HIV ပိုး ကူးစက် ခံထားရသူများနှင့် AIDS ရောဂါ ဖြစ်ပွားနေသူများအပေါ် လူမှုစီးပွား အကျိုး သက်ရောက်မှုဆိုင်ရာ သုတေသန လုပ်ငန်းတခုကို ပြည်နယ်နှင့်တိုင်း အသီးသီး၌ လာမည့် အောက်တိုဘာ လလယ်ခန့်တွင် ပြုလုပ်နိုင်ရန် စီစဉ်နေကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ သတင်းရရှိသည်။
UNDP မှ HIV/ AIDS အစီအစဉ် မန်နေဂျာ ဦးမောင်မောင်ကျော်က “HIVပိုးရှိသူတွေနဲ့ သူ့မိသားစုတွေမှာ လူမှုရေးအရ၊ စီးပွားရေးအရ ဘယ်လိုထိခိုက်သလဲ ဆိုတာတွေကို လေ့လာမယ်၊ သူတို့ကို တွေ့ဆုံမေးမြန်းမယ်။ အပြန်အလှန် ဆွေးနွေး မှုတွေ ပါဝင်မယ်။ ဆေးဝါးရ ရှိမှုအခြေအနေ တွေနဲ့ ပတ်သက်ပြီးလည်း မေးမြန်းသွားမယ်” ဟု ဧရာဝတီသို့ ပြောသည်။
သုတေသန စစ်တမ်း ကောက်ယူခြင်း ဖြစ်သည့်အတွက် ပုဂ္ဂိုလ်ရေး အချက်အလက်များ၊ အမည်နာမများကို သုံးစွဲ ဖော်ပြသွားမည် မဟုတ်ကြောင်းလည်း သူက ဆိုသည်။
တနှစ်ခန့်ကြာမြင့်မည့် အဆိုပါစီမံကိန်းကို ကျန်းမာရေး ဦးစီးဋ္ဌာနနှင့် ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ပြီး၊ Myanmar Positive Group နှင့် ပြည်နယ်နှင့် တိုင်းများရှိ ကိုယ့်အားကိုယ်ကိုး အဖွဲ့အစည်းများ၏ အကူအညီကို အဓိက ရယူသွားမည် ဖြစ်ကာ၊ သုံးစွဲမည့် ဘတ်ဂျက်အား အမေရိကန်ဒေါ်လာ ၅ သောင်း လျာထားကြောင်း အထက်ပါပုဂ္ဂိုလ်ထံမှ သိရသည်။
“အခုက ကာကွယ်ရေးနဲ့ ကုသရေး ပိုင်းတွေကိုပဲ ဦးစားပေး လုပ်နေတာဆိုတော့ ဒီသုတေသနကနေပြီး HIV ဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလျှော့ချနိုင်တဲ့ အစီအစဉ်တွေ ရလာနိုင်မယ်။ ကျနော်တို့နိုင်ငံမှာ အကောင်အထည် ဖော်နေတဲ့ အမျိုးသား မဟာဗျူဟာ စီမံကိန်းကိုလည်း အထောက်အကူ ပြုနိုင်တယ်” ဟု Myanmar Positive Group ၏ ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ဧရာဝတီသို့ ပြောသည်။
ယင်း သုတေသန လုပ်ငန်းအတွက် ပြည်တွင်းပြည်ပ သုတေသန အဖွဲ့အစည်းများကို ငှားရမ်း အသုံးပြုသွားမည်ဖြစ်ပြီး ယခုအပတ်အတွင်း လျှောက်လွှာများ စတင် ခေါ်ယူတော့မည်ဖြစ်ကြောင်း UNDP မှ သိရသည်။
“တချို့ နေရာတွေမှာ HIV ကူးခံထားရလို့ ဆိုပြီး စိတ်အားငယ်ပြီး အလုပ်ခွင်မသွားတဲ့ သူတွေရှိတယ်။ ပတ်ဝန်းကျင်က သူတို့ကို အပြစ်တင် ဝေဖန်မှုတွေရှိတယ်။ သုတေသန ရလဒ်မှာ ဝိုင်းပယ်ခံရတာတွေ များနေသေးတယ် ဆိုရင် လူထုကို ဒီလိုမဖြစ်အောင် အသိပညာပေး စည်းရုံးမှုတွေ လုပ်သွားမယ်” ဟု ဦးမောင်မောင်ကျော်က ဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်အတွင်း HIV ပိုး ကူးစက်ခံထားရသူပေါင်း ၁၉၈၈၁၁ ဦးရှိပြီး၊ ART ဆေးဝါးလိုအပ်သူ ၁၂၅၀၄၃ ဦး ရှိနိုင်ကြောင်း၊ ယခုနှစ်တွင် ARV ဆေးဝါး လိုအပ်သူများ၏ ၄၉ ရာခိုင်နှုန်းအား ဆေးဝါးပေးနိုင်ရန် လျာထားကြောင်း ပြီးခဲ့သည့် မတ်လတွင် ပြုလုပ်ခဲ့သည့် ကျန်းမာရေးဦးစီးဋ္ဌာန National AIDS Program နှစ်ပတ်လည် အစည်းအဝေး ထုတ်ပြန်ချက်အရ သိရသည်။












