ထိုင်းနဲ့ ကမ္ဘောဒီယား နှစ်နိုင်ငံနယ်စပ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲဟာ ဒုတိယမြောက်နေ့ဖြစ်တဲ့ ဒီကနေ့ ဇူလိုင် ၂၅ ရက်နေ့မှာ ပိုမိုပြင်းထန်နေကြောင်း နှစ်နိုင်ငံ ထုတ်ပြန်ချက်တွေနဲ့အတူ သတင်းဌာနတွေရဲ့ ဖော်ပြထားချက်တွေအရ သိရပါတယ်။ မြေပြင်မှာ နှစ်ဖက်အပြန်အလှန် အမြောက်တွေနဲ့ ပစ်ခတ်နေကြတယ်လို့ ဆိုပါတယ်။
နယ်စပ်ဒေသက ထိုင်းနိုင်ငံရဲ့ ပြည်နယ်နှစ်ခုဖြစ်တဲ့ ဥဘုန်ရာ့ချထာနီနဲ့ စုရင်းပြည်နယ်တို့နဲ့ ထိစပ်ရာဒေသတွေမှာ ဒီကနေ့မနက် အာရုဏ်မတက်မှီက စတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး ကမ္ဘောဒီးယားဘက်က အမြောက်တွေ၊ ရုရှားထုတ် BM-21 ဒုံးပျံတွေကို အသုံးပြုတိုက်ခိုက်နေတယ်လို့ ထိုင်းတပ်မတော် အမှတ် (၂) စစ်ဒေသက မြန်မာစံတော်ချိန် မနက် ၇ နာရီခွဲလောက်မှာ သတင်းထုတ်ပြန် ထားပါတယ်။
မနေ့က ကမ္ဘောဒီးယားစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ထိုင်းဘက်ခြမ်းမှာ စစ်သားတဦးအပါအဝင် သေဆုံးသူ ၁၄ ဦးရှိခဲ့ကြောင်း ထိုင်းပြည်ထဲရေး ထုတ်ပြန်ချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်က သတင်းဖော်ပြပါတယ်။ ဒါ့အပြင် နယ်စပ်ဒေသ ပြည်နယ်လေးခုမှာနေထိုင်တဲ့ အရပ်သားဒေသခံ တသိန်းကျော်ကို ယာယီခိုလှုံရေးစခန်း အခု ၃၀၀ စီပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #ထိုင်း #ကမ္ဘောဒီးယား
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













