မြန်မာဘောလုံးလောက ဖြစ်ပေါ် တိုးတက်မှုနှင့် စပ်လျဉ်း၍ မြန်မာရှေးဟောင်း စကားတခုကို ပြင်ရမလို ဖြစ်နေသည်။ ထို စကားစုက “ကြက်မတွန်၍ မိုးမလင်း၊ ကြက်ဖတွန်မှ မိုးလင်းသည်” ဟူ၍ ဖြစ်သည်။ မြန်မာ ဘောလုံးလောက တွင်မူ ၁၉၉၅ နောက်ပိုင်းမှ စ၍ မြန်မာ အမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်းများက အောင်ပွဲ အလီလီ ရရှိခဲ့ သည်။ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ပြိုင်ပွဲတိုင်းလိုလို မှာပင် ဆွတ်ခူးနိုင်ခဲ့ကြသည်။ သို့ရာတွင် မြန်မာ အမျိုးသမီးများ ဘောလုံး ကစားလာကြသည်မှာ အမျိုးသားများလောက် သက်တမ်း မရှည်သေးပါ။
မြန်မာနိုင်ငံတွင် ပထမဆုံး အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ၁၉၅၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် အောင်ဆန်း အားကစား ပြိုင်ဝင်း၌ စတင်ကျင်းပခဲ့သည်။ ကစားကြသည့် ဘောလုံးသမားများမှာ ထိုစဉ်က အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီမှ အမျိုးသမီး ကိုယ်လက်ကြံ့ခိုင်ရေးမှူးများကို အထက်မြန်မာပြည် ဟူ၍ နှစ်သင်းဖွဲ့ကာ ယှဉ်ပြိုင်ကစားကြခြင်းသာ ဖြစ်သည်။ အထက်မြန်မာပြည် အမျိုးသမီးအသင်းတွင် ပါဝင်သူများမှာ ဂိုး- အင်ဖန်ဂျာရာ (မြစ်ကြီးနား)၊ နောက်တန်း – စုစုဦး (မင်းဘူး)၊ မခင်ဌေး (ရွှေဘို)၊ အလယ်တန်း – စိန်စိန် (သရက်)၊ မခင်ဌေး (ဗန်းမော်)၊ ရင်ရင် (ချင်းဝိသေသတိုင်း)၊ ရှေ့တန်း- ညိုညို (မုံရွာ)၊ အေးအေးဆင့် (ဗန်းမော်)၊ ခင်ခင်ထွေး (ဗန်းမော်)၊ ဂရေစီကား (ဗန်းမော်)နှင့် မနန်းရင် (တောင်ကြီး) တို့ ဖြစ်ကြသည်။
အောက်မြန်မာပြည် လက်ရွေးစင် အမျိုးသမီး ဘောလုံး သမားများမှာ ဂိုး- မခင်ရီ (ပဲခူး)၊ နောက်တန်း- မယ်ဗမာ ခင်စန်းကြွယ် (ရန်ကုန်)၊ မသောာင်းတင် (ပဲခူး)၊ အလယ်တန်း- မမြင့်ရီ (ပြည်)၊ လီလီကြာညွန့် (ရန်ကုန်)၊ ရင်ရင်မြ (အင်းစိန်)၊ မအုံးကြည် (ထားဝယ်)၊ ဖြူဖြူ (အင်းစိန်)၊ နော်ခူး (ဘားအံ)၊ မစန်းမြင့် (မြောင်းမြ)၊ စုစု (ဟံသာဝတီ) တို့ ဖြစ်သည်။ ယင်းနေ့က အမျိုးသမီး ဘောလုံး စမ်းသပ် ကစားပွဲသို့ အောင်ဆန်း အားကစား ပြိုင်ဝင်း ကွင်းလုံးပြည့်မျှ ဘောလုံးဝါသနာရှင်များ လာရောက်အားပေကြသည်။ အထက်မြန်မာပြည် အမျိုးသမီး ဘောလုံးအသင်းက အောာက်မြန်မာပြည် အမျိုးသမီး အသင်းကို ၂း၀ ဂိုးဖြင့် အနိုင်ရရှိသွားသည်။
အမျိုးသမီး ကိုယ်လက်ကြံ့ခိုင်ရေးမှူးများ သင်တန်းဆင်းပြီးနောက် တာဝန်ကျရာ ဒေသများသို့ ရောက်ရှိပြီး အမျိုးသမီး ဘောလုံးအသင်းများ ဖွဲ့စည်းခဲ့သည်။ မြို့နယ် ခရိုင်တိုင်းတွင် တာဝန်ကျနေသည့် အစိုးရ အရာရှိကြီးများက ဘောလုံး အသင်းများ ဖွဲ့စည်းပြီး အမျိုးသမီးဘောလုံး အသင်းများနှင့် ခြေစမ်း ကစားလာကြသည်။ သတင်းစာများက ဇရာအိုနှင့် ကညာပျို ဘောလုံးပွဲဟု ခေါင်းစဉ်တပ်ကာ အမျိုးသားကြီးများနှင့် ကညာပျို အမျိုးသမီးငယ်များ ဘောလုံးကစားခြင်းကို ပြစ်တင်ဝေဖန် ရှုတ်ချခဲ့သည်။
တော်လှန်ရေး အစိုးရ တက်လာပြီးနောက် ဇရာအိုများနှင့် ကညာပျိုများ ဘောလုံး မကစားရဟု တရားဝင် ပိတ်ပင်မှု ကြောင့် အမျိုးသမီးများ ဘောလုံးကစားခြင်း ရပ်ဆိုင်းသွားခဲ့ရသည်။
မြန်မာနိုင်ငံတွင် အမျိုးသမီး ဘောလုံး စမ်းသပ်ဘောလုံးပြိုင်ပွဲများ ကျင်းပပြီးနောက် နှစ်ပေါင်း ၂၀ တိတိရှိမှ အာရှ အမျိုးသမီး ဘောလုံးပြိုင်ပွဲ စတင်ကျင်းပခဲ့သည်။ ပထမဆုံး အာရှအမျိုးသမီး ဘောလုံးပြိုင်ပွဲကို ၁၉၇၅ ခုနှစ်တွင် ဟောင်ကောင်၌ စတင်ကျင်းပခဲ့သည်။ အသင်း ၆ သင်းသာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ နယူးဇီလန်က ထိုင်းအမျိုးသမီး အသင်းကို ၃း၁ ဖြင့်နိုင်ပြီး ပထမဆုံး အာရှအမျိုးသမီး ဘောလုံးချန်ပီယံအသင်း ဖြစ်ခဲ့သည်။ အာရှအမျိုးသမီး ဘောလုံးပြိုင်ပွဲကို ၁၉၇၅ ခုနှစ်ကျမှ စတင်နိုင်ခဲ့သော်လည်း အာရှအမျိုးသမီး ဘောလုံး အဖွဲ့ချုပ်ကိုမူ ၁၉၆၈ ကတည်းက စတင်ဖွဲ့စည်းခဲ့သည်။
၁၉၉၀ ပြည့်ကျော် နှစ်များတွင် မြန်မာနိုင်ငံတွင် အမျိုးသမီး ဘောလုံး ကစားခြင်းများ ပြန်လည်နိုးထလာသည်။ ယခု အကြိမ်တွင်မူ ဇရာအိုများ မပါတော့ပါ။ အမျိုးသမီး အချင်းချင်း ကစားလာကြသည်။ အထက်မြန်မာပြည်တွင် ပြင်ဦးလွင်၊ စစ်ကိုင်း၊ ရွှေဘို၊ ကျောက်ပန်းတောင်းမြို့များတွင် အမျိုးသမီး ဘောလုံးအသင်းများ ပီပီပြင်ပြင်ပေါ်ထွက် လာသည်။ အောက်မြန်မာပြည်တွင် အမျိုးသမီး ဘောလုံးအသင်းများ ပေါ်ပေါ်ထင်ထင် ဖွဲ့စည်းလာကြသည်။ ထိုစဉ်ကမူ ရန်ကုန်တွင် အမျိုးသမီးဘောလုံး အသင်းများ ပုန်းလျှိုးကွယ်လျှိုး ဖွဲ့စည်းပြီး ရန်ကုန် ဆင်ခြေဖုံးမြို့နယ် များတွင်သာ ကစားနေကြရသည်။ ထိုစဉ်က ရန်ကုန် အမျိုးသမီး ဘောလုံးလောကကို ဦးဆောင်ခဲ့သူမှာ ရိုးရာအားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်မိမိခင် (ကွယ်လွန်) ဖြစ်သည်။
၁၉၉၅ ခုနှစ်တွင် ထိုင်းနိုင်ငံ ဇင်းမယ်၌ ကျင်းပသည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အမျိုးသမီးဘောလုံး ပြိုင်ပွဲ ထည့်သွင်းကျင်းပရန် အရှေ့တောင်အာရှ အားကစားပွဲတော် ကျင်းပရေး ကော်မတီက ဆုံးဖြတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အမျိုးသမီး ဘောလုံပြိုင်ပွဲများ တရားဝင်ကျင်းပခွင့် ရခဲ့သည်။ ပြည်နယ်နှင့်တိုင်း အမျိုးသမီး ဘောလုံး ပွဲကို စတင်ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် ခြေစွမ်းခြေစ ရှိသည့် အမျိုးသမီး ဘောလုံးသမားများ ရွေးချယ်ပြီး ပထမဆုံး မြန်မာ အမျိုးသမီးဘောလုံး လက်ရွေးစင် အသင်း ဖွဲ့ခဲ့သည်။ ဇင်းမယ် ဆီးဂိမ်းတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ဇင်းမယ် ဆီးဂိမ်း အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် မြန်မာ၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူနှင့် အိမ်ရှင် ထိုင်းအသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ မြန်မာ လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းသည် စင်ကာပူ အသင်းကို ၁း၀ ဖြင်နိုင်သည်။ ဒုတိယပွဲတွင် ဖိလစ်ပိုင် အသင်းနှင့် ၁ ဂိုးစီ သရေကျသည်။ တတိယပွဲတွင် ထိုင်းအသင်းနှင့် ၃ ဂိုးစီ သရေကျသည်။ စတုတ္ထပွဲတွင် မလေးရှားအသင်းကို ၃း၅ ဖြင့် ရှုံးသည်။ ဖိလစ်ပိုင်နှင့် ရသည့် အမှတ်ချင်း တူသော်လည်း ဂိုးရရှိမှု အားသာချက်ဖြင့် တတိယ ကြေးတံဆိပ် ရရှိသည်။
ဆီးဂီမ်းတွင် ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာ အမျိုးသမီး ဘောလုံးသမားများမှာ ဝါဝါမိုး၊ ခင်မေသန်း၊ မြမြခိုင်၊ ဗေဒါ၊ မြင့်မြင့်လှိုင်၊ အေးအေးမော်၊ ညိုညိုအောင်၊ ယဉ်ယဉ်ဦး၊ တင်အေးကြိုင်၊ မမြရီ၊ သီတာအေး၊ ညိုလှ၊ ယဉ်မိုးအေး၊ နီလာကြွယ်၊ စမ်းစမ်းကြူ၊ နုနုခိုင်ဝင်း၊ သီတာကြည်၊ ဝင်းဝင်းမာနှင့် လှလှသန်းတို့ ဖြစ်ကြသည်။ ပထမဆုံး မြန်မာ အမျိုးသမီး လက်ရွေးစင် အသင်း နည်းပြ/ အုပ်ချုပ်သူများမှာ ဦးကျော်တင့်နှင့် လက်ထောက်နည်းပြ ဒေါ်အမာနီတို့ ဖြစ်သည် မြန်မာ လက်ရွေးစင် အမျိုးသမီး ဘောလုံး အသင်းမှာ ဆီးဂိမ်းတွင် ဘောလုံးပြိုင်ပွဲ ထည့်သွင်း ကျင်းပခြင်း မရှိသည့် ဘရူနိုင်း (၁၉၉၉) နှင့် အင်ဒိုနီးရှားဆီးဂိမ်း (၂၀၁၁) တို့မှ လွဲ၍ ကျန်ဆီးဂိမ်း အမျိုးသမီး ဘောလုံး ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၁၉၉၇ (အင်ဒိုနီးရှား) ဒုတိယ၊ ၂၀၀၁ (မလေးရှား) ဒုတိယ၊ ၂၀၀၃ (ဗီယက်နမ်) ဒုတိယ၊ ၂၀၀၅ (ဖိလစ်ပိုင်) ဒုတိယ၊ ၂၀၀၇ (ထိုင်း) တတိယ၊ ၂၀၀၉ (လာအို) တတိယ ဆု အသီးသီး ဆွတ်ခူးခဲ့သည်။ သို့ရာတွင် မြန်မာ လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းမှာ အရှေ့တောင် အာရှ တံခွန်စိုက် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ ကြိမ်နှင့် ငွေတံဆိပ် ၂ ကြိမ် ဆွတ်ခူးထားသည်။ အာရှတခွန်စိုက် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင်လည်း လက်ရှိ ခြေစစ်ပွဲ အောင်မြင်ထားသည်။ အာရှအဆင့်တွင် စတုတ္ထပင် ရရှိစေဦးတော့ ကမ္ဘာ့ဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။
လက်ရှိတွင်လည်း မြန်မာ လက်ရွေးစင် အမျိုးသမီး အသင်းသည် ၂၀၁၃ ခုနှစ်၊ ဧရာဘဏ် ဖလား အာဆီယံ ဘောလုံး အဖွဲ့ချုပ် တံခွန်စိုက် ပြိုင်ပွဲတွင် အိမ်ရှင်အသင်း အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ မြန်မာ အမျိုးသမီး အသင်း အုပ်စု (ခ)၌ ဂျပန် ယူ-၂၃ အသင်း၊ လာအို၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား အသင်းတို့နှင့် အတူ ကစားရသည်။ လာအို အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် အသင်းတို့ကို နိုင်ပြီး ဂျပန် ယူ ၂၃ နှင့် အတူ အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားပြီ ဖြစ်သည်။ ဧရာဘဏ် ဖလား အာဆီယံ အမျိုးသမီး တံခွန်စိုက် ပြိုင်ပွဲမှာ ဆီးဂိမ်း အကြို အမျိုးသမီး ဘောလုံး ဘောလုံးအသင်းများ ခြေစမ်းပွဲဟုလည်း သတ်မှတ်နိုင်သည်။ ဂျပန် ယူ ၂၃၊ သြစတြေးလျ ယူ ၁၉ နှင့် ဂျော်ဒန် အသင်းတို့မှ အပ ကျန် ပြိုင်ပွဲဝင် ၇ နိုင်ငံမှာ အရှေ့တောင် အာရှ နိုင်ငံများသာ ဖြစ်သည်။ မြန်မာ၊ လာအို၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ထိုင်းနှင့် မလေးရှား အသင်းတို့ပင် ဖြစ်သည်။ ယင်းနိုင်ငံများပင် ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ဖွယ် ရှိသည်။
မြန်မာအမျိုးသမီး ဘောလုံး အသင်းသည် ၂၀၁၃ ဇွန် ၁၇ မှ ဇူလိုင် ၅ ရက်နေ့အထိ ဂျပန်နိုင်ငံသို့ သွားရောက်ပြီး လေ့ကျင့်ရင်း ခြေစမ်းပွဲများ ကစားခဲ့သည်။ ယခု ဧရာဘဏ် ဖလားဘောလုံးပြိုင်ပွဲ ပြီးလျှင်လည်း တရုတ်ပြည်သို့ သွားပြီး လေ့ကျင့်ရင်း ကစားရန် စီစဉ်ထားသည်ဟု သိရသည်။ နေပြည်တော်တွင်ကား မသိ၊ ရန်ကုန်တွင်မူ နေ့စဉ် ရက်ဆက် အငြိုးကြီးစွာဖြင့် မိုးကြီးရွာနေသဖြင့် လဟာပြင် “Outdoor” တွင် ယှဉ်ပြိုင်ကစားရသည့် ဘောလုံး၊ ဟော်ကီ၊ သေနတ်ပစ် အားကစားနည်းတို့ လေ့ကျင့်ရန် အခက်အခဲ ရှိနေသည်။
ဂျပန်ကို ၃:၀ ဖြင့် ဘာကြောင့်ရှုံးရသည်ကို သင်ခန်းစာယူနိုင်လိမ့်မည်။ ယနေ့ညနေ ဩစတြေးလျကိုလည်း အကြိတ်အနယ်ကန်မည့် ပွဲကြီးပွဲကောင်း ရှိနေသည်။ နိုင်လျှင် ဂျပန်နှင့် ဗီယက်နမ်ပွဲက နိုင်ပြီးတက်လာမည့်အသင်းနှင့် ဗိုလ်လုပွဲကန်ရမည်။ ရှုံးလျှင် တတိယလုရမည်။
မည်သို့ဆိုစေ မြန်မာ အမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်းသည် ကိုယ့်မြေ ကိုယ့်ကွင်း၊ ကိုယ့်ပရိသတ် ရှေ့မှောက်တွင် ရွှေတံဆိပ် ရယူပေးနိုင်လိမ့်မည်ဟု မျှော်လင့်ချက်ကို သယ်လာနိုင်သည်။ “ကြက်မ တွန်လျှင်လည်း မိုးလင်းနိုင်ကြောင်း” မြန်မာအမျိုးသမီး ဘောလုံးအသင်းက လက်တွေ့ပြပြီ ဖြစ်ပါသည်။ ။