အိန္ဒိယနိုင်ငံ၊ Gujarat ပြည်နယ်၊ Surat မြို့မှာ နေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီး တဦးဟာ ဦးနှောက်ကင်ဆာရောဂါ ဝေဒနာ ခံစားနေရတယ်ဆိုတာကို လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်လောက်တည်းကစပြီး သိခဲ့ရတာပါ။
အဲဒီအမျိုးသမီးရဲ့နာမည်က Shruchi Vadaliya ဖြစ်ပြီး သူဟာ ဦးနှောက်ကင်ဆာရောဂါကြောင့် အသက် မသေဆုံးခင် အချိန်မှာ ပတ်ဝန်းကျင်အတွက် အကျိုးရှိတာ တခုခုကို လုပ်ခဲ့ချင်တဲ့ ဆန္ဒရှိတာကြောင့် ရောဂါဝေဒနာခံစားနေရတဲ့ ကာလအတောအတွင်းမှာ သစ်ပင်ပေါင်း ၃၀,၀၀၀ ကျော်ကို စိုက်ပျိုးခဲ့ပါတယ်။
သူ့အနီးအနား ပတ်ဝန်းကျင်က လူတွေအတွက် အကျိုးရှိအောင် တခုခုပြုလုပ်ဖို့ စဉ်းစားတဲ့အချိန်မှာ သဘာဝပတ်ဝန်းကျင် အတွက်ရော၊ လူသားတွေအတွက်ပါ အကျိုးရှိစေမယ့် သစ်ပင်တွေ စိုက်ပျိုးဖို့ အိုင်ဒီယာ ရရှိခဲ့တာဖြစ်ပြီး သစ်ပင်တွေကြောင့် လေကောင်းလေသန့်တွေ ပိုမိုရရှိလာမယ့် အပြင် လူသားတွေအနေနဲ့လည်း ပိုမိုအသက်ရှည် ကျန်းမာလာစေနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကြိုးစားစိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။
Shruchi ဟာ သူ့ရဲ့ ရည်ရွယ်ချက်အတိုင်းပဲ ဦးနှောက်ကင်ဆာရောဂါ ခံစားနေရစဉ် ကာလအတောအတွင်းမှာ သစ်ပင်တွေကို သူ စိုက်နိုင်သလောက် ကြိုးစားစိုက်ပျိုးခဲ့ပြီး နေမကောင်းဖြစ်ပြီး မသက်သာတဲ့ရက်တွေကလွဲလို့ ကျန်တဲ့ရက်တွေမှာ သစ်ပင်တွေကို မရပ်မနား စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။
သူ တယောက်တည်း မလုပ်နိုင်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းတွေ၊ NGO တွေကို ဆက်သွယ် အကူအညီ တောင်းခံခဲ့ပြီး လက်ရှိ အချိန်မှာဆိုရင်တော့ သစ်ပင်ပေါင်း ၃၀,၀၀၀ ကျော်ကို စိုက်ပျိုးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
သူဟာ သစ်ပင်တွေကို မရပ်မနား စိုက်ပျိုးနေခဲ့ရုံသာ မကဘဲ အနီးအနား ပတ်ဝန်းကျင်က လူတွေကိုပါ သစ်ပင်တွေကို ပိုမိုစိုက်ပျိုးဖို့ တိုက်တွန်းအားပေးနေပါတယ်။
“ကျမက သိပ်မကြာခင်မှာ သေရတော့မှာပါ။ ဒါပေမဲ့ ကျန်ရှိနေတဲ့ လက်ကျန်အချိန်လေးမှာ လူတွေအတွက်ရော၊ သဘာဝပတ်ဝန်းကျင်အတွက်ပါ အကျိုးရှိတာ တခုခုကို လုပ်ပေးခဲ့ချင်ရုံပါ။ တခြားသော လုပ်ချင်တာလေးတွေ ရှိပေမယ့် အချိန်တွေက မလုံလောက်တော့ပါဘူး၊ ဒါကြောင့် တတ်နိုင်တာလေးကိုပဲ လုပ်ခဲ့တယ် သဘောပါ”လို့ သူက ဆိုပါတယ်။
Ref. www.indiatoday.in
You may also like these stories:
ကူးစက်မှု မြန်ဆန်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ခရီးသွားတွေကို အထူးကြပ်မတ်ဖို့လို
သက်ရှိ သတ္တဝါငယ်တွေနဲ့ ပြုလုပ်ထားတဲ့ သော့ချိတ်များ တရုတ်နိုင်ငံမှာ ရောင်းချနေဆဲဖြစ်
တရုတ်နှစ်သစ်ကူး ပွဲတော်ကို ခမ်းခမ်းနားနား ကျင်းပလေ့ရှိတဲ့ နေရာများ