိုက်တယ်ဖြစ်ဖြစ်၊ မကြိုက်ဘူးဖြစ်ဖြစ် လက်ခံရမှာပဲ။ ကျနော်တို့ဘက်က အကောင်းဆုံးကို တင်ပြသွားမှာပါ။ လူတဦးတယောက် ပုဂ္ဂိုလ်ရေးအရ နစ်နာမှုတွေ မရှိစေချင်ဘူး။ မဖြစ်စေချင်ဘူး။ တရားရုံးအနေနဲ့လည်း လူပုဂ္ဂိုလ်ထက် တရားရုံးပေါ်ကို တင်ပြချက်တွေကိုပဲ စဉ်းစားမှာပါ”
တရားစွဲဆိုမှုကို ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့က ရန်ကုန်တိုင်း တရားလွှတ်တော်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီနှင့် ဘဏ်များ ချုပ်ဆိုခဲ့သည့် စာချုပ်ပါ အချက်များကို ပျက်ကွက်သည့်အတွက် ပေးချေရန် ကျန်ရှိနေသည့် ငွေများနှင့် တရားစရိတ်၊ အတိုးများအတွက်ပါ စွဲဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကနဦးငွေချေးယူစာချုပ် ချုပ်ဆိုသည့် ၂၀၁၇ ခုနှစ် မတ်လမှ စက်တင်ဘာလအထိ လစဉ်ပေးသွင်းခဲ့သော်လည်း နောက်ပိုင်းကာလများတွင် ပေးသွင်းခြင်း မရှိကြောင်း သိရသည်။
ထို့အတူ ချေးယူ သည့်ကုမ္ပဏီဘက်မှ ဝယ်ယူထားသည့် ကားနှင့် ပက်သက်သည့် မှတ်ပုံတင်စာအုပ်နှင့် ဆက်စပ်သော စာရွက်စာတမ်းများ ပေးအပ်ရန် ပျက်ကွက်ခြင်း၊ Foton ကားကုမ္ပဏီနှင့် ခိုင်မြဲခိုင် ကုမ္ပဏီတို့အကြား အရောင်း အဝယ် စာချုပ် မိတ္တူ ပေးအပ်ရန် ပျက်ကွက်ခဲ့ကြောင်းလည်းသိရသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ စီမံချက်ဖြစ်သော ယခင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေးအဖွဲ့ (မထသ) ကို ဖျက်သိမ်းကာ အစိုးရလက်အောက်သို့ ရောက်ရှိစေမည့် ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့ (YRTA) ကို ၂၀၁၇ ခုနှစ်က စတင်ဖွဲ့စည်းကာ အကောင်အထည်ဖော်ခဲ့သည်။
ထိုအကောင်အထည်ဖော်မှုတွင် Omni Focus ကုမ္ပဏီအပါအဝင် မိတ်ဖက် ကုမ္ပဏီ ၃ ခုကလည်း အဆိုပါကဏ္ဍတွင် ပါဝင်လာပြီး Foton ကားများဖြင့် ပြေးဆွဲနိုင်ရန်အတွက် ဧရာဝတီဘဏ်မှ ချေးငွေများယူကာ အကောင် အထည် ဖော်ခဲ့ကြောင်း သိရသည်။
အဆိုပါ ချေးငွေများနှင့် ပတ်သက်၍ အတိုးနှင့် အရင်း လစဉ်ပေးဆပ်ရန် ဧရာဝတီ ဘဏ်ဘက်မှ အကြောင်းကြားစာ ပေးပို့ခဲ့သော်လည်း ပြန်လည်ပေးဆပ်ခြင်း မရှိသဖြင့် ယခုကဲ့သို့ တရားစွဲဆိုရခြင်း ဖြစ်ကြောင်း သိရသည်။
တရားလွှတ်တော်ရှေ့နေ ဦးနေလက “AYA ဘဏ်ရဲ့ငွေတွေနဲ့ ဝယ်တဲ့ဟာမှာ သူတို့ကိုယ်တိုင် ဘဏ်ချေးငွေနဲ့ ကားအသစ်တွေ ဝယ်တဲ့ဟာမှာ ယုံကြည်အသုံးပြုပေးခြင်းသာဖြစ်တယ်ဆိုတဲ့ ကတိခံဝန်ချက်လည်း ရှိတယ်။ ပြီးခဲ့တဲ့ ဇူလိုင်ကုန်အထိ စောင့်ခဲ့ပေမယ့် ပြန်ပေးဆပ်မှု မရှိလု့ိ အခုလို တရားစွဲတာ” ဟု ဆိုသည်။
You May Also Like This Story:
ဦးကျော်နေဝင်းပိုင် ကုမ္ပဏီ ချေးငွေ ပြန်မဆပ်လျှင် ဧရာဝတီဘဏ်က တရားစွဲမည်