ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်၊ ပင်းတယဂူအနီး ရိုးရာလက်မှုလုပ်ငန်းများ အနက် မိုင်းကိုင်စက္ကူ လုပ်ငန်းကို မိသားစု တပိုင်တနိုင် အဖြစ် ဒေသခံတချို့က လုပ်ကိုင်လျက် ရှိပါတယ်။ အလှချိတ် မီးပုံး၊ ထီး၊ စာအုပ်၊ ဓာတ်ပုံ အယ်လ်ဘမ်၊ နံရံကပ် စက္ကူများ အဖြစ် ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များကို ရောင်းချပါတယ်။ မိုင်းကိုင်စက္ကူနဲ့ ပြုလုပ်ထားတဲ့ အမှတ်တရ အသုံးအဆောင် ပစ္စည်းတွေကို အိမ်တွေ၊ ဟိုတယ်တွေမှာ အလှဆင်ဖို့ အသုံးပြုကြပြီး ဈေးကွက်လည်း တွင်ကျယ်နေတယ် လို့ သိရပါတယ်။ မိုင်းကိုင်စက္ကူ လုပ်ငန်းမှာ မိရိုးဖလာလုပ်ငန်း ဖြစ်ပြီး သစ်ခေါက်မှ ရရှိသည့် လျှော်ပင် တမျိုးကို အသုံးပြုပြီး လျှော်ထောင်းခြင်း၊ နယ်ခြင်း၊ နေလှန်းခြင်းများ ပြုလုပ်ပြီး ပုံဖော်လိုသော ပန်းပွင့် ပန်းခက်များနဲ့ လှပသေသပ်အောင် တန်ဆာဆင်ကြကြောင်း သိရပါတယ်။
(The Irrawaddy Weekly Journal, Vol.1, No.46 – စာမျက်နှာ ၂၆ နှင့် ၂၇ တွင်လည်း ပုံနှိပ်ဖော်ပြထားပါသည်။)