ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အင်းလျက်အုပ်စု၊ ရေပြာရွာမှာရှိတဲ့ အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာ ကျောင်းတိုက်မှာ ဂျပန်လူမျိုးတဦး လာရောက်ပြီး ရှေးဟောင်းရုပ်ပွားတော်၊ ဆင်းတုတော် အများအပြားကို လှူဒါန်းသွားတာကြောင့် တနိုင်ငံလုံးက ဘုရားဖူးပြည်သူတွေ စိတ်ဝင်တစားနဲ့ သွားရောက် ဖူးမြော်နေကြပါတယ်။ အောင်ဇမ္ဗူဆရာတော် ဦးပဏ္ဍဝံသရဲ့ အဆိုအရ ရှေးဟောင်း ဆင်းတုတော်တွေကို လှူဒါန်းခဲ့တဲ့ ဂျပန်လူမျိုး မစ္စတာ ကူမန်နိုဆိုတဲ့ ပုဂ္ဂိုလ်က ယခင်တုန်းက ခရစ်ယာန် ဘာသာဝင်တဦးလို့ သိရပါတယ်။ ဂျပန်နိုင်ငံကနေ မြန်မာပြည်မှာရှိတဲ့ ပုဂံဒေသကို အလည်အပတ် ခရီးအဖြစ် သွားရောက်ခဲ့ပြီး နောက်ပိုင်းမှာ သူ့စိတ်မှာ ဖြစ်ပေါ်လာတဲ့ ဆန္ဒအရ ဗုဒ္ဓဘာသာဝင် တဦးအဖြစ် ခံယူလိုက်တယ်လို့ သိရပါတယ်။ ရွှေပြည်သာနဲ့ မှော်ဘီမြို့နယ်ကို ဖြတ်သန်း ဆက်သွယ်ထားတဲ့ အမှတ် ၄ လမ်းမကြီး ဘေးတဖက်တချက်မှာရှိတဲ့ ဖန်ခါးကုန်း ကျေးရွာဆိုတဲ့ ဆိုင်းဘုတ်ရှိရာ မြေနီလမ်းသွယ်ထဲကနေ မိနစ် ၂၀ ခန့် ကား သို့မဟုတ် ဆိုင်ကယ်နဲ့ သွားလိုက်ရင် ရေပြာရွာမှာရှိတဲ့ ဂျပန်လူမျိုးတဦး လှူဒါန်းထားတဲ့ ရှေးဟောင်းရုပ် ပွားတော်တွေနဲ့ ဆင်းတုတော်တွေထားရှိရာ အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာကျောင်းတိုက်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။
(ဓာတ်ပုံ စိုင်းဇော် / ဧရာဝတီ)
(The Irrawaddy Weekly Journal, Vol.1, No.20 တွင်လည်း ပုံနှိပ်ဖော်ပြထားပါသည်။)