ရခိုင်ပြည်နယ်တွင် နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု (နစက) ဋ္ဌာနချုပ်ကို ဖျက်သိမ်းလိုက်ကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့တွင် သမ္မတရုံးက အမိန့် ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးဌာန၌ လုပ်ငန်းတာဝန်များ မရှိတော့သဖြင့် ယင်းဌာနမှ ရာဂဏန်းနှင့်ချီသည့် ဝန်ထမ်းများ အဆင်မပြေ ဖြစ်နေကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ် နစက ဌာနချုပ်ကို ဖျက်သိမ်းပြီးနောက် ယနေ့အချိန်အထိ မည်သည့်တာဝန် ထမ်းဆောင်ရမည်ကို မသိရှိ သေးကြောင်း နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှ အရာရှိတဦးက ဧရာဝတီသို့ ဆက်သွယ် ပြောကြားလာခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် နစက ဋ္ဌာနချုပ်ကို အစိုးရက ဖျက်သိမ်းခဲ့ပြီး ရဲတပ်ရင်းတရင်း အစားထိုးလိုက်ပြီးနောက် ယခင် ဖွဲ့စည်းပုံ အရ တာဝန်ယူထားသော စစ်တပ်၊ ရဲတပ်ဖွဲ့၊ အကောက်ခွန်နှင့် လူဝင်မှု ကြီးကြပ်ရေး စသည့် ဌာန ၄ ခုတို့တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့မှာ မိခင်ဌာနချုပ်များ တည်ရှိရာ နေရာများသို့ ပြန်ရောက်ရှိ သွားကြသော်လည်း အကောက်ခွန်နှင့် လူဝင်မှု ကြီးကြပ်ရေး ဌာနတို့မှာ နစက ဌာနချုပ်တည်ရှိရာ မောင်တောမြို့နယ် ကျီးကန်းပြင် ကျေးရွာတွင် ဖွဲ့စည်းပုံနှင့် လုပ်ငန်း တာဝန်များ မရှိဘဲ အလုပ်လက်မဲ့ ဖြစ်နေကြောင်း သိရသည်။
“အရင် နစက လုပ်ငန်း တာဝန်အတိုင်း ဆက်လုပ်လို့ ပြောထားတယ်။ ဒါပေမယ့် ဘာအလုပ်မှ မရှိဘူး။ ဘာဖွဲ့စည်းပုံမှ မရှိဘူး။ အခွန်ဝန်ထမ်းတွေ ကတော့ ဖွဲ့စည်းပုံကျလို့ ဆိုပြီး ပြန်ခေါ်သွားတယ်။ အကြောင်းပြတာပါ။ မီဒီယာမှာ ပါလာလို့ ပြန်ခေါ် သွားတာ။ ကျနော်တို့လည်း အိမ်ပြန်ချင်ပြီ။ ဒီမှာလည်း ဒီအတိုင်း ထိုင်နေရတာ” ဟု အထက်ပါ လူဝင်မှု ကြီးကြပ်ရေး အရာရှိက ဆိုသည်။
လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မြင့်နှင့် အဖွဲ့သည် စက်တင်ဘာလ ၁၈ ရက်နေ့က မောင်တောမြို့နယ် နစက ဋ္ဌာနချုပ် တည်ရှိရာသို့ ရောက်ရှိလာပြီး နစက ဖျက်သိမ်း လိုက်သော်လည်း ဝန်ထမ်းများအနေဖြင့် ယခင် တာဝန် ဆက်လက် ထမ်းဆောင်ရန်နှင့် ရခိုင်ပြည်နယ်သို့ တရားမဝင် နိုင်ငံခြားသားများ ဝင်ရောက်မှု ကာကွယ်ရေးအဖွဲ့တခု ဖွဲ့စည်းပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု နစက ဌာနချုပ်မှ
အရာရှိတဦးက ပြောသည်။
“ကျနော်တို့မှာ ဘာအလုပ်မှမရှိတော့ ယောင်ဝါးဝါး ဖြစ်နေတယ်။ တနေကုန် စားလိုက်သောက်လိုက်၊ အိမ်လိုက်နဲ့ပဲ။ အလုပ်မရှိတော့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမဲ့သလို ခံစားရတယ်။ ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိဘူး။ ဒီက ဝန်ထမ်းတွေ ကတော့ တော်တော် စိတ်ညစ်နေပြီ” ဟု ယင်းအရာရှိက ဆိုသည်။
လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန လက်အောက်မှ ဝန်ထမ်းများကို ယခင်တာဝန်အတိုင်း ဆက်လက် ထမ်းဆောင် စေမည် ဖြစ်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ နယ်စပ်ရေးရာ လုံခြုံရေး ဝန်ကြီးတို့နှင့် ညှိနှိုင်းပြီး နယ်စပ်လုံခြုံရေး တာဝန်၊ လူဦးရေ ထိန်းသိမ်းရေး တာဝန်များကို ဆက်လက် ထမ်းဆောင်စေမည် ဖြစ်ကြောင်း ယင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ဧရာဝတီသို့ ပြောသည်။
“အစကတည်းက သူတို့ကို ခွဲထားတဲ့ စခန်းတွေ ရှိတယ်။ သူတို့မှာ မူလ လုပ်ငန်းတာဝန်တွေ ရှိပါတယ်။ သူတို့ လုပ်ငန်း ဆက်လုပ်ဖို့ အတွက် ကျနော်တို့ဆီက ဒုညွှန်ချုပ်နဲ့ အဖွဲ့ သွားပြီးတော့ ညှိနှိုင်းမှုတွေ ဆက်လုပ် နေပါတယ်။ နဂို လုပ်ငန်း တာဝန်တွေ ဖြစ်တဲ့ လူခိုးဝင်တာတွေ ဘာတွေ မရှိဖို့ ဆက်လက်တာဝန် ထမ်းဆောင်ရမှာပါ” ဟု ၎င်းက ဆိုသည်။
နစက ဌာနချုပ်၌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်တွင် ဝန်ထမ်း ၉၀ ခန့်ရှိရာ ၆၀ ကို မိခင်ဌာနက ယခုလ အတွင်း ပြန်လည် ခေါ်ဆောင်သွားပြီ ဖြစ်ပြီး ဝန်ထမ်း ၃၀ ခန့်သာ နစက တွင် ကျန်တော့ကြောင်း၊ မိမိတို့ လဝကမှာ အရာရှိ ၃၀ ခန့် အပါအဝင် ဝန်ထမ်းပေါင်း ၃၀၀ ခန့်မှာ နစက ဌာနချုပ်တွင် ကျန်ရှိနေကြောင်း နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှ အရာရှိတဦးက ပြောပြသည်။
နယ်စပ်ဒေသများတွင် တာဝန် ထမ်းဆောင်ရသော ဝန်ထမ်းများအနေဖြင့် ကာလ သတ်မှတ်ချက်မှာ ဌာနဆိုင်ရာ စည်းမျဉ်း စည်းကမ်းများအရ အရာရှိဆိုလျှင် တနှစ် ခြောက်လ၊ တခြားအဆင့် အရာထမ်းဆိုလျှင် တနှစ် တာဝန်ထမ်းဆောင် ရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။
“အခုက မိသားစုနဲ့လည်း ခွဲနေရတယ်။ အိမ်က နှစ်အိမ် ဖြစ်နေတော့ ပိုကုန်တာပေါ့။ အရင်က စစ်တပ်က ရိက္ခာခွဲတမ်း ကျနော်တို့လည်း ရတယ်၊ အခု မရတော့ဘူး။ လစာနဲ့ကလည်း စားလို့မလောက်ဘူး။ လစာနှစ်ဆ လိုချင်တယ်ဆိုတာ တင်ပြတော့ ဒီနှစ် မရသေးဘူး။ နောက်နှစ်မှ ရမယ်လို့ ပြောတယ်။ ရဲတပ်ဖွဲ့ဆိုရင် လစာ နှစ်ဆ ခံစားခွင့် ရနေတယ်” ဟု လဝက အရာထမ်း တဦးက ဆိုသည်။
နစက ကို ယခင်အစိုးရ လက်ထက်က စစ်တပ်၊ ရဲတပ်ဖွဲ့၊ အကောက်ခွန်နှင့် လူဝင်မှု ကြီးကြပ်ရေး ဌာနတို့ ပေါင်းစပ်လျက် ၁၉၉၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် သမ္မတရုံး အမိန့်ဖြင့် နစက ဋ္ဌာနချုပ် ဖျက်သိမ်းပြီး ရဲတပ်ရင်း တခု အစားထိုးလိုက်ခြင်း ဖြစ်သည်။