သမ္မတ ဦးသိန်းစိန်က ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲ အတွက် ကြိုတင်ပြင်ဆင် ထားမှုများကို ကြည့်ရှုပြီးသည့်နောက် နိုင်ငံတော် အတွက် အထူး အရေးကြီးသည့် အချက်တချက်ကို မိန့်ခွန်း ပြောရာ၌ ထည့်သွင်း ပြောဆို လမ်းညွှန် သွားခဲ့သည်။
“၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကြီးက မိမိတို့ လူငယ်များ အတွက် ကောင်းမွန်သည့် အနာဂတ် တခုကို ဖန်တီးနိုင်မည်” ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ သမ္မတ၏ လမ်းညွှန် မိန့်ကြားချက်ကို မိမိ နားလည် သဘော ပေါက်သလို အဓိပ္ပာယ် ဖွင့်ဆိုရလျှင် မြန်မာနိုင်ငံ အတွင်းရှိ လူငယ်များ အားလုံး ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကတဆင့် ရရှိကြမည့် အားကစား စိတ်ဓာတ်များဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်ကို ကောင်းမွန်စွာ တည်ဆောက်နိုင်ကြ လိမ့်မည်ဟု သဘောရသည်။
ယနေ့ လူငယ်များတွင် သူ့လူတန်းစားနှင့် သူ၊ သူ့အဆင့်အတန်းနှင့် သူ အားကစား စိတ်ဓာတ်များ တနေ့တခြား နည်းပါး လာကြသည် ကတော့ အမှန်ပင် ဖြစ်သည်။ ငွေကြေးချမ်းသာ ကြွယ်ဝသည့် လူတန်းစားမှ ပေါက်ဖွားလာသည့် သားသမီး တချို့က နိုက်ကလပ်၊ ဒေးကလပ်၊ ကေတီဗီ အစရှိသည် တို့တွင် မှန်မှန် ပျော်မွေ့နေကြသည်။ ရန်ကုန်မြို့တွင်း၌ သိန်း ထောင်ကျော်တန် ကားများဖြင့်ပင် ပြိုင်ပွဲလုပ် မောင်းနှင် နေကြသည်။ အုပ်စုဖွဲ့၍ ရမ်းကား နေကြသည်။ ကြေးရတတ် မိဘများ၏ သားသမီးများ အားလုံးတော့ မဟုတ်ပါ။ လိမ္မာ ယဉ်ကျေးသော၊ ပညာကို လိုလို လားလား သင်ကြားနေ ကြသော ကြေးရတတ် မိသားစုမှ ပေါက်ဖွားသည့် သားသမီးများလည်း ရှိပါသည်။ သို့သော် လူနည်းစု တစု၏ လုပ်ရပ်က နတ်သုဒ္ဓါထဲ မစင် တပဲသား ကျသလိုမျိုး ဖြစ်နေပါသည်။ ငါးခုံးမပုပ် တကောင် နှစ်ကောင်ကြောင့် တလှေလုံး ပုပ်နေရခြင်း ဖြစ်ပါသည်။
နောက်ထပ် လူတန်းစား တရပ်ကတော့ ဝန်ထမ်းများ၊ လက်လုပ်လက်စား မိဘများမှ ပေါက်ဖွားလာသည့် သားသမီးများ ပင်ဖြစ်သည်။ သူတို့ကျတော့ လက်လှုပ်မှ ပါးစပ်ဟနိုင်သည့် အခြေအနေ ဖြစ်နေကြ၍ အားကစားကွင်း၊ အားကစားရုံ များသည် သူတို့နှင့် လားလားမှ မအပ်စပ်သော နေရာများ ဖြစ်နေကြသည်။ အချိန်လေး ရ၍ ဘောလုံး ကစားကြရာမှာပင် ပလတ်စတစ် ဘောလုံးကို အကောင်းစား ပြု၍ ကစားနေ ကြရသည့် လူတန်းစားများ ဖြစ်ကြသည်။
မြန်မာနိုင်ငံမှ လူငယ်ထုကို အားကစား လိုက်စားမှုနှင့် လေ့လာကြည့်ရာ အောက်ပါအတိုင်း တွေ့ရသည် –
ပညာရေးကိုသာ ရှေ့တန်းတင်ပြီး ကျောင်းမှဆင်းလျှင် ကျူရှင်၊ ကျူရှင်ပြီးလျှင် တဦးချင်း အနီးကပ် ဆရာများဖြင့် ပညာရေးတွင်သာ တဝဲလည်လည် ဖြစ်နေကြသည့် ကျောင်းသား လူငယ်များ။
အပျော် အပါးများ နောက်သို့ ကောက်ကောက် ပါအောင် လိုက်ကာ အားကစားကို မေ့လျော့ထား နေကြသည့် နတ်နေကိုင်းမှ သားငယ်၊ သမီးများ။
အားကစားကို စိတ်ပါဝင်စား သော်လည်း သမုဒ္ဒရာ ဝမ်းတထွာကြောင့် အားကစားကို မြတ်နိုးပါလျက် မလိုက်စား နိုင်ကြသည့် လူငယ် ကျောင်းသားများ ဟူ၍ ဖြစ်သည်။
ယင်း လူတန်းစား သုံးရပ်မှ ဖောက်ထွက်ပြီး အားကစား နယ်ပယ်ထဲ ဝင်ရောက်လာသည့် အရေအတွက်မှာ လွန်စွာ နည်းပါးသည်။
လူငယ် လူရွယ်၊ ကျောင်းသူ ကျောင်းသားတိုင်း အားကစား လေ့လာ လိုက်စားရေး အတွက် “အားကစား” ဟူသည်ကို ရှေးဦးစွာ သိနားလည်ကြဖို့ လိုသည်။ အားကစားကို ပညာရှင်များက ဤသို့ အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြသည်။ ပထမ ဖွင့်ဆိုချက်က “အားကစား ဟူသည် ပျော်ရွှွင်မှုနှင့် ဖြေဖျော်မှုကို ပေးနိုင်သော လှုပ်ရှားမှု” ဟူ၍ ဖြစ်သည်။
ဒုတိယ ဖွင့်ဆိုချက်ကမူ “အားကစား ဟူသည် နည်းစနစ် ကျနသော လေ့ကျင့် လှုပ်ရှားမှု ဖြစ်ပြီး ကိုယ်ခန္ဓာ ဖွံ့ဖြိုးစေရုံ မက၊ စိတ်ပိုင်းဆိုင်ရာ ဇွဲသတ္တိ အတိုင်း ဆောင်ရွက်တတ် စိတ်၊ မြင့်မြတ်မှု၊ သဘောထား ပြည့်ဝမှု တို့ကို ဖြစ်စေခြင်း” ဟူ၍ ဖြစ်သည်။ ဒုတိယ ဖွင့်ဆိုချက်မှာ ပိုမိုလေးနက် ခိုင်မာသည်။ ယင်း ဒုတိယ ဖွင့်ဆို ချက်မှာ အားကစားကို အခြေခံ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများပါ အကျုံးဝင် နေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ အားကစား ဆိုင်ရာ လှုပ်ရှားမှုများသည် ပထမ ဖွင့်ဆိုချက် ဖြစ်သည့် “ပျော်ရွှင်မှု နှင့် ဖျော်ဖြေမှု အဆင့်သာသာပင် ရှိသေးသည်။ ဒုတိယ ဖွင့်ဆိုချက် သဘောတရား နှင့် ကင်းကွာနေဆဲပင် ဖြစ်သည်။
လူငယ် လူရွယ်၊ ကျောင်းသူ၊ ကျောင်းသားများ အားကစားတွင် စိတ်ပါဝင်စား လာအောင် ကောင်းမွန်သော ပတ်ဝန်းကျင် နေရာကိုလည်း ဖန်တီးပေးဖို့ လိုသည်။ ဦးစွာ ပထမ လူငယ် လူရွယ် ကျောင်းသူ ကျောင်းသား များအတွက် မြို့နယ်၊ ခရိုင်၊ တိုင်းများတွင် လည်းကောင်း၊ မူလတန်း ကျောင်းများမှ စကာ တက္ကသိုလ်နှင့် ကျောင်းများ အထိ သင့်တင့် မျှတသော ကစားကွင်း၊ အားကစားရုံ သို့မဟုတ် အားကစား လုပ်နိုင်သည့် ခန်းမကျယ်ကြီးများ ရှိဖို့လိုသည်။ ထိုနည်းတူစွာပင် အများ လေ့လာ လိုက်စားနိုင်သည့် အားကစားနည်းများ အတွက် ထိုက်သင့်သလောက် အားကစား အထောက်အကူ ပစ္စည်းများကို သင်ကြားပြသ ပေးနိုင်သည့် ဆရာကောင်း၊ ဆရာမကောင်းများလည်း လိုသည်။
ဤသို့ဖြင့် လူငယ် လူရွယ်၊ ကျောင်းသူ ကျောင်းသားများ အတွက် ပတ်ဝန်းကျင် ကောင်းများ ဖန်တီးပေး ပြီးနောက် ကျောင်းသူ ကျောင်းသား လူငယ် လူရွယ်များ ယနေ့ကြုံတွေ့ နေရသည့် ဆိုးရွားသော ပတ်ဝန်းကျင်များကို ဖယ်ရှားပစ် ကြဖို့ အထူးလိုသည်။ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး မှအစ နိုက်ကလပ်၊ ဒေးကလပ်၊ KTV စသည့် အရာများကို ကျောင်းသူ၊ ကျောင်းသား၊ လူငယ်၊ လူရွယ် တို့၏ ဝန်းကျင်မှ ဖယ်ရှားကြသင့်သည်။
ယနေ့ မြန်မာ နိုင်ငံတွင် ကွမ်း၊ ဆေးလိပ်နှင့် အရက်မျိုးစုံ တို့မှာ စည်းမဲ့ ကမ်းမဲ့ ရောင်းချ နေကြသည်။ ရောင်းချနေကြခြင်းကို အဆိုးမြင်ဖြင့် အပြစ် မဆိုပါ။ စည်းမဲ့ ကမ်းမဲ့ ရောင်းကြခြင်း ကိုသာ ဆိုလိုရင်း ဖြစ်ပါသည်။ နိုင်ငံတကာ၊ အထူးသဖြင့် နိုင်ငံကြီးများတွင် အသက် ၁၈ နှစ် မပြည့်လျင် ဆေးလိပ် မရောင်းရ၊ အရက် မရောင်းရ၊ မကြည့်သင့်သည့် ရုပ်ရှင် မကြည့်ရ၊ မဝင် သင့်သည့် နေရာများကို မဝင်ရဟု စည်းကမ်း သတ်မှတ်ထားသည်။ အများစု အားလုံးလိုလိုက လိုက်နာကြသည်ဟု ကြားဖူး ဖတ်ဖူးသည်။ သမ္မတကြီး လိုလားသည့် လူငယ်များအတွက် ကောင်းမွန်သော အနာဂတ် ဖန်တီးလိုလျှင် လူငယ် လူရွယ်၊ ကျောင်းသူ၊ ကျောင်းသား အားလုံးအတွက် ကောင်းမွန်သော ပတ်ဝန်းကျင် တရပ်ကို အားကစားမှ တဆင့် ဖန်တီးပေး ကြရပါလိမ့်မည်။
ဤသို့ ဖန်တီးပေးရာ၌ အစိုးရ တဖွဲ့တည်းသာ တာဝန်မပေးဘဲ ကျောင်းသူ၊ ကျောင်းသား၊ လူငယ် လူရွယ်များ၏ လက်ဦး ဆရာဖြစ်သော မိဘအများကလည်း တာဝန်ယူ ကြရပါမည်။ လူငယ်များ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် အနီးကပ်ဆုံး ထိတွေ့ ကြရသည့် အနန္တောအနန္တ ဂိုဏ်းဝင် ဆရာ၊ ဆရာမများ ကလည်း တာဝန်ယူ ကြရပါမည်။
သစ်လွင် လှပသော မြန်မာနိုင်ငံ၏ အနာဂတ် ဖန်တီးရေးမှာ ယနေ့ လူငယ်၊ လူရွယ်၊ ကျောင်းသူ၊ ကျောင်းသားများ လက်ထဲ ၌သာ ရှိသည်။
ယနေ့ လူငယ်များ ကောင်းပါမှ အနာဂတ် မြန်မာနိုင်ငံကြီး ကောင်းပါလိမ့်မည်။ လူငယ်၊ လူရွယ်၊ ကျောင်းသူ၊ ကျောင်းသားများ ကျန်းမာ ကြံ့ခိုင်ပြီး ပညာရည် မြင့်မားရေးမှာ အားလုံးတွင် တာဝန် ရှိပါသည်။
တာဝန် ကျေပွန်အောင် ကြိုးစားကြပါစို့။ ။