၈၈ အရေးတော်ပုံကနေ ပေါက်ဖွားလာပြီး မယ်တော်ဆေးခန်းလို့ လူသိများတဲ့ “ကျောင်းသား ဆေးခန်း” ဟာ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ အခြေစိုက်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲမှာ ရောက်ရှိနေတဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေ၊ အထောက်အထား မဲ့နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံ ကရင်ပြည်နယ်နဲ့ နယ်စပ်တလျှောက်မှာ နေထိုင်သူတွေရဲ့ အားကိုးအားထားရတဲ့ ဆေးခန်းတခု ဖြစ်ပါတယ်။
ဒီဆေးခန်းမှာ မြန်မာနိုင်ငံထဲက လာရောက်ကုသနေတဲ့ လူနာတွေနဲ့ ထိုင်းနိုင်ငံ နယ်စပ်မြို့မှာ ရောက်ရှိနေတဲ့ ရွှေ့ပြောင်း မြန်မာ အလုပ်သမားတွေကို အတွင်းလူနာ၊ အပြင်လူနာတွေအဖြစ် တရက်ကို အယောက် ၃၀၀ ခန့် နေ့စဉ် အခမဲ့ ကုသပေးနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်း-မြန်မာ နယ်စပ်က ထောင်ချီတဲ့ ရွှေ့ပြောင်း ကလေးငယ်တွေကိုလည်း ပညာသင်ကြားပေးလျက် ရှိပါတယ်။
မြန်မာနိုင်ငံရဲ့ တံခါးဖွင့်စ ပြုလာတဲ့ နိုင်ငံရေးအခြေအနေမှာ ဒီဆေးခန်းကို ရန်ပုံငွေ ထောက်ပံ့နေတဲ့ အလှူရှင်တွေရဲ့ လှုပ်ခတ်မှုတွေ ရှိနေသလို လက်ရှိနေရာကနေပြီးတော့လည်း ရွှေ့ပြောင်းရမယ့် အခြေအနေတွေ ရှိပါတယ်။ ဒါကြောင့် ဆေးခန်းရဲ့ လက်ရှိ ရပ်တည်နေတဲ့ အခြေအနေ၊ ရှေ့ဆက်မယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆေးခန်း တည်ထောင်သူ ဒေါက်တာ စင်သီယာမောင် ကို ဧရာဝတီ သတင်းထောက် ကျော်ခ က တွေ့ဆုံမေးမြန်းထားပါတယ်။
“ကရုဏာရှင်” လို့ အများက တင်စားခေါ်ကြတဲ့ ဒေါက်တာ စင်သီယာမောင်ကို ဒီနှစ် စက်တင်ဘာလထဲမှာပဲ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လွတ်လပ်ရေးတို့ အတွက် သြစတြေးလျနိုင်ငံရှိ ဆစ်ဒနီ ငြိမ်းချမ်းရေး ဖောင်ဒေးရှင်းကနေ ငြိမ်းချမ်းရေးဆု ချီးမြင့်ခဲ့ပါတယ်။ ဒီဆုဟာ သူ့အတွက် ၁၄ ခုမြောက်ဆုဖြစ်ပြီး ၁၉၉၉ ခုနှစ်ကစကာ လူမှုရေးလုပ်ငန်းများ စွမ်းဆောင်မှုတွေကြောင့် နိုင်ငံတကာက ဒေါက်တာ စင်သီယာမောင်ကို ဆုတွေ ဆက်တိုက် ချီးမြှင့်ခဲ့ပါတယ်။
မေး ။ ။ နေရာ အခက်အခဲကြောင့် မယ်တော်ဆေးခန်း ပြောင်းရွေ့ရတော့မယ် ဆိုတာနဲ့ ပတ်သက်ပြီး နောက်ဆုံး အခြေအနေ သိပါရစေ။
ဖြေ ။ ။ အပြောင်းအရွှေ့ကတော့ လက်ရှိဆေးခန်း ရှိနေတဲ့နေရာက ကျမတို့ တိုက်ရိုက်ကိုယ်ပိုင် ဝယ်ထားတာ မဟုတ်ဘူး၊ ငှားထားတဲ့နေရာ ဖြစ်တဲ့အခါကျတော့ အခု လက်ရှိနေရာ အနေအထားကျ နေရာကျဉ်းတာလည်း ပါတယ်။ ရေကြီးရင်လည်း ရေမြှုပ်တယ်၊ ပြီးတော့ ပိုင်ရှင်ကလည်း ဒီနေရာကို ရေရှည်မှာ အသုံးပြုစရာတွေ ရှိလာမယ့်ပုံရတော့ ကျမတို့က လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက နေရာပြောင်းရွှေ့ဖို့ အစီအစဉ်က ရှိတယ်၊ အခုပြောင်းရွှေ့မယ့် နေရာမှာတော့ ဒီ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ အဆောက်အအုံတွေ စဆောက်ဖြစ်တော့မှာပေါ့။
အဆောက်အအုံ ဆိုတာကလည်း တခုချင်းစီအတွက်ပဲ ရန်ပုံငွေကို ရှာဖွေရတာ ဖြစ်တယ်လေ။ အားလုံးအတွက်ကို တဖွဲ့တည်းက စုပေးတာမျိုး မဟုတ်ဘူး။ အခုကတော့ ပထမအဆင့် အနေနဲ့ ခြံစည်းရိုးတို့၊ လမ်းတို့၊ ရေ၊ မီးတို့ အရင် ပြင်ဆင်ရတာပေါ့၊ ဒုတိယ အဆင့်ကျမှ အဆောက်အအုံ ၂ ခု၊ ၃ ခုလောက် စဆောက်ဖြစ်မယ်ဆိုတော့ ပထမအဆင့်ကတော့ ၂ နှစ်လောက်ကြာမှာပေါ့၊ ဒုတိယ အဆင့်၊ တတိယအဆင့် အားလုံး ပြီးမြောက်ဖို့ကတော့ ၄၊ ၅ နှစ်လောက် ကြာမှာပေါ့။ ဒီ (လက်ရှိ မယ်တော်ဆေးခန်း နေရာ) မှာတော့ နောက်ထပ် ၂ နှစ်၊ ၃ နှစ်တော့ ဆက်ရှိနေမှာပေါ့။
မေး ။ ။ မယ်တော်ဆေးခန်း အပေါ်မှာ ထိုင်းစိုးရဘက်က သဘောထားက ဘယ်လိုရှိလဲ။
ဖြေ ။ ။ ကျမတို့က နယ်စပ်မှာ ကျန်းမာရေး အဖွဲ့အစည်းဆိုလို့ ရှိရင်တော့ မယ်တော်ဆေးခန်း အပြင် တခြားသော လူမှုအဖွဲ့ အစည်းတွေလည်း ရှိပါတယ်။ နောက် တခြား နိုင်ငံတကာ အဖွ့ဲအစည်းတွေလည်း ရှိတယ်။ နောက် ပြည်တွင်းမှာ လက်ရှိ ကျမတို့နဲ့ လက်တွဲ ဆောင်ရွက်နေကြတဲ့ တခြားတိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းတွေ၊ မြန်မာနိုင်ငံ ဆေးပညာရှင်များ အသင်းတို့၊ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေး လုပ်သားအဖွဲ့တို့ ရှိပါတယ်။
ဆိုလိုတာကတော့ ဒီနယ်စပ် တလျှောက်လုံးမှာ မြန်မာပြည်တွင်းမှာ ဖြစ်စေ၊ ထိုင်းနိုင်ငံမှာ ဖြစ်စေ၊ နှစ်ဖက်လုံးမှာရှိတဲ့ လက်ရှိ ဆောင်ရွက်နေတဲ့ ကျန်းမာရေး လုပ်ငန်းတွေမှာ ထိုင်းအစိုးရကလည်း အစကတည်းက ဒီအပေါ်မှာ ပံ့ပိုးပါတယ်။ အထူးသဖြင့်တော့ ကျမတို့ လူနာလွှဲပြောင်းရတဲ့ ကိစ္စမျိုးမှာ ဆက်သွယ် ဆောင်ရွက်နေရတယ်။ ဥပမာ – ဒုက္ခသည် စခန်းမှာရှိတဲ့ ကျန်းမာရေး (NGO) တွေဆိုလည်း ကုသလို့မရတဲ့ လူနာတွေဆို ထိုင်းနိုင်ငံထဲက၊ အထူးသဖြင့်တော့ တာ့ခ်ခရိုင်မှာရှိတဲ့ မဲဆောက် ဆေးရုံကြီးတို့၊ ဖုတ်ဖရာ့ ဒေသမှာရှိတဲ့ ဆေးရုံ၊ မြို့နယ်ဆေးရုံတွေပေါ့။ မြန်မာပြည်သားတွေ အားလုံးရဲ့ အခြေအနေတွေကို သူတို့ သိနေတယ်။
သူတို့ရဲ့ ပုံမှန်အစည်းအဝေးတွေမှာလည်း ကျမတို့ကို ဖိတ်ကြားပါတယ်။ သူတို့မှာလည်း ဝန်ထမ်းအင်အား အရကလည်း မလုံလောက်ဘူး၊ ထိုင်းနိုင်ငံက သတ်မှတ်ထားတဲ့ လူဦးရေ၊ သတ်မှတ်ထားတဲ့ စံချိန် စံညွှန်းအရ ဆေးရုံကုတင်နဲ့ သတ်မှတ်ထားတဲ့ ဆေးရုံဝန်ထမ်း လူဦးရေအရ သူတို့မှာ အခက်အခဲရှိသလို မြန်မာပြည်သားတွေနဲ့ကျတော့လည်း သူတို့မှာ ဘာသာစကား အခက်အခဲတွေ ရှိတယ်။
တချို့ကျတော့လည်း ရန်ပုံငွေအရ ဝန်ထုပ်၊ ဝန်ပိုးတွေ ရှိနေတာပေါ့။ မြန်မာပြည်သားတွေအတွက် စိုက်ထုတ်ရတဲ့ငွေက တာ့ခ်ခရိုင်တခုလုံးမှာ ဘတ်သန်း ၁၀၀ လောက် ရှိတယ်လို့ သူတို့ တွက်ချက်ပြတယ်။ ဒါဆေးရုံ ၄ ခုမှာ ဒီအထဲက ဒီ မဲဆောက်ဆေးရုံကြီးမှာပဲ ဘတ်သန်း ၅၀ လောက်ရှိတယ်။ နောက်လူအင်အားအရ ပြောမယ်ဆိုရင်လည်း ဆရာဝန် အင်အား သူနာပြုအင်အားက သူတို့မှာ လိုအပ်တဲ့ အင်အားထက် ၇၅ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်းလောက်ပဲ ရှိတဲ့ အခါကျတော့ ကျမတို့ နယ်စပ်မှာရှိတဲ့ ကျန်းမာရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အလုပ်တွေကို အမြဲကြိုဆိုပါတယ်။ ကျမတို့ အတူတူပဲ အလုပ်လုပ်ကြပါတယ်။
မေး ။ ။ ထိုင်းအစိုးရဖြစ်စေ၊ ထိုင်းပြည်သူ့ဌာနတွေကဖြစ်စေ ငွေကြေးအရရော ကူညီပေးတာတွေရှိလား။
ဖြေ ။ ။ ကျမတို့ အကူအညီရတာ ဆေးဝါးပစ္စည်းတွေပေါ့။ ဥပမာအားဖြင့် ကာကွယ်ဆေးဆိုရင် အကုန်လုံး ထိုင်းအစိုးရကနေ ရတယ်။ နောက်တော့ HIV ဝေဒနာရှင်တွေ အတွက် ARV ဆေး ဆိုလို့ရှိရင်တော့ တနှစ်ကို အယောက် ၇၀ စာ စီစဉ်ပေးနိုင်တယ်၊ ကျမတို့ လူနာတွေ ပို့ဆောင်မယ်၊ လွှဲပြောင်းမယ် ဆိုလို့ရှိရင်လည်း ကုန်ကျစရိတ်တွေ လျှော့ချပေးတာရှိတာပေါ့၊ ငွေနဲ့ ကူညီတာမျိုးတော့ မဟုတ်ပါဘူး။
မေး ။ ။ ဒီဆေးခန်းကို နိုင်ငံတကာက ကူညီပေးနေတဲ့ ဘက်ဂျက်တွေလည်း လျှော့ကျသွားတယ်လို့ ကြားသိရပါတယ်၊ ဒါနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းပြပေးပါဦး။
ဖြေ ။ ။ လာမယ့် ၂၀၁၅ နောက်ပိုင်းမှာဆိုရင် နယ်စပ်မှာရှိနေတဲ့ ကျန်းမာရေး နိုင်ငံတကာ အဖွဲ့အစည်းတွေက Contract အသစ်တွေ ပြန်လုပ်ရမှာကိုး။ Contract အသစ်လုပ်မယ့် ကာလမှာ ကျမတို့ လာမယ့် ၂၀၁၅ ပြီးရင်တော့ နယ်စပ်ဒေသမှာ ဘယ်လောက် ကြာကြာအထိ ဆက်ရပ်တည်မလဲဆိုတာ မသေချာဘူး။ ဘတ်ဂျက်ကြီးကို ဖြတ်ချလိုက်တာတော့ မဟုတ်ပါဘူး။ ၂၀၁၅ အထိပဲ လက်ရှိကတော့ စာချုပ်စာတမ်း အသက်ဝင်တယ်။ ၂၀၁၅ ပြီးရင်တော့ ပြန်လည်ပြီးတော့ ညှိနှိုင်းရမယ့် ကိစ္စမျိုးတွေ ဖြစ်တယ်။
တခါတလေ သူတို့နိုင်ငံတွေမှာလည်း အစိုးရအပြောင်းအလဲ ရှိတဲ့အခါကျတော့ သူတို့ရဲ့ ဘဏ္ဍာရေး စီမံခန့်ခွဲ့မှုတို့၊ စီးဆင်းတဲ့ စနစ်တွေက တခါတလေ ကျမတို့အတွက် နောက်ကျမှ လုပ်ငန်းစပြီးတော့ နောက်ကျမှ ငွေရောက်လာတာတို့၊ ၃ လကျော်မှ ပစ္စည်းရောက်လာတာတို့ အဲဒါမျိုးရှိတဲ့ အတွက်ကြောင့် ဒါတွေကတော့ ပုံမှန်အမြဲတွေ့နေရတဲ့ အကန့်အသတ်တွေ ဖြစ်တယ်ပေါ့၊ အဲလိုမျိုး အခြေအနေတွေမှာကျတော့ ကျမတို့အတွက် ပြတ်လပ်မှုတွေ ဖြစ်တာပေါ့။
လောလောဆယ်ကတော့ ကျမတို့ လျာထားတဲ့ ဘတ်ဂျက်ကတော့ မနှစ်ကနဲ့ ဒီနှစ်နဲ့ အတူတူပါပဲ။ ၂၀၁၄ လောက်အထိကိုလည်း ပုံမှန်ရာထားတဲ့ ဘတ်ဂျက်အတိုင်း ပြည့်မီမယ်လို့ ကျမတို့ ခန့်မှန်းထားပါတယ်။ ၂၀၁၅ နောက်ပိုင်းမှာတော့ သိပ်မသေချာဘူး၊ အဖွဲ့တွေက စာချုပ်စာတမ်းတွေနဲ့ ဆက်ပြီးတော့ အလုပ်လုပ်မယ် မလုပ်ဘူးဆိုတာ မသေချာဘူး။ သို့သော်လည်း အဖွ့ဲ အားလုံးတော့ မဟုတ်ဘူးပေါ့။ တချို့အဖွဲ့တွေကတော့ ဆက်ရှိနေဦးမယ်ဆိုတာ သေချာတယ်၊ တချို့အဖွဲ့တွေကတော့ မသေချာဘူးပေါ့။
မယ်တော်ဆေးခန်း အနေနဲ့ ရန်ပုံငွေ လျော့ကျသွားပေမယ့်လို့ ကျမတို့က ထိန်းညှိလို့ရတဲ့ အနေအထားမျိုးရှိတယ်။ ဥပမာအားဖြင့် လူနာ တယောက်ကို တနေ့ကို ဘတ် ၂၀ နှုန်းနဲ့ ရိက္ခာကို တွက်ချက်ပြီးတော့ ထားတယ်။ ဘတ် ၂၀ နဲ့ မလုံလောက်ရင် ၁၅ ဘတ် နှုန်းနဲ့ လျှော့ချရတာမျိုးတွေ ရှိတယ်။ လူနာကို မဲဆောက်ဆေးရုံကြီးကို လွှဲပြောင်းဖို့ တလကို ဘတ် ၈ သိန်းလောက် အကုန်ခံနိုင်ဖို့ ကျမတို့ သတ်မှတ်ထားတယ်။ သို့သော်လည်း ရန်ပုံငွေက မပြည့်မီဘူးဆိုရင် လူနာလွှဲပြောင်းတဲ့ နေရာမှာ အရေးပေါ် လူနာမှအပ အရေးပေါ် မဟုတ်တဲ့ လူနာတွေကို မလွှဲပြောင်းနိုင်တော့ဘူး ဆိုတော့ ဒီရန်ပုံငွေပေါ်မှာ မူတည်ပြီးတော့ ကျမတို့က အသုံးစရိတ်ကိုလည်း အမြဲတမ်း ၃ လ တကြိမ် ဆန်းစစ်ပြီးတော့ ရရှိနိုင်တဲ့ ရန်ပုံငွေနဲ့ ချင့်ချိန်ပါတယ်။ အခက်အခဲတော့ရှိတယ်၊ တချို့နေရာမှာလည်း ဝန်ထမ်းတွေကို လျှော့ချတာတွေလည်း ရှိတယ်။ သို့သော်လည်း အဖွဲ့အစည်း အငယ်တွေလောက်တော့ တအားကြီး ထိထိခိုက်ခိုက်တော့ မရှိပါဘူး။
မေး ။ ။ အလှူရှင်တွေရဲ့ ငွေကြေးထောက်ပံ့မှုတွေ လျှော့ကျသွားမယ်ဆိုရင် ဆရာမတို့အနေနဲ့ ဆေးခန်းကို ဘယ်လိုဆက်ပြီး လည်ပတ်မလဲ။ တခြားနည်းနဲ့ လည်ပတ်လို့ရတာရောရှိလား။ အဲဒီအတွက်ရော ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ။
ဖြေ ။ ။ ကျမတို့အနေနဲ့လည်း ရန်ပုံငွေ ရရှိနိုင်ဖို့အပေါ်မှာ အမြဲလေ့လာ စူးစမ်းနေရတာလည်း ရှိတယ်။ ရန်ပုံငွေ ရရှိနိုင်မှု ဆိုတာကတော့ အခုလက်ရှိ ကူညီနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အခြေအနေကိုလည်း ကျမတို့ လေ့လာရသလို တချိန်တည်းမှာပဲ အဖွဲ့အစည်း အသစ်တွေကိုလည်း ရှာဖွေရတယ်။ အထူးသဖြင့်တော့ ငှက်ဖျားနဲ့ HIV ဆိုလို့ရှိရင်တော့ တိုက်ရိုက် အစိုးရတွေဆီကနေ ကူညီနေတဲ့ဟာမျိုး မဟုတ်ဘဲနဲ့ Regional fund မျိုးတွေကိုလည်း ကျမတို့ ပြန်ပြီးတော့ ဆန်းစစ်ရတာပေါ့။ ဥပမာ ငှက်ဖျားလို ဟာမျိုးဆိုရင် ဒေသဆိုင်ရာ ဘတ်ဂျက်အနေနဲ့ လာတာမျိုးဖြစ်တဲ့ အတွက်ကြောင့် မြန်မာပြည်ဘက်၊ ထိုင်းဘက်ရယ်လို့ ခွဲခြားတာမျိုး မဟုတ်ဘဲနဲ့ နှစ်ဖက်လုံးသုံးလို့ရတဲ့ ရန်ပုံငွေမျိုးတွေပေါ့။ အဲဒါမျိုးတွေကိုလည်း ကျမတို့ ရှာဖွေရတာရှိတယ်။
လက်ရှိ အနောက်နိုင်ငံတွေက ပြည်တွင်းမှာ သွားတဲ့အခါကျတော့ အထူးသဖြင့်တော့ ဥရောပကလာတဲ့ ရန်ပုံငွေတွေက ပြည်တွင်းသွားတာ များတဲ့အတွက်ကြောင့် ဒီရန်ပုံငွေတွေက အစိုးရနဲ့ ပတ်သက်ရင်တော့ ဒီဘက်ကိုလာတာ သိသိသာသာ နည်းသွားတယ်။ သူတို့ဆီမှာလည်း အစိုးရမဟုတ်တဲ့ အဖွဲ့တွေကလည်း ဆက်ရှိတော့ အစိုးရမဟုတ်ဘဲနဲ့ တခြားနည်းတွေနဲ့ ဝိုင်းကူညီပြီးတော့ Fund rising လုပ်ပေးတာတော့ ရှိတယ်ပေါ့။ အာရှထဲမှာရှိတဲ့ တချို့နိုင်ငံတွေနဲ့လည်း စပြီးတော့ ရန်ပုံငွေရဖို့လည်း ကြိုးစားရတာပေါ့။
မေး ။ ။ အခု အဖွဲ့အစည်းတွေ တော်တော်များများက ပြည်တွင်းပြန်တာ ခေတ်စားနေတယ်၊ အစိုးရကလည်း ပြည်တွင်းမှာ အေးအေးဆေးဆေး ဖြစ်နေပြီလို့ မကြာခန ပြောနေတော့ ထိုင်းဘက်ကနေပြီး ဆရာမတို့ကို ပြည်တွင်းပြန်ဖို့ ပြောဆိုတာမျိုးတွေများ ရှိလား။
ဖြေ ။ ။ အစိုးရအနေနဲ့ ပြောတာမျိုးတော့ မရှိပါဘူး။ ပုဂ္ဂိုလ်ရေးအရ မေးမြန်းစူးစမ်းကြတာတွေတော့ ရှိတာပေါ့။
မေး ။ ။ အခုဆိုရင် မြန်မာနိုင်ငံက ပွင့်လင်းမှုတွေ အတိုင်းအတာ တခုအထိ ရှိလာတယ်လို့ ပြောလို့ရမှာပေါ့။ ဒီအခြေအနေတွေဟာ ဆရာမတို့အတွက် ပိုကောင်းလာတယ်လို့ ပြောလို့ရလား၊ ဆိုးသွားတယ်လို့ ပြောလို့ရမလား။
ဖြေ ။ ။ ကျမတို့ ဒီမှာ လက်ရှိ ဆောင်ရွက်နေတဲ့ ခေါင်းစဉ်က ၃ ခုပေါ့၊ အထူးသဖြင့် ကျန်းမာရေး၊ ပညာရေးရယ်၊ ကာကွယ် စောင့်ရှောက်ရေးပေါ့။ ကာကွယ်စောင့်ရှောက်ရေးဆိုတာ ကလေးနဲ့ အမျိုးသမီးတွေကိုပေါ့။ Health, Education and Protection ပေါ့။ ဒီအဖွဲ့အစည်းတွေ အားလုံးကတော့ လက်ရှိနယ်စပ်မှာ ရှိနေတဲ့ အခြေအနေမှာ လူဦးရေ အပြောင်းအလဲကိုလည်း ကျမတို့က အမြဲကြည့်ရှုနေတဲ့ အခါကျတော့ ဒီနယ်စပ်မှာရှိတဲ့ လူထုတွေရဲ့ အပေါ်မှာ အခြေခံပြီးတော့ ကျမတို့က လုပ်ငန်း အခြေအနေကို ပြန်ပြီးတော့ ညှိနှိုင်းထိန်းချုပ်ရတာ ရှိတာကိုး။
ဥပမာအားဖြင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး အစီအစဉ် အောင်မြင်သွားလို့ ကျမတို့ဆီမှာ လူနာနည်းသွားတယ် ဆိုရင်လည်း ငှက်ဖျားနဲ့ ပတ်သက်တဲ့လုပ်ငန်းက အခြားအဖွဲ့အစည်းတွေ ပိုပြီးတော့ လုပ်နိုင်ဖို့ ကျမတို့က ဝိုင်ပြီးပံ့ပိုးတာပေါ့။ ကျမတို့ဆီမှာရှိတဲ့ တချို့သော ရောဂါပေါ့နော်၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတို့၊ သားဖွားတာတို့၊ မွေးကင်းစကလေး စောင့်လျှောက်တာတို့ ဒီလိုမျိုး လုပ်ငန်းစဉ်တွေကလည်း လက်ရှိကတော့ ပုံမှန်အတိုင်းရှိနေတယ်။ သို့သော်လည်း ကျမတို့က ရေရှည်မှာကျတော့ ရန်ပုံငွေရရှိမှု အခြေအနေမှာပဲ ဖြစ်ဖြစ် ပြောင်းရွှေ့မယ့် နေရာထိုင်ခင်း အဆောက်အဦးမှာပဲဖြစ်ဖြစ် နေရာထိုင်ခင်း မလုံမလောက် ဖြစ်လာမယ် ဆိုလို့ရှိရင်လည်း မဲဆောက်ဆေးရုံကို လွှဲပြောင်းမယ့်အစား မြန်မာပြည်မှာရှိတဲ့ မြဝတီဆေးရုံကို လွှဲပြောင်းတဲ့ အစီအစဉ်ကို ဆောင်ရွက်နိုင်ရင် ပိုကောင်းတယ်။ လက်ရှိမှာတော့ မြန်မာပြည်က ဒီဘက်ကိုပဲ ဆေးလာကုနေတဲ့ အတွက်ကြောင့် မြဝတီဆေးရုံကို အကယ်၍ ပြန်လည်တိုးချဲ့မယ်၊ မွန်းမံမယ်ဆိုရင် လူနာတွေကို ပြန်ပြီးတော့ ရွှေ့ပြောင်းပေးလိုက်ရတယ်။
လက်ရှိပြောင်းလဲမှုအပေါ်မှာ နိုင်ငံရေးပြောင်းလဲမှု ရှိပေမယ့်လို့ ကျန်းမာရေး ပညာရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းတွေကတော့ ဘာမှပြောင်းလဲမှုတော့ မတွေ့ရသေးဘူး။
မြန်မာပြည်ထဲမှာ ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေက လူထုအခြေပြုအဖွ့ဲအစည်းတွေ အတွက်တော့ အခွင့်အလမ်းတွေ ပိုပြီးတော့ ကောင်းလာဖို့တော့ လိုတာပေါ့။ ရံပုံငွေတွေ ရရှိသွားပေမယ့်လို့ ပူးပေါင်းဆောင်ရွက်မှုပေါ့၊ နိုင်ငံတကာ အဖွဲ့အစည်းရယ် အစိုးရရယ်၊ ကျမတို့ လူထုအဖွဲ့အစည်းတွေရယ် ပူးပေါင်းဆောင်ရွက်မှု အားမကောင်းဘူးဆိုလို့ရှိရင် ရရှိသွားတဲ့ ရန်ပုံငွေက ရေရှည် အကျိုးမရှိသွားဘူး ဖြစ်သွားမှာတော့ စိုးရိမ်တာပေါ့။
ကျမတို့ ဒီဘက်မှာရှိတဲ့ အဖွဲ့အစည်းတွေပဲပြောပြော ဒီမှာရှိတဲ့ လူထုတွေအနေနဲ့ကတော့ နှစ်ပေါင်းများစွာထဲကလည်း ဒီအကျပ်အတည်းတွေထဲက ဖြတ်သန်းနေရတယ်။ ဒီရန်ပုံငွေ ကိစ္စတွေ နောက် တရားဝင်၊ တရားမဝင်ဆိုတဲ့ နေထိုင်သွားလာရေး ကိစ္စတွေ ပေါ့နော်။
ဥပမာ – ရွှေ့ပြောင်း အလုပ်သမားတွေဆိုလည်း တချို့ကာလတွေတုန်းကတော့ တရားမဝင်တဲ့ အလုပ်သမားတွေ များတဲ့အခါကျတော့ ဒီအကန့်အသတ်တွေ အခက်အခဲတွေ ကြားထဲကနေ အမြဲဖြတ်သန်းနေရတဲ့ အခါကျတော့ ဒါတွေကို လျှော့ကျသွားရင်တော့ ကောင်းတာပေါ့။ မြန်မာပြည်က အခြေအနေ ကောင်းမွန်လာတဲ့အပေါ်မှာ ဒီလို တရားမဝင် နေထိုင်ရတဲ့ ကိစ္စမျိုးတွေ၊ ကျန်းမာရေး၊ ပညာရေး စောင့်ရှောက်မှု လက်လှမ်းမမီတာတွေကို အစိုးရက ပြည်တွင်းမှာ ပိုပြီးတော့ ထိထိရောက်ရောက် ဆောင်ရွက်သွားနိုင်မယ် ဆိုရင် ဒီမှာရှိတဲ့ လူထုတွေ အနေနဲ့ ပိုပြီးတော့ အဆင်ပြေသွားမယ်ပေါ့။
အဓိက ကျမတို့ မျှော်လင့်တာကတော့ မယ်တော်ဆေးခန်းကို ဒီနှစ်လူနာ ၁ သိန်းလောက် ရောက်ရှိလာတယ်။ မြန်မာပြည်ထဲကနေ တဝက်လောက် လာတယ်ဆိုရင် တဖြည်းဖြည်းနဲ့ လူနာအရေအတွက် နည်းသွားမယ်။ ကိုယ်ဒေသကိုယ့်ရွာမှာ ဆေးကုလို့ရမယ်၊ ပြည်တွင်းမှာ ကျန်းမာရေးစနစ်တွေ ကောင်းလာမယ်၊ ကလေးတွေက ဒီဘက်နယ်စပ်ကို ဖြတ်ပြီး ကျောင်းလာတက်ရတာ မဟုတ်ဘဲနဲ့ ကိုယ့်မြို့ ကိုယ့်ရွာ ကိုယ့်ဒေသမှာ ကျောင်းပြန်တက်လို့ ရမယ်ဆိုရင် ဒီအခြေအနေမျိုးကတော့ အကောင်းဆုံးဖြစ်မှာပေါ့။
မေး ။ ။ မြန်မာနိုင်ငံအတွင်းကနေ နယ်စပ်ဖြတ်ကျော်ပြီး မယ်တော်ဆေးခန်းကို လာကုသနေတဲ့ လူနာအရေအတွက်ဟာ အစိုးရသစ် တက်လာပြီး နောက်ပိုင်းကာလမှာ လျော့ကျသွားလား၊ တိုးလားသလား၊ ဒါမှမဟုတ် ပုံမှန်အတိုင်းပဲလားခင်ဗျ။
ဖြေ ။ ။ အရင်တုန်းကတော့ တစ်နှစ်ကို ဆယ်ရာခိုင်နှုန်းလောက် တိုးလာတယ်။ အခုတော့ ၁ နှစ်ကို ၃ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်းလောက်ပဲ တိုးတော့တယ်။ တိုးတော့ တိုးလာတယ်၊ ဒါပေမယ့် တိုးနှုန်းတော့ လျော့သွားတယ်။ သို့သော်လည်း အတွင်းလူနာတွေကတော့ မလျော့သွားဘူး။ အထူးသဖြင့်တော့ ရောဂါကြီးကြီးတွေပေါ့နော်၊ ဥပမာအားဖြင့် ဗိုက်ခွဲမွေးရမယ့် လူနာမျိုးတို့၊ ငှက်ဖျား ကြီးကြီးကျယ်ကျယ်ဖြစ်တဲ့ ရောဂါမျိုးတွေ၊ ပြင်းထန်တဲ့ ရောဂါတွေကတော့ မလျော့သွားဘူး။ ငှက်ဖျား တိုက်ဖျက်ရေးလုပ်တဲ့ အစီအစဉ်တွေက များလာတဲ့အတွက်ကြောင့် လူတွေ ဒီဘက်ကို ရွှေ့လာစရာ အကြောင်းတော့ နည်းသွားတယ်။ အားလုံးပြန်ပြီးတော့ ချုပ်လိုက်ရင် အရင်လောက် တိုးနှုန်းမရှိတော့ပေမယ့်လို့ တိုးနေပါသေးတယ်။
မေး ။ ။ မယ်တော်ဆေးခန်းမှာ နေ့စဉ် လာရောက်ကုသနေတဲ့ မြန်မာနိုင်ငံသား လူနာ အရေအတွက် ပျမ်းမျှ ဘယ်လောက် ရှိမလဲ။ ဘယ်လိုရောဂါ အမျိုးအစားတွေများလဲ။
ဖြေ ။ ။ ပုံမှန်ကတော့ နေ့စဉ် ၁ ရက်ကို ၂၅၀ နဲ့ ၃၀၀ အကြားရှိတယ်၊ မျက်စိခွဲတဲ့ အချိန်မျိုးဆိုရင်တော့ ၄၀၀ ကျော်ကနေ ၅၀၀ အထိဖြစ်တယ်။ မိုးရာသီဆိုရင်တော့ များတယ်။ ငှက်ဖျားတို့ ဝမ်းပျက်၊ ဝမ်းလျောတို့ များတယ်။ လူနာ ၁၀၀ ရာခိုင်နှုန်းမှာ ပြည်တွင်းက လာတာနဲ့ ဒီပြည်ပမှာရှိတဲ့ မြန်မာနိုင်ငံသား ၅၀-၅၀ ရာခိုင်နှုန်းပဲ။ အတွင်းလူနာမှာဆိုရင်တော့ ပြည်တွင်းကလာတာ ၇၀ ရာခိုင်နှုန်းလောက် ရှိတယ်။
ရောဂါအမျိုးအစားကတော့ ဌာနအပေါ်မှာ မူတည်တာပေါ့။ ဆေးဝါးဘက် ဆိုင်ရာဌာနမှာတော့ အဓိကရောဂါက ၃ မျိုးပေါ့။ ငှက်ဖျားရယ်၊ ဝမ်းပျက်ဝမ်းလျှောရယ်၊ အဆုတ်ရောင်ရောဂါရယ်ပေါ့။ ကလေးတွေမှာဆိုရင်တော့ အဟာရချို့တဲ့တာတွေ ဖျားနာဆောင်တွေမှာ ဖြစ်တာပေါ့။
ခွဲစိတ်ဆောင်မှာကျတော့ ထိခိုက်ဒဏ်ရာရတွေ တော်တော်များပါတယ်။ အထူးသဖြင့်တော့ စက်ရုံ၊ အလုပ်ရုံတို့ လမ်းမှာဖြစ်တဲ့ အက်စီးဒင့်တွေပေါ့နော်၊ အရိုးကျိုးတာတွေက အစပေါ့၊ ကလေးတွေကလည်း တခါတလေ မိဘတွေက အလုပ်သွားတဲ့အချိန် နောက်မှာ မီးလောင်တာတို့၊ ခွေးကိုက်တာတို့ အဲဒီလို ထိခိုက်ဒဏ်ရာရတာတွေ တော်တော်များတယ်၊ စက်ရုံ၊ အလုပ်ရုံတွေမှာ မျက်စိထဲကို သံတို၊ သံစဝင်တာတွေ ရှိတယ်။
သားဖွားဆောင်မှာ ဆိုရင်တော့ အဓိက ၃ မျိုးရှိတယ်။ ကလေးက တစ်နှစ်ကို ၃၅၀၀ ကျော်လောက် မွေးပေးရတဲ့ အနေအထားမှာ ရှိတယ်။ ဒီနယ်စပ်မှာရှိသူတွေ ပြည်တွင်းထဲမှာပဲဖြစ်ဖြစ်၊ ဒီမဲဆောက်မှာပဲ ဖြစ်ဖြစ် အများစုက အရင်တုန်းကဆိုရင် အိမ်မှာပဲ မွေးကြတာများတယ်။ ဆေးရုံမှာက စရိတ်စကက အနည်းဆုံး ဘတ် ၃၀၀၀ လောက် ကုန်ကျမယ်ဆိုတော့ မသွားကြတော့ဘူး။ နောက်ပိုင်းကြတော့ ကျမတို့က ဆေးရုံကို သားဖွားဆောင်ကိုလည်း တိုးချဲ့ထားတယ်၊ နောက်ပြီးတော့ ရပ်ရွာထဲအထိ လိုက်ပြီးတော့ လက်သည်တွေနဲ့လည်း ထိတွေ့တဲ့အခါကျတော့ ဒီဆေးရုံကို လွှဲပြောင်းပို့ဆောင်တဲ့ အစီအစဉ်တွေ များလာတော့ ဒီကိုလာတက်တဲ့ လူတွေလည်း များလာတာပေါ့။
လက်လှမ်းမမီသေးတဲ့ နေရာတွေကလည်း ရှိနေသေးတဲ့ အခါကျတော့ ကိုယ်ဝန်ဖျက်ချတဲ့ ပြဿနာကတော့ ၁ နှစ်ကို ၅၀၀ – ၆၀၀ လောက် ပုံမှန်ကုပေးရတာတွေ ရှိတယ်။ နောက်တခုက အများအားဖြင့် ကိုယ်ဝန်ဆောင်တဲ့ အချိန်မှာ ငှက်ဖျားဖြစ်တာတို့၊ အဟာရချို့တဲ့တာတို့၊ မွေးကင်းစ လမစေ့တာတို့၊ ပေါင်မပြည့်တာတို့ အဲဒီလိုကလေးတွေလည်း တနှစ်ကို ၁၀၀၀ ကျော်လောက် ရှိတယ်။
မေး ။ ။ ဆရာမတို့ဆီမှာ ပညာရေးကဏ္ဍလည်းပါတော့ ကျောင်းသားတွေရဲ့ အနာဂတ် အခြေအနေကရော ဘယ်လိုရှိလဲ သိပါရစေ။
ဖြေ ။ ။ ရန်ပုံငွေ အကြပ်အတည်းရှိလာတဲ့ အချိန်မှာတော့ ကျောင်းဆရာတွေအချို့လည်း ကျောင်းဆရာအလုပ် စွန့်လွှတ်လိုက်ရတာ ရှိတာပေါ့။ ကျောင်းတွေမှာ အများစုကတော့ ကျောင်းသားတွေက မိဘတွေရဲ့ လုပ်ငန်းတွေမှာ အများအားဖြင့် ဝိုင်းကူရတာတွေလည်း ရှိတယ်။ ဥပမာ စပါးဝိုင်းကူစိုက်တာ၊ ပြောင်းချိုးတာတွေရှိတယ်။ ကျောင်းတွေကတော့ စာတတ်မြောက်ရေးကို အဓိကထားတာပေါ့။ စာတတ်ရေးရယ်၊ ကျောင်းပတ်ဝန်းကျင်နဲ့ မိသားစု ပတ်ဝန်းကျင် တည်ဆောက်နိုင်ရေးကို လုပ်ရတယ်။ ပညာရေးစနစ် ကောင်းလာဖို့ ဆောင်ရွက်ဖို့အထိကိုတော့ ထိုင်းပညာရေး စနစ်နဲ့ လက်ရှိဆောင်ရွက်နေတဲ့ အဆင့်ကိုတော့ Non Formal Education ကို တရားဝင် သင်နိုင်ဖို့ အစီအစဉ်ကိုတော့ ၂၀၁၃-၁၄ လောက်မှာ စမယ်။ ထိုင်း ပညာရေးဌာနကနေ ကျမတို့ ရွှေ့ပြောင်းကျောင်းတွေကို လာပြီးတော့ ၁ ပတ်ကို ၂ ရက် ဖြစ်စေ၊ ၃ ၇က် ဖြစ်စေ သတ်မှတ်ချိန် အတွင်းမှာ လာရောက် သင်ကြားပေးခြင်းအားဖြင့် ထိုင်းကျောင်းကို တရားဝင် မသွားနိုင်ပေမယ်လို့ ဒီလိုမျိုး ၁ ပတ်ကို ၁၂ နာရီ သင်ကြားပြီးတော့ စာမေးပွဲဝင်ပြီး ဖြေဆိုရင်တော့ ပညာရေးစနစ်ကို လက်လှမ်းမီသွားနိုင်တယ်ပေါ့။
မေး ။ ။ ပြီးခဲ့တဲ့လက ဆရာမကို ဆစ်ဒနီ ငြိမ်းချမ်းရေးဆု ချီးမြင့်တာတွေ့ရတယ်။ အဲဒီဆုက ဆရာမအတွက် စိတ်ခွန်အား ဖြစ်စေလား။
ဖြေ ။ ။ ဒီဆုတွေကတော့ အထူးသဖြင့် နယ်စပ်ဒေသမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေ အားလုံးကို ရည်စူးပြီးတော့ ပေးတယ် ဆိုတာတော့ ကျမတို့ ယုံကြည်တယ်။ ဒီနယ်စပ်တလျှောက်လုံးမှာ ကြည့်မယ်ဆိုရင် နှစ်ပေါင်းများစွာ နိုင်ငံမဲ့လိုဖြစ်နေတဲ့ အုပ်စုတွေလည်း အများကြီးရှိတယ်။ ရွှေ့ပြောင်းနေကြတယ်။ စီးပွားရေးအရလည်း အမြဲ မတည်ငြိမ်ဘူးပေါ့နော်။
အဲဒီအခြေအနေက ပြည်တွင်းထဲမှာ အပြောင်းအလဲတွေ ရှိနေပေမယ့်လို့ ဒီပြဿနာတွေက ဖြေရှင်းလို့ မရသေးဘူးဆိုတာကိုလည်း တချို့နိုင်ငံတကာ အဖွဲ့အစည်းတွေက ဒီပြဿနာကို မြန်မြန်ဆန်ဆန်ကြီး ဖြေရှင်းသွားလို့ရမယ့် ကိစ္စမဟုတ်ဘူး။ သူတို့ဒေသကို ပြန်ပြီးတော့ အခြေချ နေထိုင်ဖို့ရယ်၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အခွင့်အလမ်းတွေ ပြန်လည် တည်ဆောက်ဖို့ ဆိုတာက အချိန်ကာလ တခုကိုပေးကြရမယ်။ ပူးပေါင်းဆောင်ရွက်မှ ရမယ်ဆိုတဲ့ ကိစ္စမျိုးကိုလည်း ကျမတို့က မီးမောင်ထိုးပြချင်တယ်။ အထူးသဖြင့် ဒီဆုမျိုးကတော့ နယ်စပ်မှာရှိတဲ့ အဖွဲ့အစည်းတွေ အပါအဝင်ပေါ့၊ ပြည်တွင်းမှာရှိတဲ့ လူထုအခြေပြု အဖွဲ့ အစည်းတွေ ပိုပြီးတော့ လွတ်လပ်လာဖို့ရယ် နိုင်ငံရေး ပြောင်းလဲမှုမှာ ဖြစ်စေ၊ ကျန်းမာရေး၊ ပညာရေး၊ လူ့အခွင့်အရေး မြှင့်တင်ဖို့ဖြစ်စေ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ ကာလမှာ ဒီအခန်းကဏ္ဍကို ပိုပြီးတော့ မြှင့်တင်ပေးဖို့ မီးမောင်းထိုးပြတယ်လို့ ကျမတို့က ခံယူထားပါတယ်။
မေး ။ ။ ပြီးခဲ့တဲ့ နှစ်ထဲမှာ ဝန်ကြီး ဦးအောင်မင်းတို့နဲ့ ဆရာမတို့ တွေ့ဖြစ်ကြတုန်းက ဝန်ကြီး ဦးအောင်မင်းက ဆရာမ ဆေးခန်းကို အကူအညီတွေပေးမယ်လို့ ပြောသွားတာတွေရှိတယ်။ သူတို့ဆီကရော ထိရောက်တဲ့ အကူအညီတွေ ရနေပြီလား။
ဖြေ ။ ။ ကူညီပံ့ပိုးမှုနဲ့ ပတ်သက်ပြီးတော့ ထိုင်းနိုင်ငံဘက်ကို လာပြီးတော့ မြန်မာ အစိုးရအနေနဲ့ တိုက်ရိုက် လာကူညီတဲ့ အစီအစဉ်မျိုးတော့ မရှိသေးဘူးပေါ့။ ပြည်တွင်းမှာ လုပ်နေတဲ့ ကျန်းမာရေး အဖွဲ့အစည်းတွေနဲ့တော့ ထိတွေ့မှုတွေရှိပါတယ်။ ဥပမာ ကရင်ပြည်နယ်မှာရှိတဲ့ ကရင်ကျန်းမာရေး ကယ်ဆယ်ရေးဌာနတွေ၊ ပြည်နယ်အလိုက် ကာကွယ်ဆေးထိုး လုပ်ငန်းတွေကို ကရင်ပြည်နယ်မှာရှိတဲ့ ကျန်းမာရေးဌာနနဲ့ အတူတူ ဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းနေတဲ့ အဆင့်တော့ရှိတယ်၊ သူတို့ ၄-၅ ကြိမ်လောက်တော့ တွေ့ဖြစ်ကြတယ်၊ သို့သော်လည်း အစီအစဉ်တော့ မစဖြစ်သေးပါဘူး။
မေး ။ ။ မယ်တော်ဆေးခန်း အနေနဲ့ မြန်မာနိုင်ငံထဲမှာ ရွှေ့ပြောင်း လုပ်ကိုင်နိုင်ဖို့အတွက်ဆိုရင် ဘယ်လိုအရာတွေက အခက်အခဲတွေ ဖြစ်မလဲ။
ဖြေ ။ ။ လက်ရှိ နယ်စပ် တလျှောက်လုံးမှာဆိုရင် ကျမတို့ မြန်မာနိုင်ငံ ဆေးပညာရှင်းများ အသင်းဆိုတာ ရှိတယ်။ ဆေးပညာရှင်းများ အသင်းဆိုတာကတော့ နိုင်ငံတကာမှာ ရောက်နေတဲ့ ဆရာဝန် တချို့နဲ့ နယ်စပ်မှာရှိတဲ့ ကျန်းမာရေး အဖွဲ့တွေနဲ့ ဖွဲ့ထားတယ်။ အဲဒီအဖွဲ့တွေကနေပြီးတော့ လက်ရှိနယ်စပ်မှာရှိတဲ့ တိုင်းရင်းသား ကျန်းမာရေး ဌာနတွေ၊ ဆေးရုံဆေးခန်းတွေကို နည်းပညာအားဖြင့် အထောက်အပံ့ ပေးနေတာရှိတယ်။
ဆိုလိုတဲ့ သဘောကတော့ ဆေးရုံဆေးခန်းလေးတွေကတော့ ရှိထားပြီးသားပဲ။ သို့သော်လည်း နည်းပညာပိုင်းဆိုင်ရာတို့ ရန်ပုံငွေပိုင်းဆိုင်ရာတို့ကို ဆက်လက်ပြီးတော့ ပံ့ပိုးပေးဖို့လိုမယ်။ မယ်တော်ဆေးခန်း အနေနဲ့ကတော့ တိုက်ရိုက်သွားပြီး ဝန်ဆောင်မှုတွေ ပေးမှာတော့ မဟုတ်ဘူး။
ရှိထားပြီးသား တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေပေါ့၊ ဆေးရုံဆေးခန်းတွေ၊ ကာကွယ်ဆေးထိုး လုပ်ငန်းတွေပဲ ပြောပြော၊ ဒါမှမဟုတ် ကျန်းမာရေးဝန်ထမ်းတွေအတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ၊ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးဖို့ကတော့ ကျမတို့ ဆက်လက်ပြီး ကူညီနေတယ်။ အထူးသဖြင့် အကန့်အသတ်တွေကတော့ ပြည်တွင်းမှာရှိနေတဲ့ အဖွဲ့အစည်းတွေ ကနေပြီးတော့ လုပ်ငန်းစဉ်တခုခြင်းစီ အလိုက်ပေါ့၊ အစိုးရ ကျန်းမာရေးဌာနနဲ့ နယ်စပ်မှာရှိတဲ့ ကျန်းမာရေးအဖွဲ့ အစည်းတွေနဲ့ ဘယ်လောက်အထိ အချိန်မြန်မြန် ချိတ်ဆက်ဆောင်ရွက်ပြီး အလုပ်လုပ်နိုင်မလဲ ဆိုတာအပေါ် အများကြီး မူတည်တာပေါ့။
မေး ။ ။ အချို့ တိုင်းရင်းသားတွေဟာ လူမျိုးစွဲ၊ ဝါဒစွဲတွေရှိကြပေမယ့် ဆရာမက လူမျိုးဘာသာမရွေး၊ အယုတ်အလတ် အမြတ်မရွေး ဆေးကုသ စောင့်ရှောက်မှုတွေပေးတဲ့ ဂရုဏာရှင်ဆိုပြီး ချီးမွှမ်းတာတွေရှိတယ်နော်၊ ဒီအပေါ်မှာရော ဆရာမက ဘယ်လို သဘောရလဲ။
ဖြေ ။ ။ ကျန်းမာရေးဖြစ်ဖြစ် ပညာရေးဖြစ်ဖြစ် လူမှုရေးလုပ်ငန်း လုပ်ကြပြီဆိုကတည်းက ခွဲခြားဆက်ဆံမှု မရှိရေးဆိုတာကတော့ စပြင်ကြရမှာပါ။ ကျမတို့နိုင်ငံ အတွက်လည်း အင်မတန်မှ အရေးကြီးပါတယ်၊ ပညာရေး စနစ်မှာကတည်းက ခွဲခြား ဆက်ဆံမှု မရှိရဘူးဆိုတဲ့ ဟာအပေါ်မှာ အခြေခံရင်တော့ ရေရှည်ငြိမ်းချမ်းရေး တည်ဆောက်မှု အပေါ်မှာလည်း အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။
ခွဲခြားဆက်ဆံမှုဆိုတဲ့ အရာကို ဆေးသင်တန်းတွေမှာလည်း အရေးကြီးသလို ပညာရေးမှာ အထူးသဖြင့်တော့ မူလတန်းမှာ ကတည်းက စပြီးတော့ အရေးကြီးတဲ့ ဘာသာရပ်တခုအနေနဲ့ စဉ်းစားရမယ့် အချက်တခုဖြစ်တယ်။ အရင်ကာလတွေ အချိန်မှာရော လက်ရှိကာလ နိုင်ငံရေး အခြေအနေတွေ အပေါ်မှာရော ခွဲခြားဆက်ဆံမှု အဆင့်တွေ အများကြီးရှိတာကိုး နော်၊ ရိုးရိုးခွဲခြား ဆက်ဆံမှုလား၊ ပစ်ပယ်တဲ့ အဆင့်လားတို့၊ ဒါမှမဟုတ်လည်း တအားဖိနှိပ်တဲ့ အဆင့်လားတို့ အဲဒါမျိုးတွေကလည်း အများကြီးရှိတဲ့ အခါကျတော့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော ဒီအပေါ်မှာ အများကြီးမူတည်တယ်လေ။
ဒီဖိစီးမှုတွေနဲ့ ကြီးပြင်းလာကြတဲ့ ကလေးတွေ အများကြီးရှိတယ်၊ ကလေးတွေပဲဖြစ်ဖြစ်၊ ကျန်းမာရေး ဝန်ထမ်းပဲဖြစ်ဖြစ်၊ ပညာရေး ဝန်ထမ်းပဲဖြစ်ဖြစ် ဆေးကုနေတဲ့ အချိန်မှာတော့ ပုံမှန်အတိုင်း ရှိနေပေမယ့်လို့ ချက်ချင်း ပျောက်သွားလို့ရတဲ့ဟာမျိုး မဟုတ်ဘူးပေါ့နော်၊ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြန်လည် တည်ဆောက်မှုပေါ့၊ ကျမတို့ လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်လို့ပြောတဲ့ အချိန်မှာ ယုံကြည်မှု တည်ဆောက်တဲ့အခါ ဟိုးငယ်ငယ်ကတည်းက စပြီးတော့ ခွဲခြားဆက်ဆံမှု အပေါ်မှာ ပါလာတဲ့ စိတ်ဖိစီးမှုတွေကလည်း အများကြီး မူတည်တယ်လေ။ ချက်ချင်းကြီးကတော့ ပြောင်းလဲလို့ မရလိုက်ကြဘူးဆိုတာ သိတယ်။ သို့သော်လည်း အားလုံးက လေ့ကျင့်နေရမယ့် ဥစ္စာပေါ့။
ဒါလည်း ကျမတို့က ကျန်းမာရေးဟာ လူ့အခွင့်အရေး အခြေခံဖြစ်တဲ့ အတွက်ကြောင့် လူတိုင်းခံစားခွင့်ရှိသလို ဒီလိုမျိုး ကျန်းမာရေး စောင့်ရှောက်မှု စနစ်ထဲမှာလည်း ခွဲခြားဆက်ဆံမှု မရှိအောင်ဆိုတာ အမြဲပဲ ကျမတို့က ဒါတွေကို ဆွေးနွေးတင်ပြကြတာ ရှိသလို ဒါကို ကျမတို့က ပညာရေး စနစ်ထဲမှာ ပါလာဖို့လည်း လိုအပ်တယ်။ ဒါမှ ရေရှည်မှာ ယုံကြည်မှု တည်ဆောက်တာတို့ ငြိမ်းချမ်းရေး ဖြစ်စဉ်တို့မှာ အကျိုးရှိမယ်။ တကယ်ထိရောက်မယ်လို့ ကျမတို့ ယုံကြည်ထားတာပေါ့။
မေး ။ ။ မယ်တော်ဆေးခန်းကို လူအများစုနှုတ်ဖျားမှာ စွဲပြီးခေါ်နေကြတာက ကျောင်းသား ဆေးခန်း ဆိုတဲ့ နာမည်ပါ။ ဒီအကြောင်း နည်းနည်း ရှင်းပြပေးပါလား။
ဖြေ ။ ။ ဒီရွာက မယ်တော်ရွာလို့ ခေါ်တယ်၊ ထိုင်းနိုင်ငံထဲက မယ်တော်ရွာ။ ကျမတို့ ဒီကိုရောက်ခါစတုန်းက ဒီရွာနာမည်လည်း မသိဘူးပေါ့နော်။ ဆေးခန်းဆောက်မယ်ဆိုတဲ့ အစီအစဉ်ကလည်း ရှိမထားပါဘူး။ သို့သော်လည်း ၈၈ အရေးအခင်းတုန်းက ကျမတို့နယ်စပ်ကို ရောက်လာတဲ့ အချိန်မှာ အဲဒီတုန်းက ဆရာဝန်တွေလည်း အများကြီး ပါလာတယ်။ ဆေးကျောင်းသားတွေ ပါလာတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် နယ်စပ်မှာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းကတော့ ဒီလက်ရှိ KNU ရဲ့ ကျန်းမာရေး ကယ်ဆယ်ရေး လုပ်ငန်းတွေကလည်း ရောက်လာတဲ့ ကျောင်းသားတွေအားလုံး လက်လှမ်းမှီအောင် အကုန်လုံး လိုက်မကူညီနိုင်တဲ့ အခါကျတော့ အဲဒီကစပြီးတော့ ကျမတို့ ကျန်းမာရေး အစုအဖွဲ့တခုတော့ တည်ဆောက်ဖို့ လိုအပ်တယ်ဆိုတဲ့ အပေါ်မှာ စပြီးတော့ ဒေသခံ ကရင်လူကြီးတွေ၊ ထိုင်းလူကြီးတွေ ကနေပြီးတော့ စီစဉ်ပေးတဲ့ အပေါ်မှာ ၈၈ တုန်းက ရောက်လာတဲ့ ကျောင်းသားတွေ၊ သူနာပြုဆရာမတွေ၊ ဆရာဝန်တွေက စပြီးတော့ တည်ထောင်ခဲ့တယ်ဆိုတော့ အဲဒါကို ကျောင်းသားဆေးခန်းလို့ ခေါ်တာပေါ့။
မေး ။ ။ ၈၈ အရေးအခင်း ကာလက ဆရာမကရော ဘယ်လို ပါလာပြီး ဒီကို ရောက်လာတာလဲ နည်းနည်းရှင်းပြပါလား။
ဖြေ ။ ။ ကျမက ၈၈ အရေးအခင်းဖြစ်တဲ့ အချိန် ကရင်ပြည်နယ်မှာပေါ့။ ၈၈ အရေးအခင်းဖြစ်တဲ့ အချိန်မှာ ကျောင်းပိတ်ကြတော့ မော်လမြိုင် တက္ကသိုလ်က ကျောင်းသားတွေ၊ ဘားအံက ကျောင်းသားတွေက ရွာပြန်လာကြတာကိုး၊ သူတို့နဲ့ ပေါင်းမိသွားတာပေါ့၊ စုမိသွားတဲ့ အခါကျ၊ အာဏာသိမ်းတဲ့အခါကျတော့ နယ်စပ်မှာလည်း ကျောင်းသားတွေ တော်တော်များများ ရောက်နေတယ်၊ ဒီဘက်မှာ ဆက်ပြီးတော့ အလုပ်လုပ်ဖို့ လမ်းကြောင်းတွေတော့ ရှိမှာပဲဆိုပြီးတော့ ကျမတို့ လာကြတယ်။ လာရင်းနဲ့ အဓိက ချက်ချင်းတွေ့ရတဲ့ ပြဿနာက စားဝတ်နေရေးနဲ့ ကျန်းမာရေးပြဿနာ ဖြစ်လာတာကိုး။ ဖြစ်လာတော့ ဒီက ကရင်လူကြီးတွေ၊ ထိုင်းလူကြီးတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေက ဒီကျောင်းသားတွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးကို ဝိုင်းကူရင်းနဲ့ ကျမတို့ လုပ်ဖြစ်သွားတာပေါ့။ ။