COVID-19 ကာလမှာ လူတွေ နှာခေါင်းစည်း Mask တပ်ဆင်ထားခြင်း ရှိ၊ မရှိကို ရှာဖွေပေးနိုင်မယ့် စက်ရုပ်တွေ အသုံးပြုမှု ပိုမိုတွင်ကျယ်လာပါတယ်။ တကယ်လို့ Mask မတပ်ထားဘူးဆိုရင် အဆိုပါ စက်ရုပ်က Mask တပ်ဖို့ကို ယဉ်ကျေးစွာ အသိပေးသွားမှာပါ။
“Pepper” လို့ နာမည်ပေးထားတဲ့ စက်ရုပ်လေးဟာ ဈေးဝယ်စင်တာတွေ၊ ပြပွဲတွေနဲ့ အများပြည်သူသွားလာရာ နေရာတွေမှာ လူတွေကို Mask တပ်ထားခြင်း ရှိ ၊ မရှိ ကိုယ်ပေါ်က ကင်မရာကတဆင့် Scan ဖတ်ပြီး အသိပေးသွားမှာပါ။
လူပုံစံအတိုင်း ဖန်တီးထားတဲ့ ၁၂၀ စင်တီမီတာ (၄၇ လက်မ) အမြင့်ရှိ Pepper ကို ပြင်သစ်နိုင်ငံ စက်ရုပ် တီထွင်သူ SoftBank Robotics ကနေ စက်တင်ဘာလ ၈ ရက်နေ့က ထုတ်ဖော် ပြသခဲ့တာပါ။ စက်ရုပ်တွေနဲ့ အသုံးပြုနေတဲ့ တခြားနိုင်ငံတွေကအတိုင်း လုပ်ဆောင်ပုံ တူညီပြီး အများပြည်သူသွားလာရာ နေရာတွေမှာ Mask တပ် ထား၊ မထားကို စောင့်ကြည့်ပေးသွားမှာ ဖြစ်ပါတယ်။
Pepper ရဲ့ ကိုယ်ပေါ်မှာ တပ်ဆင်ထားတဲ့ ကင်မရာကတဆင့် Mask တပ်ဆင်ထားတာကို စောင့်ကြည့်ပေးနေတာပါ။ တကယ်လို့ မတပ်ဆင်ထားရင်လည်း ယဉ်ယဉ်ကျေးကျေးနဲ့ တပ်ဆင်ဖို့အကြောင်း ဖျောင်းဖျတဲ့ ပုံစံမျိုး အသိပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကိုယ်ပေါ်က ကင်မရာမှာ လူတွေရဲ့မျက်နှာ တဝက်လောက်ထိ ဘာမှ ဖုံးအုပ်ထားတာမျိုး မတွေ့ရရင် “You have to always wear a mask properly” လို့ ပြောပြသွားမှာပါ။ အသိပေးလိုက်လို့ Mask တပ်သွားတဲ့သူတွေ့ ရင်လည်း နောက်ကနေလိုက်ပြီး “Thank you for having put on your mask” လို့ ကျေးဇူးတင်စကား ဆိုပေးဦးမှာ ဖြစ်ပါတယ်။
အခုလို စက်ရုပ်နဲ့ Mask တပ်ဖို့အတွက် အသိပေးနေတာဟာ စက်ရုပ် ရဲပုံစံလိုမျိုး ဖိအားပေးတာ မဟုတ်ဘဲ မိတ်ဆွေပုံစံ ရင်းရင်းနှီးနှီး အသိပေးတာမျိုးဖြစ်အောင် လုပ်ဆောင်ထားတယ်လို့ Pepper ကိုတီထွင်ခဲ့တဲ့ SoftBank Robotics ကုမ္ပဏီရဲ့ ဥရောပတိုက်အရောင်းဌာန ခေါင်းဆောင် Jonathan Boiria က ပြောပါတယ်။
“စူပါမားကတ်တွေရဲ့ အဝင်မှာ Mask တပ်ခိုင်းဖို့ လူတယောက် ထားရတာမျိုးတွေ ရှိလာပါတယ်။ ဒီစက်ရုပ်ကတော့ သူတို့ကိုယ်စား တာဝန်ယူ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ တချို့တွေဆို မေ့ပြီး Mask ချွတ်ထားပြီးရင် ပြန်မတပ်မိတာမျိုးတွေ ရှိပါတယ်။ ဒါဆိုရင် စက်ရုပ်က Mask ပြန်တပ်ဖို့ ကျနော်တို့ကို အသိပေးပါလိမ့်မယ်”လို့ Boiria က ဆိုပါတယ်။
ကိုဗစ်ကာလမှာ အပြင်ထွက်ရင် မဖြစ်မနေ Mask တပ်ကြဖို့ နိုင်ငံတော်တော်များများမှာ ထုတ်ပြန်ချက် တွေ ထုတ်ထားသလို၊ တချို့နိုင်ငံတွေကလည်း Mask မတပ်သူတွေကို အသိပေးဖို့ လူအင်အား ဒါမှမဟုတ် နည်းပညာမြင့် စက်ရုပ်တွေ ထားရှိလာကြပါပြီ။
Ref: South China Morning Post
You may also like these stories:
အမေရိကန်လေတပ် စစ်ရေးလေ့ကျင့်မှုမှာ စက်ရုပ်ခွေးတွေပါ အသုံးပြု
Air Force One ကို အသံထက်မြန်တဲ့ လေယာဉ်နဲ့ ပြောင်းလဲဖို့ စီစဉ်
ဘယ်လ်ဂျီယံမှာ စူပါမားကတ်က ဈေးဝယ်လှည်းတွေကို UV light သုံးပြီး ပိုးသတ်